(သီသီမင်း/ဓါတ်ပုံ-မိုင်ခ)

ရခိုင်ပြည်နယ် သံတွဲမြို့၏ ကျက်သရေ ဆောင်ဖြစ်သော 'ဆံတော်၊ နံတော်၊ အံတော်' ဟူသော စေတီတော် သုံးဆူအား နောင်အခါ တည်ထားကိုးကွယ်ကြလိမ့်မည်ဟု မြတ်စွာ ဘုရားရှင် ရပ်တန့်တော်မူပြီး ဗျာဒိတ်တော်ပေး တော်မူခဲ့သည့် တောင်ပေါ်တွင် တည်ထား သည့် ရှေးဟောင်းသမိုင်းဝင် ဗျာဒိတ်တော်ရှင် ဥဒ္ဒိဿစေတီတော်သည် ရခိုင်ပြည်နယ် သံတွဲမြို့ တလင်းဆိတ်ကျေးရွာ ဒန့်ဒေးတောင် ပေါ် တွင် ကြည်ညိုသပ္ပာယ်စွာ တည်ရှိသည်။

 

"ရခိုင်မှာ အဓိက အထွတ်အမြတ်နေရာ ဖြစ်တဲ့ မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်က ရပ်တော်မူခဲ့တဲ့တောင်ကို ရောက်တဲ့ လူအင်မတန်နည်းပါးတယ်။ သိတဲ့လူလည်း အင်မတန်နည်းပါးလှပါတယ်။ ဘုရားဖူး အများစုက ဗျာဒိတ်တော်ရဖြစ်တဲ့ အံတော်၊ နံတော်၊ ဆံတော် ဒီသုံးဆူပဲ သွားရောက် ဖူးမြော်ကြတယ်။ အနယ်နယ် အရပ်ရပ်ကလာ တဲ့ ခရီးသွားတွေက ငပလီကမ်းခြေကိုရောက် တဲ့အခါ နယ်ခံတွေကလည်း ဘုရားသုံးဆူကိုပဲ လိုက်ပို့ကြတာများတော့ ဒီကိုလာတဲ့သူ မရှိသလောက်ဘဲ" ဟု တလင်းဆိပ်ကျေးရွာ တန့်တော်မူစေတီတော်ဝင်း ဘုန်းတော်ကြီး ကျောင်းမှ ဆရာတော် ဦးဝိစိတ္တက မိန့်ကြား သည်။

 

အဆိုပါ သမိုင်းဝင် ဗျာဒိတ်ပေး တန့်တော်မူစေတီဖြစ်ပေါ်လာပုံမှာ ဂေါတမ မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ် ဓည၀တီပြည့်ရှင် စန္ဒသူရိယမင်းကြီး၏ လျှောက်ထားတောင်းပန်မှုကြောင့် "မဟာမုနိ" ရုပ်ရှင်တော်မြတ်ကြီးကို ကိုယ်စားထားရစ် တော်မူပြီးနောက် ဒွါရာ၀တီ သံတွဲမြို့သို့ မဟာ သက္ကရာဇ် ၁၂၃ ခုနှစ် ဝါတော် ၂၀ တွင် နောက်ပါ ရဟန္တာ ၅၀၀ ခြံရံလျက် ကြွချီ တော်မူစဉ် ဗာသုတတောင် (ယခု တန့်တော် မူတောင်)ပေါ်တွင် ရပ်တန့်တော်မူလျက် ထိုတောင်ပေါ်မှကြည့်လျှင် မြင်တွေ့ရသည့် တောင်သုံးလုံးသို့ လက်ညှိုးòန်ကာ "ဆံ တော်၊ နံတော်၊ အံတော်"ဟူသော စေတီတော် သုံးဆူအား ထိုနေရာတွင် နောင်အခါ တည်ထားကိုးကွယ်ကြလိမ့်မည်ဟု ဗျာဒိတ် ပေးတော်မူခဲ့သည်။ ဗုဒ္ဓဘုရားရှင် ရပ်တန့် တော်မူသည်ကိုအစွဲပြု၍ "ဗာသုတတောင်"မှာ ယခုအခါ တန့်တော်မူတောင် (ဒန့်ဒေး တောင်)ဟု ခေါ်တွင်ခဲ့သည်။

 

စန္ဒသူရိယမင်းမှ ၁၆ ဆက်မြောက် "သူရိယစိတြမင်း" လက်ထက်၌ ဓနုဥ္စကိန်း အရ သက္ကရာဇ် ၆၀၉ ခုကို အကြွင်းထား၍ ဖြို၏။ အိန္ဒိယ၌လည်း "သက္ကတမင်း"သည် --- ကိန်းအရ ဖြိုလေ၏။ ထိုသို့ သက္ကရာဇ် ဖြိုပြီးနောက် ကောဇာသက္ကရာဇ် ၁၄၄ ခုနှစ်သို့ ရောက်သောအခါ "ဓည၀တီ" မြို့တော်၌ "သူရိယကေသီ"မင်းကြီးနှင့် မိဖုရား ပဥ္စ ကလျာဏီတို့ စိုးစံနေချိန်ဖြစ်၏။ ဒွါရာ၀တီ သံတွဲမြို့တွင် "မင်းညိုခင်"အုပ်ချုပ်လျက်ရှိ သည်။

မင်းညိုခင်သည် ထိုသက္ကရာဇ် ၁၄၄ ခုနှစ်၌ မြတ်ဗုဒ္ဓရပ်တန့် ဗျာဒိတ်ပေးတော်မူရာ ဗာသုတတောင်(ယခုဒန့်ဒေးတောင်)ပေါ်တွင် စေတီတစ်ဆူ တည်ထားကိုးကွယ်ခဲ့ပြီး နောင် တွင် ခေတ်အဆက်ဆက်၌ မင်းအဆက် ဆက်က စေတီတော်အား ပြန်လည်မွမ်းမံ တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ဘုရားသမိုင်း မှတ်တမ်းအရ သိရသည်။

" မြတ်စွာဘုရားရှင် ဗာသုတတောင်မှာ သီတင်းသုံး ရပ်တန့်တော်မူတယ်ဆိုတဲ့ အကြောင်း သံတွဲဘုရင် သိန္ဒ၀မင်း ကြားတဲ့ အခါ နန်းတွင်းသား နန်းတွင်းသူ၊ မှူးမတ်တွေနဲ့ တကွ လာရောက်ဖူးမြော်ပူဇော်တဲ့အခါ မြတ်စွာဘုရားရှင်က ဒီတောင်ပေါ်မှာ တရား ဟောကြားခဲ့တယ်လို့ သမိုင်းမှတ်တမ်းအရ သိရတယ်"ဟု ဆရာတော် ဦးဝိစိတ္တ က ဆက်လက်မိန့်ကြားသည်။

 

အဆိုပါ တန့်တော်မူတောင်တွင် မြတ်စွာ ဘုရားရှင် ဗျာဒိတ်ပေးရန် ရပ်တော်မူခဲ့သည့် နေရာတွင် တည်ထားသည့် ရှေးခေတ်လက်ရာ ရုပ်ပွားတော်ကိုလည်း ကြည်ညိုစွာ ဖူးတွေ့နိုင် မည်ဖြစ်ပြီး ရှေးဟောင်းလက်ရာ ခေါင်းလောင်း နှင့် ကျောက်စာများကိုပါ လေ့လာနိုင်မည်ဖြစ် သည်။

 

တလင်းဆိတ်ကျေးရွာသား ဦးစိုးလွင်က "ခရီးသွားတွေက ဒီကနေ သုံး မိုင်လောက်ဝေး တဲ့ အစိုးရဆင်စခန်းကို ဒီရွာက စက်လှေတွေပဲ ငှားပြီးသွားကြတာ။ ဒါပေမယ့် ဒီတန့်တော်မူ ဘုရားကိုတော့ မဝင်ကြဘူး။ အရင်က လမ်း မကောင်းတာလည်းပါမယ်။ ဘုရားပွဲလည်း မကျင်းပဖြစ်တာကြာပြီ။ တန့်တော်မူဘုရားကို ဘုရားဖူးတွေ စည်ကားလာစေချင်တယ်။ အလှူရှင်တွေလည်း လာစေချင်တယ်။ အခုက တစ်ဦးတည်း အလှူရှင်ပဲရှိတယ်"ဟု ပြောသည်။

 

ထိုတန့်တော်မူ ဗျာဒိတ်ပေးစေတီရှိရာ တောင်ပေါ်မှ လှမ်းမျှော်ကြည့်လျှင် မြတ်စွာ ဘုရားဗျာဒိတ်ပေးခဲ့သည့် တောင်များဖြစ်သည့် ဇာမဏီငှက်မင်းဘ၀အဖြစ် ကျင်လည်ခဲ့သည့် တောင်တွင် မြတ်စွာဘုရား၏ဆံတော်ကို ထည့်သွင်းဌာပနာတည်ထားသည့် ဆံတော် စေတီ၊ ခါမင်းဘ၀အဖြစ် ကျင်လည်ခဲ့သည့် တောင်တွင် မြတ်စွာဘုရား၏ နံရိုးတော်ကို ထည့်သွင်းဌာပနာတည်ထားသည့် နံတော် စေတီ၊ မြွေမင်းဘ၀အဖြစ် ကျင်လည်ခဲ့သည့် တောင်ပေါ်တွင် မြတ်စွာဘုရား၏ အံတော်ကို ထည့်သွင်းဌာပနာတည်ထားသည့် အံတော် စေတီတို့ကို ကြည်နူးစွာ ဖူးမြင်ရမည်ဖြစ်သည့် အပြင် သဘာ၀တောတောင် အလှအပများ ကိုပါ ကြည့်ရှုခံစားနိုင်မည်ဖြစ်သည်။