အယ်လ်စိုင်း(ရှမ်းအညာမြေ)

 

စိမ်းလန်းစိုပြည်ဟိုက်ပါမြေ သို့မဟုတ် ဟိုက်ပါ ရေတံခွန်၏ အလှတရားက နွေ၊ မိုး၊ ဆောင်းရာသီမရွေး ရှမ်းတို့ဌာနေရှိ သဘာ၀တောင်တန်းများအကြား ရေတံခွန်စီးကျသံ၊ စိမ်းလန်းသောရေ၊ မြေ၊ သစ်ပင် သစ်တောများနှင့် ကျေးငှက်သာရကာမြည်သံ၊ ဥဩတွန်သံတို့ဖြင့် ထာ၀ရသာယာလှပလျက်ရှိပေသည်။

 

 

မကြာမီသင်္ကြန်ကာလသို့ ရောက်တော့မည်။ အားလပ်ရက် ခရီးသွားကြတော့မည်။ နိုင်ငံ့ဝန်ထမ်း များအချို့က အိမ်ပြန် အပန်းဖြေကြတော့မည်။ နေရပ်ဌာနီ မိဘ၊ ညီအစ်ကိုမောင်နှမ၊ မိသားစုဆွေမျိုး သားချင်းများနှင့် ပြန်လည်ဆုံတွေ့ကြတော့မည်။ ထို့အပြင် တချို့သောသူတို့က ကောင်းနိုးရာရာ၊ စိတ်ကူး ရှိရာ၊ ဆန္ဒရှိရာ၊ မိမိတို့သွားလိုသော မရောက်ဖူးသေးသော နေရာဒေသအသီးသီးသို့ အပန်းဖြေဒေသ္တရခရီးသွားကြရတော့မည်။

ထိုသို့သော အားလပ်ရက်အတွင်း ဒေသအလိုက် အထင်ကရအပန်းဖြေစခန်းများရှိရာ တစ်နေရာရာ သို့ သွားရောက်လည်ပတ်ခြင်းဖြင့် နွေသင်္ကြန်အား ဖြတ်သန်းသွားကြပေဦးတော့မည်။

 

သို့ဖြစ်၍ နိုင်ငံတစ်ဝန်း အပန်းဖြေစခန်းများအမြောက်အမြားရှိသည့်အနက် ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင် မိုင်းရှူးမြို့နယ် ဟိုက်ပါကျေးရွာအနီးရှိ "ဟိုင်းပါ"ရေတံခွန်သည် ယခုအခါ လာရောက်လည်ပတ် သူများ ပိုမိုများပြားစည်ကားလာပြီဖြစ်ကာ ရှမ်းပြည်နယ်၏ အထင်ကရသာယာလှပသည့် နေရာလေး တစ်နေရာအဖြစ် လူသိများလာပြီဖြစ်ကြောင်း ဟိုက်ပါကျေးရွာနေ ဒေသခံရှမ်းတိုင်းရင်းသားတို့က ပြောသည်။

 

"သင်္ကြန်ကာလလည်း နီးလာပြီဆိုတော့ ကျွန်မတို့ဈေးသည်တွေက ကြိုတင်ပြင်ဆင်ထားကြပြီလေ။ ဟိုက်ပါရေတံခွန် အပန်းဖြေစခန်းဖြစ်လာတာ လေးနှစ်လောက်ပဲရှိပါသေးတယ်။"ဟိုက်ပါ" ရှမ်းစကား အခေါ်ဖြစ်တယ်။ ကျွန်မတို့နေထိုင်တဲ့ ဟိုက်ပါရွာကိုကိုယ်စားပြုခေါ်ဆိုတာဖြစ်ပြီး ငါးပေါများတဲ့နေရာ၊ တစ်နည်းအားဖြင့် ငါးများစံပျော်ရာစိမ်းလန်းသာယာသောရေတံခွန်()ရေကန်နေရာလို့ မြန်မာလို အဓိပ္ပာယ် ရပါတယ်}}ဟု ဟိုက်ပါရွာသူရွာသားများက ပြောသည်။

 

ရေတံခွန်ဖြာကျဆင်းရာသည် ကျယ်ပြန့် လှသည်။ ကျောက်ဖျာသဖွယ် ရေတံခွန် အဆင့်ဆင့်စီးဆင်းနေသည့် သဘာ၀အလှက လာရောက် လည်ပတ်ကြသူတိုင်းအား ဆွဲဆောင်စေသည်။

 

ပုစွန်၊ ငါးများပေါသည့်"ဟိုက်ပါ"

 

ဆိုခဲ့သည့်အတိုင်း ဤရေတံခွန်ကျဆင်းရာ ရေကန်၌ ပုစွန်နှင့်ငါးမျိုးစုံ ပေါများသည်။ တံငါလှေဖြင့် နေ့စဉ် ငါး၊ ပုစွန် ရှာဖွေသူများကို လည်း တွေ့ရသည်။ ပုစွန်ကြော်၊ ငါးကြော် အမျိုးမျိုးကိုလည်း ရောင်းချလျက်ရှိကြသည်။ ၁၀ ကောင် ခန့်ပါသော ပုစွန်ကြော် တစ်ပွဲလျှင် ငွေကျပ် ကျပ် ၅၀၀၀၊ ငါးအမျိုးမျိုး၊ အကင်၊ အကြော်လေးကောင်၊ ငါးကောင်ခန့်ပါ တစ်ပွဲ လျှင် ငွေကျပ် ၃၀၀၀၊ ၄၀၀၀မှ ကျပ်၅၀၀၀ အထိ ရောင်းချကြသည်။

 

ငါးအကောင်ကြီး တစ်ကောင်လျှင် ငွေကျပ် ၅၀၀၀ မှ ၁၀၀၀၀ အထိရှိပြီး ခေါက်ဆွဲ၊ အသုပ်မျိုးစုံ၊ ထမင်းဟင်းများနှင့် သစ်သီးဖျော် ရည်မျိုးစုံ အရောင်းဆိုင်များဖြင့် ယခုအချိန် သမယ၌ အထူးစည်ကား သာယာလျက်ရှိ သည်ကို လေ့လာမြင်တွေ့ခဲ့ရသည်။

 

ပိုက်စိပ်တိုက်ခြင်းဖြင့် ငါး၊ ပုစွန်တို့ ရှာဖွေ ရရှိကြောင်း၊ အကြီး၊ အလတ်၊ အသေး အစား စား ငါးပုစွန်များ ဖမ်းယူရရှိကြပါကြောင်း ကိုယ်တိုင်ရှာ ကိုယ်တိုင်ငါးဖမ်းကြသူများ ထံမှ သိရသည်။ လွန်ခဲ့သည့် ရှေးနှစ်ပေါင်း များစွာကတည်းက တည်ရှိသော ရေတံခွန်ဖြစ် ကြောင်း၊ သို့သော် ထိုအချိန်က နေရာဒေသ အခြေအနေ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲ ခြင်းတို့ကြောင့် လူအများ မသိရှိနိုင်ခဲ့ကြ ကြောင်း သိရသည်။

 

ဆက်လက်၍ "အခုလိုအပန်းဖြေစခန်း တစ်ခုအနေနဲ့ လူတွေမလာရောက်နိုင်ခဲ့ကြ သေးဘူး။ လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်လောက်က စပြီးမှ လူသိများလာပြီး အလည်လာသူတွေ တဖြည်းဖြည်း တစ်နှစ်ထက်တစ်နှစ် ပိုမို များပြားလာပါတယ်။ အဲဒီတုန်းကတော့ လာရောက်လည်ပတ်သူတွေအတွက် ရိုးရိုး လေးပါပဲ။ ခဏတဖြုတ်လည်ပတ်၊ ရေဆော့ ကစားကြရုံလောက်ပဲရှိခဲ့ကြတယ်။ အဲဒီ နောက်ပိုင်းကနေ သုံးလေးနှစ်အတွင်း ပြည်တွင်းခရီးသွားများသာမက က္ဘာလှည့် ခရီးသွားများကပါ စိတ်ပါဝင်စားစွာ လာရောက်လေ့လာ အပန်းဖြေလာခဲ့ကြပါပြီ"ဟု ဈေးရောင်းချသူ ဟိုင်းပါရွာသူ ဒေါ်နန်းမွေ က ပြောသည်။

 

ထိုသို့ ဟိုက်ပါရေတံခွန်တည်ရှိရာသို့ ခရီးနှင်မည်ဆိုပါက ရေတံခွန်သည် နမ့်စန်-ခိုလမ်-မိုင်းနောင်-မိုင်းရှူးပြည်ထောင်စု လမ်းမ ကြီး၏ လက်ယာဘက် လမ်းခွဲမှအတွင်းဘက် ဟိုင်းပါ(ဟိုက်ပါ)ရွာနှင့် ခြောက်မိုင်ခွဲခန့် အကွာ လယ်ကွင်းအစပ်တောင်ခြေအနီးတွင် တည်ရှိသည်။

 

ဟိုင်းပါ()ဟိုက်ပါသို့ သွားသော်

 

ရပ်ဝေးခရီးသွားများအနေဖြင့် မိမိဒေသ မှ တောင်ကြီးခရီးစဉ် စတင်လာနိုင်ပြီး တောင်ကြီးမှ လွိုင်လင် ၅၈ မိုင်၊ လွိုင်လင်မှ နမ့်စန်၁၆မိုင်၊ နမ့်စန်မှ ခိုလမ် ၃၂ မိုင်၊ ခိုလမ်မှ မိုင်းနောင် ၄၆ မိုင်နှင့် မိုင်းနောင်မြို့မှ မိုင်းရှူး မြို့သို့ ၃၇ မိုင်ခရီးတို့အား ဖြတ်သန်းမောင်းနှင် လာရပါသည်။ လမ်းခွဲများလည်းရှိသည်။

မိုင်းနောင်-ဟိုက်ပါလမ်းခွဲ ၂၇မိုင်၊ မိုင်းရှူး-ဟိုက်ပါလမ်းခွဲ ၁၀မိုင်ရှိပြီး ဟိုက်ပါလမ်းခွဲမှ ရေတံခွန်အထိ ခြောက်မိုင်ကျော် ကွာဝေး ကြောင်း သိရသည်။

 

အပန်းဖြေလာရောက်သူတို့ ညအိပ် ညနေအစီအစဉ်ဖြင့် နှစ်ည၊ သုံးညအိပ် အနားယူ အပန်းဖြေကြသူများလည်း ရှိသည်။ ရေတံခွန်အထပ်ထပ်၊ တောင်ကျစမ်းရေများ နှင့် နွယ်မြက်သစ်ပင် အစုံအလင်တည်ရှိကာ အေးမြသည့် သဘာ၀လေကောင်းလေသန့် တို့ကို ရေတံခွန်ဧရိယာပတ်ဝန်းကျင်တစ်ခွင် လှည့်လည်ခံစားနိုင်သော နေရာတစ်ခုဖြစ် သည်။

 

ယင်းသို့ လှပသာယာသော ဟိုင်းပါ ရေတံခွန်သို့ ရောက်ရှိလာကြသူတိုင်းက "စိမ်းလန်းစိုပြည်ဟိုင်းပါမြေ" "စိုပြည်လှပ ဟိုင်းပါ အလှ"ဟု ခံစားသမုတ်ကြလေသည်။ ရှမ်းပြည်နယ်၏ အကြီးဆုံးနှင့် အကျယ်ပြန့်ဆုံး ရေတံခွန်ဟုလည်း ဆိုကြ၏။ သီတင်းကျွတ်၊ တန်ဆောင်မုန်း ပွင့်လင်းရာသီကာလမှစကာ ကဆုန်လပြည့်(ဗုဒ္ဓအခါတော်နေ့) ပွဲတော် ရက်အထိ ဤဟိုင်းပါရေတံခွန်စခန်း၌ လာ ရောက်လည်ပတ် အပန်းဖြေသူများနေ့စဉ် မပြတ် နေ့ညစည်ကားလျက်ရှိနေပြီဖြစ် ကြောင်း မြင်တွေ့ခဲ့ရပါသည်။

ညအိပ်ခရီးစဉ်ဖြင့် အပန်းဖြေသူများ အနေဖြင့် ရေတံခွန်ရေကို အဝချိုး၊ ရေကစား ခြင်း၊ အပျော်စီးလှေစီးခြင်း မှတ်တမ်းဓာတ်ပုံ ဗီဒီယိုများ အမှတ်တရရိုက်ကူးခြင်းစသည်ဖြင့် အနားယူအပမ်းဖြေကြသည်။

 

အပမ်းဖြေညအိပ်နေသူတို့အတွက်

 

စောင်၊ ခေါင်းအုံးနှင့် အခင်းအကျင်းပြည့်စုံ လုံလောက်သော အိပ်ရာများကို အခကြေး ငွေဖြင့် ငှားပေးသည်။ ခြင်ထောင်မလို(အလုံ အသင့်ချုပ်ပြီး)မိုးကာတဲများ ထားရှိပေးသည်။ တစ်ညလျှင် လူကြီးတစ်ဦးကျပ် ၅၀၀၀၊ တစ်ဦးချင်း၊ မိသားစုအလိုက် အိပ်ရာများဖြစ်ပြီး ကလေး သူငယ်များပါရှိလျှင် အခကြေးငွေမယူသည့် အိပ်ဆောင်တန်းလျား တည်ဆောက်ထား သည်။

 

(အိပ်ခန်းဆောင် သီးသန့်မဟုတ်)အသင့် သုံး မိုးကာဖျဉ်တဲများဖြစ်သည်။ ဈေးဆိုင်ခန်း ပေါင်း တစ်ရာကျော် နှစ်ရာနီးပါးခန့်ရှိကြောင်း လေ့လာတွေ့ရှိရပါသည်။ ယင်းဈေးဆိုင်ခန်း များ တည်ဆောက်ရောင်းချရန် မြေနေရာ အကွက်အား ဟိုက်ပါရွာဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ တာဝန်ရှိသူတို့က ကျေးရွာတွင်းလမ်း ကျေးရွာမှ ရေတံခွန်သွားလမ်း တည် ဆောက်ရေးရန်ပုံငွေအဖြစ် အသုံးပြုရန် ယခု ကဲ့သို့ အပန်းဖြေစခန်း ဈေးဆိုင်ခန်းများကို ခွင့်ပြုတည်ဆောက်စေခဲ့ခြင်း ဖြစ်ကြောင်း ဈေးသည် ဒေါ်နန်းမွေ(ဟိုက်ပါရွာသူ)၏ပြောပြချက်အရ သိရသည်။

 

ဆိုင်ခန်းတစ်ခန်းလျှင်ကျပ် နှစ်သောင်းခွဲ၊ သုံး သောင်းမှ အများဆုံးကျပ် ငါးသောင်းရှိပြီး ဆိုင်ခန်း မြေနေရာအကျယ်အဝန်း သတ်မှတ်ချက် အလိုက်ဝယ်ယူကာ မိမိတို့ကိုယ်တိုင် အကုန် အကျခံ ဆောက်လုပ်ရောင်းချခွင့်ပြုထားပါ ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ ပါသည်။

 

လှေ

 

အပျော်စီးစက်လှေဆိပ်

 

"ဟေးငင်း..ဟေးခမ်း..ဟေးဆိုင်.. ဝမ်ဟိုင်းပါ"ဟု ရေးသားထားသော ဆိုင်းဘုတ်။ မြန်မာဘာသာအားဖြင့် ဟိုက်ပါရွာရေတံခွန်မှ ရွှေလှေ၊ ငွေလှေ၊ ကျောက်လှေ လှေဆိပ်ဟု အဓိပ္ပာယ်ရသည့် အပျော်စီးလှေ လှေဆိပ် ရှိပြီး စက်လှေများ အတန်းလိုက်အစီအရီ အသက်ကယ်(ရေမြှုပ်ဖော့ပါ) အင်္ကျီများ ငှားရမ်းပေး၏။ ရေတံခွန်ကန်အတွင်း အပျော် လှည့်လည် လည်ပတ်ခြင်းနှင့် ရေတံခွန်အဖျား ပိုင်းကို အနီးကပ်သွားရောက် ကြည့်ရှုလေ့လာ နိုင်သည်။ အပျော်စီးလှေ လူတစ်ဦးလျှင်ကျပ် ငွေကျပ် ၁၀၀၀ ပေးရသည်။ အော်ဒါဈေးကျပ် တစ်သောင်း၊ တစ်သောင်းခွဲအထိ ခရီးသည် အနည်းအများပေါ်မူတည်၍ စက်လှေသမား များအား အခကြေးငွေပေးကြရသည်။ စိတ်ကြိုက် စက်လှေငှားစီးနိုင်သည်။

စာရေးသူက"စက်လှေတွေကို ဘယ်မှာ မှာယူပါသလဲခင်ဗျ"ဟု အနည်းငယ် စပ်စု ကြည့်လိုက်မိသည်။

"အင်းလေးဒေသက ကျွမ်းကျင်သူ လှေလုပ်ပညာရှင်တွေကို လက်ခပေးစနစ်နဲ့ ဟိုက်ပါရွာထဲမှာပဲ တည်ဆောက်ရပါတယ်"ဟု လှေပိုင်ရှင်တစ်ဦးက ဖြေကြားသည်။ "သစ်သားတွေကိုတော့ တောထဲကရှာဖွေ ယူလာရတယ်၊ ကိုယ်တိုင်သွားခုတ်တာ များပါတယ်။ စက်လှေတစ်စင်း အပြီးအစီး ကုန်ကျစရိတ်မှာ အနည်းဆုံးကျပ်ရှစ်သိန်း ကိုးသိန်းကနေ အများဆုံးကျပ် ဆယ်သိန်းအထက် ရှိပါတယ်"ဟု စက်လှေပိုင်ရှင် အချို့က ပြော သည်။ မည်သို့ပင်ဆိုစေကာမူ တိုးတက် ပြောင်းလဲလာသော ယနေ့ အိုင်တီခေတ် စနစ်နှင့်အညီ ဆယ်စုနှစ် ကာလတစ်ခုအတွင်း လူတိုင်းလူတိုင်း ခရီးသွားခြင်းဖြင့် လူပင်ပန်း၊ စိတ်ပင်ပန်းနွမ်းလျလျက်ရှိသော ဘ၀အမော တွေကို အပန်းဖြေကြသည့် ခေတ်သို့ ရောက်ရှိလာခဲ့ပြီဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင် မြန်မာတို့၏ ဘာသာရေး နေ့ထူးနေ့မြတ် အခါကြီးရက်ကြီးကာလများနှင့် ခရစ္စမတ် ချိန်ခါ၊ နှစ်သစ်ကူးပွဲတော်ကာလတို့တွင် သာမက အစိုးရရုံးပိတ်ရက် အားလပ်ရက်များ တွင်လည်း အနယ်နယ်အရပ်ရပ်ရှိ အထင်ကရ အပန်းဖြေစခန်းများသို့ ခရီးသွားခြင်းက ယခင် ခေတ်ကာလများထက် ပိုမိုထင်ဟပ်ပေါ်လွင် လာခဲ့ပြီ ဖြစ်ပေသည်။ ထို့ကြောင့် မကြာမီ ရောက်ရှိလာတော့မည့် အတာကူးသည့် လတန်ခူးသင်္ကြန်ကာလ အားလပ်ရက်မှာ တစ်ခေါက်တစ်ခါလှမ်းလာခဲ့ပါ "ဟိုက်ပါရွာ"ဟိုက်ပါရေတံခွန် အပန်းဖြေစခန်းသို့ဟု ရေးသားတင်ပြလိုက်ရပါသည်။