နေပြည်တော် ၄ ဧပြီ
အပြည်ပြည်ဆိုင်ရာ မိုင်းအန္တရာယ် အသိပညာပေးရေးနှင့် မိုင်းလုပ်ငန်းဆိုင်ရာ အကူအညီပေးရေးနေ့ အခမ်းအနားကို နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးစိုးအောင်က ၂၀ဝ၅ ခုနှစ် ဒီဇင်ဘာ ၈ ရက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ဧပြီ ၄ ရက်ကို မိုင်းအန္တရာယ် အသိပညာပေးရေးနှင့် မိုင်းလုပ်ငန်းဆိုင်ရာ အကူအညီပေးရေးနေ့အဖြစ် သတ်မှတ်ခဲ့ပြီး ကမ္ဘာ့နိုင်ငံအသီးသီးတွင် အခမ်းအနားများ ကျင်းပလျက်ရှိကြောင်း၊ မြန်မာနိုင်ငံရှိ မြို့နယ် ၅၂ မြို့နယ်တွင် မြေမြုပ်မိုင်းနှင့် မပေါက်ကွဲသေးသော စစ်ကျန်လက်နက်ပစ္စည်းများ၏ အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း၊ မိုင်းကြောင့် အသက်ဆုံးရှုံးခြင်း၊ မသန်စွမ်းဖြစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခြင်း၊ လူမှုစီးပွားဘဝများ ထိခိုက်ခြင်းများကို ပြည်သူများကိုယ်တိုင် ရင်ဆိုင်ခံစားနေရကြောင်း။
လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ မိုင်းလုပ်ငန်းအတွက် ကဏ္ဍ(၅)ရပ်ဖြစ်သည့် မိုင်းအန္တရာယ် အသိပညာပေးခြင်း၊ မိုင်းရှင်းလင်းခြင်း၊ တိုက်တွန်းနိုးဆော်ပေးခြင်း၊ စုဆောင်းထားသော လက်နက်ပစ္စည်းများကို စုပုံဖျက်စီးခြင်းနှင့် ထိခိုက်ခံစားခဲ့ရသူများအား အကူအညီ အထောက်အပံ့ပေးခြင်းတို့ကို မိမိတို့ ဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ မိုင်းအန္တရာယ် အသိပညာပေးခြင်း ဆောင်ရွက်ရာတွင် နည်းပညာ အထောက်အပံ့မပါသော ကွင်းဆင်းလုပ်ငန်းဆောင်ရွက်မှု Non-Technical Survey (NTS) များကိုပါ တိုးချဲ့ဆောက်ရွက်လျက်ရှိကြောင်း။
မိုင်းကြောင့် ထိခိုက်ခံစားရသူများအား ကူညီထောက်ပံ့ခြင်းကဏ္ဍအနေဖြင့် တစ်ဦးလျှင် ထောက်ပံ့ကြေးငွေကျပ် ၂ သိန်းနှုန်းဖြင့် စုစုပေါင်း ၉၉၈ သိန်းတိတိကို မိမိတို့ ဝန်ကြီးဌာန၏ ရန်ပုံငွေဖြင့် လိုက်လံထောက်ပံ့ ပေးလျက်ရှိကြောင်း၊ မိုင်းအန္တရာယ် သတိပေး အမှတ်အသားများ ထားရှိခြင်းဖြင့် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မိုင်းကြောင့် ထိခိုက်ခံစားရသူများ လျော့နည်းသွားမည်ဖြစ်ပြီး အသက်မွေးဝမ်းကျောင်း လုပ်ငန်းများဖြစ်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို ပြန်လည်လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဒေသတွင်းနှင့် နိုင်ငံတကာမိုင်းလုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းဖြစ်သော ASEAN Regional Mine Action Center (ARMAC) အဖွဲ့၏ ပုံမှန်အစည်းအဝေးများ၊ Anti-personal Mine Ban Convention, Geneva GICHD Workshop တို့တွင် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ မိုင်းလုပ်ငန်းဆိုင်ရာ လုပ်ငန်းများမှ အကူညီပေး ဆောင်ရွက်နေကြသော ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများက ပူးပေါင်းဆောင်ရွက်ပေးကြရန်လိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Mr.KnutOstby နှင့် မြေမြုပ်မိုင်း တားမြစ်ဖျက်သိမ်းရေးဆိုင်ရာ နိုင်ငံတကာ ပဋိညာဉ်စာချုပ်အဖွဲ့ ဥက္ကဋ္ဌ နော်ဝေနိုင်ငံ သံအမတ်ကြီး H.E. Ms Tone Tinnes တို့က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားကြသည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက်ကြသူများသည် မိုင်းအန္တရာယ်ဆိုင်ရာ ခင်ကျင်းပြသထားမှုများကို လှည့်လည်ကြည့်ရှုကြသည်။
ထို့နောက် မိုင်းအန္တရာယ် အသိပညာပေးရေး လုပ်ငန်းအဖွဲ့၏ အောင်မြင်မှုများနှင့် စိန်ခေါ်မှုများ၊ မိုင်းအန္တရာယ် အသိပညာပေးရေးလုပ်ငန်းများ၊ မိုင်းကြောင့် ထိခိုက်ခံစားရသူများကို ကုသပေးခြင်းနှင့် အကူအညီ အထောက်အပံ့ပေးမှုများ၊ မိုင်းရှင်းလင်းရေး လုပ်ငန်းများ၊ မိုင်းအရေးလုပ်ငန်း အတွေ့အကြုံများနှင့် အမျိုးသား မိုင်းရှင်းလင်းရေး အာဏာပိုင်အဖွဲ့ အကြောင်းတို့ကို စကားဝိုင်းဆွေးနွေးပွဲအဖြစ် ဆွေးနွေးကြသည်။
(သတင်းစဉ်)


