ရန်ကုန်  ၄   ဧပြီ

ပုဂံဒေသ၏ ရှုခင်းများ၊ စေတီပုထိုးများနှင့် ရှေးဟောင်းအမွေအနှစ်များကို စိတ်ဝင်စားဖွယ်ဖြစ်အောင် ရိုက်ကူးထားသည့် "နှလုံးသားထဲက ပုဂံ" အမည်ရှိ ဓာတ်ပုံပြပွဲကို ရန်ကုန်မြို့ရှိ Junction City တွင် ယနေ့နံနက်ပိုင်းမှ စတင်ကာ ဧပြီ ၆ ရက်အထိ သုံးရက်ကြာ ကျင်းပလျက်ရှိသည်။

ပြပွဲတွင် ဓာတ်ပုံပညာရှင်များရိုက်ကူးထားသော မြန်မာ့ရှေးဟောင်းမွေ အနှစ်ဖြစ်သည့် ပုဂံဒေသ၏ ရှုခင်းအလှအပများ၊ ရှေးဟောင်းစေတီပုထိုးများ၊ ရှေးဟောင်း မြန်မာ့ အနုပညာလက်ရာများ နှင့် နံရံဆေးရေးပန်းချီများအပါအဝင် ဓာတ်ပုံ ၁၂၀ ကို ခင်းကျင်းပြသထားသည်။

ထို့အပြင် နံရံဆေးရေးပန်းချီများကိုလည်း Light Box များဖြင့်ပြသခြင်း၊ ပုဂံဒေသ အမှတ်တရ ပစ္စည်းဆိုင်များ ဖွင့်လှစ်ရောင်းချခြင်းတို့အပြင် ပြပွဲရက်များတွင် ပုဂံနှင့်ပတ်သက်သည့် မှတ်သားစရာများနှင့် စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများကို နံနက် ၁၀ နာရီ တစ်ကြိမ်၊ မွန်းလွဲ ၂ နာရီတစ်ကြိမ် အနုပညာရှင်များက ဟောပြောမှုများပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့အမွေအနှစ် ပုဂံမှ ကမ္ဘာ့အမွေအနှစ် ပုဂံသို့ တက်လှမ်းရန်ကြိုးပမ်းအားထုတ်သော World Heritage Bagan 2019 ကိုကြိုဆိုသော အထိမ်းအမှတ်အနေဖြင့် အဆိုပါပြပွဲကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ Bagancom အဖွဲ့၏လမ်းညွှန်မှုဖြင့် ပုဂံဒေသကို ချစ်မြတ်နိုးသူများ ပူးပေါင်းကာ အဋ္ဌမအကြိမ်မြောက် ကျင်းပခြင်းဖြစ်သည်။

"နှလုံးသားထဲက ပုဂံ" ဓာတ်ပုံပြပွဲများကို ၂၀၁၈ ခုနှစ်မတ်လမှ စတင်ကျင်းပခဲ့ရာ ပုဂံမင်းနန်သူလေးမျက်နှာကျောင်းတိုက်စေတီတော်ဝင်းအတွင်း၌လည်းကောင်း၊ ရန်ကုန် အမျိုးသားပြတိုက်၌လည်းကောင်း၊ မန္တလေးမြို့တော်ခန်းမ၌ လည်းကောင်း၊ မုံရွာမြို့တော် ခန်းမ၌လည်းကောင်း၊ စင်ကာပူနိုင်ငံ စင်ကာပူ အမျိုးသားပန်းချီပြခန်း၌ လည်းကောင်း၊ ပဲခူးမြို့ ကမ္ဘောဇသာဒီနန်းတော်၌လည်းကောင်း၊ ပုသိမ်မြို့တော်ခန်းမ၌ လည်းကောင်းကျင်းပနိုင်ခဲ့ပြီး ယခုအဋ္ဌမအကြိမ်တွင် ရန်ကုန်မြို့၌ ထပ်မံကျင်းပခြင်းဖြစ်သည်။

သတင်း-ဇော်ကြီး၊ဓာတ်ပုံ-ဖေဇော်

 

mdn