မာန်သစ်ငြိမ်း(ရှေးဟောင်းသုတေသန)

 

တန်ခူးလသည် မြန်မာလများ၏ အဦး အစလဖြစ်သည်။ နွေရာသီတွင် ကျရောက် သဖြင့် ပူပြင်းခြောက်သွေ့သည်။ တန်ခူး ရေကုန် ကဆုန်ရေခန်းဆိုသည်နှင့်အညီ အင်း၊ အိုင်၊ ချောင်း၊ မြောင်းများ ရေခန်းခြောက်စ ပြုကြသည်။ တိုင်းရင်းသားလူမျိုးတို့သည် နွေရာသီကိုအန်တု၍ နှစ်သစ်ကူးပွဲတော်ကို ပျော်ရွှင်စွာ ခြိမ့်ခြိမ့်သဲသဲ ကျင်းပကြသည်။ တန်ခူးလကို မြန်မာမှုအရ မိဿရာသီခေါ်၍ ထိုလတွင် စန်းပြည့်နက္ခတ်မှာ စိတြနက္ခတ် ဖြစ်သည်။ ယှဉ်သောတာရာမှာ တံငါတာရာ ဖြစ်၍ ရာသီပွဲတော်ကား နှစ်သစ်ကူးသင်္ကြန် ပွဲတော်ဖြစ်သည်။ တန်ခူးလကို ပုဂံခေတ်တွင် တန်ခူဟူ၍ ရေးသားသည်။ အင်း၀ခေတ်သို့ ရောက်မှသာ တန်ခူးဟု ရေးသားသည်။ တန်ပုဒ်သည် ပါဠိဘာသာ တာလပုဒ်မှ ဆင်းသက်လာ၍ ထန်းအဓိပ္ပာယ်ဖြစ်သည်။ ခူးပုဒ်သည် ပန်းခူး ဟင်းရွက်ခူး၊ ဆွတ်ခူးစသည့် ဝေါဟာရတို့တွင် ပါဝင်နေရာ ဆွတ်ခြွေခြင်း အဓိပ္ပာယ်ဖြစ်သည်။ တန်ခူး(ထန်းခူး)လဆို သည်မှာ ထန်းသီးဆွတ်ခြွေသောလ အဓိပ္ပာယ်ဖြစ်သည်ဟု ဦးဖိုးလတ်၏ မြန်မာလ အမည်များကျမ်းတွင် အကျယ်တဝင့် ရှင်းလင်း ရေးသားထားသည်။

 

သင်္ကြန်သည် သင်္က္တဟူသော ပါဠိပုဒ်မှ လာသည့် သက္ကတရရစ်သံနှင့် သင်္ကြန်ဟူ သော မြန်မာစကား ဖြစ်ပေါ်လာခြင်းဖြစ်သည်။ သင်္က္တ၏အနက်မှာ ကူးပြောင်းခြင်း၊ တစ်နေရာမှတစ်နေရာသို့ ရောက်ရှိခြင်းဟူ၍ ဖြစ်သည်။ မြန်မာနိုင်ငံရှိ တိုင်းရင်းသားတို့၏ ကျင်းပမြဲဖြစ်သော ဆယ့်နှစ်လရာသီပွဲတော် များတွင် သင်္ကြန်ရေသဘင်ပွဲတော်သည် အလွန်ကြီးကျယ်စည်ကားသော အမျိုးသား ပွဲတော်တစ်ခုဖြစ်ပေသည်။ တိုင်းရင်းသား လူမျိုးတို့၏ နှစ်သစ်ကူးသင်္ကြန်ပွဲသည် ရှေးယခင်ကာလများတွင် မိဘဆရာသမား များနှင့် သက်ကြီးဝါကြီးများကို သနပ်ခါး နံ့သာရည်များ၊ သပြေခက်ကလေးများဖြင့် ကန်တော့ကြသည့် အလေ့အထရှိခဲ့ကြသည်။ ယခုအခါတွင်တော့ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့ နှင့်တစ်ဖွဲ့ အလွန်အကြူး အပြန်အလှန် ရေကစားမှုများ၊ အားကစားစိတ်ဓာတ် သဘောမျိုးဖြင့် အပြိုင်အဆိုင်စကားနိုင် သံချပ်များနှင့် ပျော်ရွှင်ပွဲသဖွယ် ဆင်နွှဲမှုများ ဖြစ်သည်။

 

ပုဂံခေတ် နရသီဟပတေ့မင်းလက်ထက် မိဖုရားစောလုံအား ရေပက်ကစားရာ ရွှဲရွှဲ စိုအောင် ရေပက်ဖျန်းကာ အကျီစားလွန် သဖြင့် စောလုံစိတ်ဆိုးသဖြင့် ဘုရင့်အပေါ် သေကြောင်းကြံသောကြောင့် နောက်ဆုံး စောလုံအသတ်ခံရသည်ဟူသော ဖြစ်ရပ်အရ သင်္ကြန်ရေကစားသည့် ဓလေ့သည် ပုဂံ ခေတ်ကပင်ရှိခဲ့ပြီဟု မှတ်ယူဖွယ်ရှိနိုင်ပေ သည်။ ထိုအတိတ်သမိုင်းဖြစ်ရပ်ကို ဆရာကြီး သခင်ကိုယ်တော်မှိုင်းက သင်္ကြန်ဘွဲ့လေးချိုး ရေးစပ်၍ အများပြည်သူတို့ အကျီစားသန်ပါက ရန်ဖြစ်တတ်ကြောင်းကို '‌ေဩာ်' ပြန်လှန်ဆ ပြန်တော့ သင်္ကြန်ကျချိန်ပေါ့၊ ယမန်သမယ ဆီက၊ ပုဂံသမ္မတ ရှင်ဘုရင်သား မြွာသပါပဲ၊ ဆောင်းမှနွေအလယ် ဘုန်းတောင်ရောင် ပြနေကျ၊ မောင်းမရွှေညီ မဟေသီသုံးထောင် ကျော်မျှရယ်နှင့် သည်လနွေရာသီမှာဖြင့် ဆွေသဟာမဒီတွေကို အချစ်စမ်းလိုတဲ့ အားရယ်နဲ့၊ ဧရာ၀တီမြစ်ကမ်း၊ တခိုသို့သွား ပါလို့၊ ရွှေနန်းအစဉ်အလာ ရေဖျန်းမင်္ဂလာ ကစားစဉ်က ချစ်အားတော်ဗလောင်ဆန်လို့ တဆောင်စံ'စောလုံ'ပက်စဉ်က သွက်သွက် လည် ကြမ္မာငင်ဖို့ ရက်စက်တယ်ခမျာထင်လို့မို့၊ အစာတွင် အဆိပ်သေမယ့်ဆေးရယ်နဲ့ မဟာ ဘုရင်ကို တိတ်တိတ်သေဟဲ့လို့ ကျွေးလေ တော့၊ ဖြစ်ရေးတော် ရာဇဝင်ကယ်နှင့် ကွပ်ညှပ်ပုံတစ်အာဏာကြောင့်၊ ခမျာမှာ ခန္ဓာတောင် ဆုံးရှာသတဲ့'ဟု ရေးစပ်ခဲ့ပါသည်။

 

မြန်မာနှစ်သစ်ကူး သင်္ကြန်ကျချိန်သည် ပူအိုက်သောလရာသီဖြစ်သဖြင့် ရေပက်ဖျန်း ခြင်းသည် အေးမြစေလို၍ ဖြစ်သည်။ တစ်ဖက် သားအား အရှက်တကွဲ အကျိုးနည်းစေလိုခြင်း၊ ကာယိန္ဒြေပျက်စေလိုခြင်း၊ နစ်နာစေလိုခြင်း စသည့် မည်းညစ်သောစိတ်ထား၊ ရည်ရွယ် ချက်များ အလျှင်းမပါရှိကြပေ။ ဖြူစင်သန့်ရှင်း သော စေတနာဖြင့် တစ်ဖက်သား ချမ်းမြေ့ ရွှင်လန်းစေရန် ရေပက်ဖျန်းခြင်းသာ ဖြစ်ပါ သည်။ နှစ်သစ်ကူး သင်္ကြန်ပွဲတော်သည် မြန်မာတို့၏ဖြူစင်သော စေတနာအလှ၊ မွန်မြတ်သန့်စင်သော သဒ္ဓါတရားအလှ၊ ဖော်ရွေပျူငှာသော မနောအလှတို့ကို ပြသ သော ယဉ်ကျေးမှုပွဲတော်လည်း ဖြစ်သည်။ တိုင်းရင်းသားလူမျိုးတို့၏ ရိုးရာနှစ်သစ်ကူး ရေသဘင်ပွဲတော်များတွင် ကျွန်တော်တို့ ရခိုင် လူမျိုးတို့၏ ရိုးရာနှစ်သစ်ကူးရေသဘင်ပွဲတော် သည်က မည်သည့်တိုင်း၊ ပြည်နယ်တို့တွင်မှ မရှိသော ရေကစားနည်းများဖြင့် အတာရေ သဘင်ကို အေးချမ်းစွာ ဆင်နွှဲခဲ့ကြပေသည်။

 

ရခိုင်လူမျိုးတို့တွင် ဆယ့်နှစ်လရာသီ ပွဲတော်များအနက် တန်ခူးလ(ဧပြီလ)တွင် ကျင်းပသော သင်္ကြန်ပွဲတော်သည် တစ်မူ ထူးခြားသည့် ရိုးရာနှစ်သစ်ကူးရေသဘင် ပွဲတော်ဖြစ်သည်။ ပွဲတော်ကျင်းပရေးအတွက် ရက်အနည်းငယ်ခန့်အလိုကပင် မြို့လုံးကျွတ် ရပ်ကွက်တိုင်း၌ မဏ္ဍပ်ကြီးငယ်များ ဆောက် လုပ်ကြရပါသည်။

 

ရှေးဦးစွာ သင်္ကြန်အကြိုနေ့ရောက် သည်နှင့် အမျိုးသား၊ အမျိုးသမီးများစုပေါင်း၍ ဘုရားရေသပ္ပာယ်ရန် နံ့သာဖြူ၊ နံ့သာနီများကို တပျော်တပါး သွေးကြလေ့ရှိသည်။ ယင်းနေ့ ကို 'နံ့သာသွီးနိ' (နံ့သာသွေးနေ့)ဟု ခေါ်တွင် ပြီး ကာလသားများက အိုးစည်ဗုံမောင်းတီး လျက် သံချပ်ထိုးကာ ညလုံးပေါက် ကခုန် မြူးထူးကြသည်။

 

'ဘုရားရီချိုးနိ'ဟုခေါ်သော သင်္ကြန်အကျ နေ့ နံနက်ပိုင်းတွင် လူကြီးလူငယ်များ စုရုံး စီတန်းလျက် ရခိုင်မင်္ဂလာစည်တော်တီးကာ ညတွင်သွေးထားသည့် အမွှေးနံ့သာရည်များ ကို ငွေဖလားကြီးများဖြင့် ထည့်ကာ ဘုန်းတော်ကြီးကျောင်းများသို့ လှည့်လည် သွားရောက်ကြပါသည်။ ထိုတွင် ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များအား ရေသပ္ပာယ်၍ အဆိုပါ အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပူဇော်ခြင်း၊ သိမ်၊ ကျောင်း၊ ခြံဝင်း၊ အဆောက်အအုံများအား သန့်ရှင်းခြင်းစသည့် ကောင်းမှုကုသိုလ်များ ပြုလုပ်ကြပါသည်။ ထို့ပြင် မိမိတို့အိမ်ရှိ ကိုးကွယ်ထားကြသော ဘုရားဆင်းတုတော် များအားလည်း ရေသပ္ပာယ်ပူဇော်ကြပြီး နောက်တစ်နေ့တွင်မှ သင်္ကြန်ရေကစားပွဲကို နှစ်ဆန်း()ရက်နေ့အထိ သုံးရက်တိုင်တိုင် ဆင်နွှဲကြပါသည်။

 

သင်္ကြန်ရက်များအတွင်းတွင် လူကြီးများ ဥပုသ်သီလဆောက်တည်ကြပြီး လူငယ် လူရွယ်များ ပျော်ရွှင်စွာ ရေကစားခွင့်ရကြ သည်။ ရေကစားကြရာတွင် အမျိုးသမီးငယ် လှပျိုဖြူများမှာ တူညီဝတ်စုံများ ဝတ်ဆင် ရေကစားမဏ္ဍပ်အတွင်းဘက်မှနေ၍ အပြန် အလှန် ရေကစားကြပါသည်။ မဏ္ဍပ်အတွင်း တွင် လောင်းလှေများဖြင့် ရေအပြည့်ဖြည့်ထား ပြီး အမျိုးသမီးငယ်များက ကာလသားများသို့ တစ်လှည့်စီ ရေကမ်းပေးရသည်။ တစ်စုံတစ် ရာ ပြဿနာမဖြစ်ပေါ်စေရန်အတွက် 'မဏ္ဍပ် ရှင်မ'ဟုခေါ်သော အမျိုးသမီးကြီးများက ထိန်းကွပ်ပေးထားကြခြင်းဖြင့် ယဉ်ကျေးစွာပျော်ရွှင်ကစားခွင့်ရသည့် ပွဲတော်အဖြစ် အမြဲတမ်းဂုဏ်ယူလျက်ရှိကြသည်။

 

ညချမ်းအချိန်အခါတွင်လည်း သင်္ကြန် အလှပြမဏ္ဍပ်စင်များတွင် ရပ်ကွက်တိုင်းမှ အမျိုးသမီး လှပျိုဖြူများ၏ သင်္ကြန်ယိမ်းအက ပြိုင်ပွဲများ၊ သံချပ်ထိုးပြိုင်ပွဲများ၊ ရခိုင် တေးသံရှင်များ၏ ကပြဖျော်ဖြေမှုများဖြင့် သင်္ကြန်ကာလ၏ အနှစ်သာရများကို တစ်ရက် ထက်တစ်ရက် မရိုးအောင် ကပြဖျော်ဖြေကြ သည်မှာလည်း သင်္ကြန်ကာလ၏ အနှစ်သာရ ပသာဒတစ်ခုပင်ဖြစ်ပေသည်။ ကျွန်တော်တို့ ရခိုင်လူငယ်လူရွယ်တို့သည် ပျော်စရာရှိလျှင် အလွန်ပင် ပွင့်လင်းစွာ ပျော်ရွှင်တတ်ကြ ပြီး အလှူအတန်းအတွက်ဆိုလျှင်လည်း အားတတ်သရော ပါဝင်လုပ်ဆောင်တတ်ကြ သည်။ ကျွန်တော်တို့ ဘိုးဘွားများလက်ထက် ကဆိုလျှင် နွားလှည်းဖြင့် သင်္ကြန်ရေကစားရာ တွင် လည်ပတ်ကြသည်။ ယခုအခါတွင် ခေတ် ကာလတိုးတက်လာသည်နှင့်အမျှ တူညီဝတ်စုံ များမှာယူဝတ်ဆင်ကြကာ မော်တော်ကား များဖြင့် အုပ်စုလိုက် ရေပက်ခံရေကစားထွက် ကြလေ့ရှိနေကြပေပြီဖြစ်သည်။ သင်္ကြန် ကာလသည် သုံးရက်တာကာလဖြစ်သည် နှင့်အညီ ရိုးရာယဉ်ကျေးမှုမပျက်အောင် မဏ္ဍပ်တွင် လူငယ်၊ လူရွယ်တို့ ရေအပြန်အလှန် ရေပက်ကြရသည်ကလည်း ရခိုင်ရိုးရာ အတာသင်္ကြန်ကို ဂုဏ်တင့်စေပါသည်။

 

နောက်ဆုံးနေ့(နှစ်ဆန်း ရက်)တွင် လူငယ်၊ လူရွယ်များ စုပေါင်းလျက် မြို့အနှံ့ လှည့်လည်၍ သက်ကြီးပူဇော်ပွဲများ ပြုလုပ်ကြ သည်။ ဘေးမဲ့လွှတ်ပွဲများလည်း ကျင်းပကြ သည်။ ထိုတွင် မင်္ဂလာစည်တော်၊ အိုးစည်၊ ဗုံမောင်းများနှင့် ရိုးရာကကွက်များကို ဖော်ထုတ်ကပြရင်း နှစ်ဟောင်း၏ အညစ် အကြေးများကင်းစင်၍ ပျော်ရွှင်ချမ်းမြေ့စွာ နှစ်သစ်ကို ဂုဏ်ပြုကြိုဆိုကြခြင်းဖြင့် အတာ ရေသဘင်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြီးစီးကြပေသည်။ ထိုသို့ ရခိုင်ရိုးရာ အတာသင်္ကြန်ကို အစဉ်အလာမပျက်နှစ်စဉ် နှစ်တိုင်းလည်း ရန်ကုန်မြို့ရှိ ရခိုင်လူမျိုးတို့ စုပေါင်းကျင်းပသော ရခိုင်ရိုးရာအတာသင်္ကြန် မဏ္ဍပ်တို့တွင်လည်း တွေ့ရှိနိုင်ကြပြီ ဖြစ်ပေ သည်။ ယခုမြန်မာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ် ရခိုင်လူမျိုးတို့၏ ရခိုင်ရိုးရာအတာသင်္ကြန် ပွဲတော်ကို အလုပ်တာဝန်ဖြင့် ပြည်ပရောက် နေခိုက် လွမ်းဆွတ်တမ်းတစွာဖြင့် ကြိုဆို ဂုဏ်ပြုရေးသားလိုက်ရပါတော့သည်။