mdn

မာန်သစ်ငြိမ်း (ရှေးဟောင်းသုတေသန)

 

မြန်မာနိုင်ငံတွင် တန်ဖိုးမဖြတ်နိုင်သော ရှေးဟောင်းသမိုင်းအမွေအနှစ်များကို ယခင်အခါက တွေ့ရှိခဲ့ပြီး ထိန်းသိမ်းစောင့်ရှောက်ထားပေသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်အတွင်းရှိ ကင်းတားဆည်၏ အနောက်တောင်ဘက်တွင် သမိုင်းမတင်မီခေတ် ကျောက်ခေတ်လူသားများ ရေးဆွဲခဲ့သည့် ကျောက်ခေတ် နံရံပန်းချီလက်ရာများကို စတင်တွေ့ရှိခဲ့ကြောင်း မြစ်သားမြို့နယ် မိုင်းမောကျေးရွာအုပ်စု တောတွင်းရွာနေ ဦးဝင်းဗိုလ်၏ သတင်းပို့ချက်အရ ၂၀၁၆ ခုနှစ် မေလ ၂၇ ရက်က သက်ဆိုင်ရာတာဝန်ရှိသူများက ထိုကျောက်ခေတ်ပန်းချီတွေ့ရှိသည့်နေရာသို့ ကွင်းဆင်းလေ့လာမှု ပြုလုပ်ခဲ့ကြသည်။

 

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (နေပြည်တော်)မှ ညွှန်ကြားရေးမှူးချုပ်၏ ဖိတ်ကြားမှုအရ Dr Noel Hidalgo Tan ( Senior Specialist in Archaeology , SEAMEO Regional Centre for Archaeology and Fine Arts SEAMEO SPAFA) သည် စာရေးသူတို့အဖွဲ့နှင့်အတူ ဇွန်လ ၁၄ ရက်နေ့ တွင် ကွင်းဆင်းလေ့လာမှု ပြုလုပ်ခဲ့ကြသည်။ ကမ်းပါးနီ ကျောက်ခေတ် နံရံပန်းချီနေရာဟု ဌာနအနေဖြင့် ခေါ်ဆိုရသည်မှာ ထိုနေရာအနီးတွင် ကမ်းပါးနီကျေးရွာ တည်ရှိခြင်းကြောင့် ဖြစ်ပေသည်။ ထိုအမည်ကို ဒေသခံများက သိရှိကြသည်မှာ မြခနောက်ဖြစ်ပေသည်။ ကျောက်တုံးကြီးခုနစ်တုံးမှာ ဖိုခနောက်ဆိုင် ပုံစံဖြစ်နေသောကြောင့် မြခနောက်ဟု ခေါ်ဆို ကြခြင်း ဖြစ်သည်။

 

ကမ်းပါးနီ ကျောက်ခေတ်နံရံပန်းချီနေရာသည် ၂၁ ဒီဂရီ ၄ မိနစ် ၂၇ ဒသမ ၉ စက္ကန့် N ၊ ၉၆ ဒီဂရီ ၁၆ မိနစ် ၁၂ ဒသမ ၂၃ စက္ကန့် န တွင် တည်ရှိပါသည်။ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင် ရွာငံမြို့နယ်အတွင်းရှိ ကင်းတားဆည်၏ အနောက်တောင်ဘက်တွင် တည်ရှိသောကြောင့် ကင်းတား ဆည်ရေပြင်ကိုဖြတ်၍ ရွာဆိုး ပြင်ရွာသို့ စက်လှေဖြင့် သွားရောက်ပြီး ပဲထွေးတောင်နား ရေစပ်တွင် စက်လှေ ဆိုက်ကပ်လျက် ကမ်းပါးနီ ကျောက်ခေတ်နံရံပန်းချီနေရာသို့ ခြေကျင်ခရီး သုံးနာရီခန့် သွားရောက်ရသည်။ ကမ်းပါးနီ ကျောက်ခေတ် နံရံပန်းချီတည်ရှိရာ နေရာသည် မန္တလေးတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်တောင်ပိုင်းနယ်စပ် တောင်ကြီးခရိုင် အနောက်ပိုင်း ပဲထွေးတောင်ခြေပိုင်း သဲကျောက်မိုးအကာအရံ ကျောက်တုံးအစုအဝေး၌ တည်ရှိပါသည်။

 

mdn

 

ထိုကျောက်တုံးကြီး ခုနစ်တုံး၏အလယ် တောင်ဘက်ပိုင်းရှိ ကြီးမားသောကျောက်တုံးနှစ်တုံးတွင် ရှေးခေတ် နံရံပန်းချီပုံ တို့ကို တွေ့ရှိခြင်းဖြစ်သည်။ အလျား ပေ ၈၀၊ အနံ ပေ ၄၀ ခန့်ရှိ အမိုးသဖွယ်ဖြစ်နေသော အကြီးဆုံးကျောက်တုံးကြီး၏ မျက်နှာ ကြက်ကဲ့သို့သောနေရာတွင် တိရစ္ဆာန်ပုံများ၊ လက်ဝါးပုံများ စသည့် ပန်းချီများကို သဘာဝဆေးရောင်များဖြင့် ရေးခြယ်ထား ကြောင်း သိရှိရသည်။

 

စာရေးသူအဖွဲ့နှင့် Dr Noel Hidalgo Tan တို့ ကွင်းဆင်းလေ့လာတွေ့ရှိမှုအရ အရှေ့တောင်ဘက် အမြင့် ၂၂ ပေအရွယ်ရှိ ကျောက်တုံးကြီး၏ ကြီးမားသော မျက်နှာပြင် အနောက်ဘက်တွင် အလျား ၁၄ ပေ၊ အမြင့် ၉ ပေအရွယ်ရှိသော ဆင်ရုပ်ပုံကြီးနှင့် အခြားရုပ်ပုံများကို မှေးမှိန်စွာ တွေ့ရှိခဲ့ ရသည်။ အလားတူ မှိုပုံသ္ဌာန် သဲကျောက်မိုးအကာအရံ ကျောက်တုံးကြီး၏ မျက်နှာကြက်တွင်လည်း သမင်ပုံ၊ လက်နက် ပုံဟုထင်ရသော ပန်းချီအချို့ကို တွေ့ရှိရပါသည်။ အချို့ပုံများမှာ ရေစီးကြောင်းများ၊ ဖုန်မှုန့်များ၊ ကျပ်ခိုးများကြောင့် ပေါ်လွင် ထင်ရှားမှု အားနည်းနေကြောင်း တွေ့ရှိရသည်။ ထိုသို့ဖြစ်ရ ခြင်းမှာလည်း ထိုနေရာသို့ နှောင်းပိုင်းလူများက ၁၉၇၃ ခုနှစ် ဝန်းကျင်ခန့်က မိမိတို့ရောက်ရှိကြောင်းကို ထုံး၊ မြေဖြူ၊ ဆေး၊ မီးသွေးတို့ဖြင့် ကျောက်နံရံပေါ်တွင် ရေးထိုးထားခြင်းကြောင့် မူလရုပ်ပုံများ မှေးမှိန်ကွယ်ပျောက်သွားခြင်း ဖြစ်ပါသည်။

 

ကမ်းပါးနီကျောက်ခေတ်နံရံပန်းချီနေရာကို ကွင်းဆင်း လေ့လာမှုပြုလုပ်ရာတွင် တောင်မှမြောက် အစဉ်အတိုင်း ကျောက်ခေတ်နံရံပန်းချီပုံနေရာ သုံးခုကို တွေ့ရှိရသည်။ မှိုပုံ သ္ဌာန်သဲကျောက်မိုးအကာအရံ ကျောက်တုံးကြီး၏ မျက်နှာကြက်တွင် လွန်ခဲ့သော ၁၀ နှစ်ခန့်အချိန် ဦးဝင်းဗိုလ်ရောက်ရှိ ခဲ့စဉ်က ငှက်လေးများ ပျံသန်းနေပုံနှင့် တောင်တန်းပေါ်တွင် နေလုံးထွက်နေပုံတို့ကို တွေ့ရှိခဲ့ရကြောင်း ပြောကြားမှုအရ သိရှိရပြီး ယခုအခါတွင်တော့ ကျပ်ခိုးများဖြင့် ပြည့်နေသည်။ ရေးဆွဲထားသော တိရ္ဆာန်ရုပ်များမှာ တစ်ကြောင်းမျဉ်း ရေးဆွဲချက်များသာ ဖြစ်သည့်အတွက် Dr Noel Hidalgo Tan က မလေးရှားနိုင်ငံ Gua Tambun in Ipoh ရှိ ကျောက်ခေတ်နံရံပန်းချီ တိရစ္ဆာန်ပုံများ ရေးဆွဲထားသည့် သသ္ဌာန်နှင့်တူညီကြောင်း ပြောပြခဲ့သည်။ ထိုရေးဆွဲထားသော ရုပ်ပုံများသည် ကြက်သွေးနီရောင် ဖြစ်နိုင်သော်လည်း ယခုအခါတွင် ခေတ်အဆက်ဆက် လူတို့၏နေထိုင်ပြုမူမှုကြောင့် မိုးခိုးရောင်ကျပ်ခိုးများ ဖုံးလွှမ်းလျက်ရှိသဖြင့် ကျောက်ခေတ် နံရံပန်းချီရုပ်ပုံများကို သဲကွဲစွာ မတွေ့မြင်ရတော့ပေ။ အချို့ပုံနှင့် စာများသည် ထိုနေရာသို့ လာရောက်ကြသော ဒေသခံပြည်သူ လူထုများ၏ နံရံပေါ်တွင် ရေးခြစ်ခြင်းကြောင့်ဖြစ်သည်။ သို့သော်လည်း ထိုအထောက်အထားများအရ ကျောက်ခေတ် နံရံပန်းချီရှိခဲ့မှုသည် ၁၉၇၀ မှ ၁၉၉၀ ပြည့်နှစ်များကတည်းကပင် ဒေသခံရွာသားများ သိရှိခဲ့ကြ သည်မှာ ကျိန်းသေနေပေပြီ ဖြစ်သည်။

 

အရှေ့တောင်ဘက် အမြင့် ၂၂ ပေအရွယ်ရှိ ကျောက်တုံး ကြီး၏ ကြီးမားသော မျက်နှာပြင်အနောက်ဘက်တွင် အလျား ၁၄ ပေ၊ အမြင့် ၉ ပေအရွယ်ရှိသော ဆင်ရုပ်ပုံကြီးနှင့် အခြား ရုပ်ပုံများကို ခေတ်မီ ဓာတ်ပုံပညာလေ့လာသော SOFT WARE  ဖြင့် လေ့လာကြည့်သောအခါ ဆင်ရုပ်ကြီးမှာ မျဉ်းနှစ် ကြောင်းထပ် ရေးဆွဲထားသည့်အပြင် ထိုဆင်ရုပ်ကြီးတွင် ရှေ့လက် နောက်ခြေပါဝင်ကြောင်း တွေ့ရှိရသည့်အပြင် လူနှစ်ဦး၏ ခြေထောက်အနီးတွင် ကလေးငယ်တစ်ဦး၏ လက်ဝါးပုံကိုလည်းကောင်း၊ ဆင်၏ ဦးခေါင်းဘက်တွင် လူနှစ်ဦးကို အဝတ်အထည်များ ဝတ်ဆင်ပြီးလည်းကောင်း၊ ဆင်၏ ဝမ်းဗိုက်ပိုင်း နှစ်ကြောင်း မျဉ်းအပြင်ဘက်တွင် လူကြီး လက်ငါးချောင်းရာ လက်ဝါးကိုလည်းကောင်း၊ လက်ခြောက် ချောင်းပါသော လက်ဝါးပုံကိုလည်းကောင်း ခေတ်ကာလ တစ်ချိန်တည်း ရေးဆွဲထားကြောင်း လေ့လာ တွေ့ရှိရသည်။ ထို့ပြင် ဆင်၏လည်ပင်းဝန်းကျင်တွင် ချည်နှောင်ထားသော ကြိုးကို လူကကိုင်ဆွဲထား ခြင်းဖြစ်နိုင်သောကြောင့် ဆင်မွေးမြူမှု ရှိနေနိုင်ပြီဖြစ်ကြောင်း မှန်းဆရပါသည်။ ထိုသို့သော ဆင်မွေးမြူနိုင်မှု ရှိပြီဖြစ်လျှင် အရှေ့တောင်အာရှ သက်တမ်း တွက်ချက်မှုအရ ကြေးခေတ်ကာလဖြစ်သော c. 1,500 BCE ကို ရေးရေးမျှမြင်တွေ့နေရပြီဖြစ်ပေသည်။ ကျောက်တုံးကြီး၏ ဘယ်ဘက်အပေါ်ပိုင်း ပဲ့နေသောနေရာမှ ကျောက်သား မျက်နှာပြင်ကို အောက်ခြေကြမ်းခင်းတွင် ပျက်စီးနေသော အပိုင်းအစတို့ကို တွေ့ရှိရသည်။ ထိုပျက်စီးနေသော ကျောက်သားမျက်နှာပြင်အပိုင်းတွင် လူပုံ၏ မျက်နှာများ ပါရှိနိုင်သည်။ ထိုနေရာကို တူးဖော်မှုလုပ်ပါက ဂရုပြုရန်လိုကြောင်းကို လည်း သတိပေးပြောကြားခဲ့သည်။ အကယ်၍ ဤပြိုကျ ပျက်စီးနေ သော အပိုင်းသည် ရှေးဟောင်းသုတေသနဆိုင်ရာ အမွေအနှစ်ပစ္စည်းများ နှီးနွှယ်ဆက်သွယ်မှုကို òန်ပြနိုင် ပေသည်။

 

mdn

 

ထိုကျောက်တုံးကြီးများ တည်ရှိသောနေရာ၏ မြောက်ဘက်အဆုံးပိုင်း အငယ်ဆုံးကျောက်မိုးကမ်းပါးရံ၏ မျက်နှာ ကြက်တွင် လူနှစ်ဦး၊ သုံးဦးရုပ်ပုံနှင့် ဆင်တူသောပုံကို အနီရောင် ဖြင့် ရေးဆွဲထားသည်။

 

ကမ်းပါးနီကျောက်နံရံပန်းချီရှိသောနေရာနှင့် ပြဒါးလင်း ကျောက်ခေတ်နံရံပန်းချီရှိသောနေရာသည် ခုနစ်မိုင်ခန့် ကွာဝေးပြီး ယခုအခါတွင်တော့ ကင်းတားဆည်မှ ရေပြင်ကို ဖြတ်၍ သွားရောက်မှသာ သွားရောက်နိုင်သော် လည်း သမိုင်း မတင်မီခေတ်ကာလမှ ကျောက်ခေတ်လူသားများသည် တစ်နေရာမှ တစ်နေရာသို့ အမဲလိုက် အစာရှာရင်း ရောက်ရှိနိုင်ခဲ့ကြသည်။ ပြဒါးလင်းကျောက်ခေတ်နံရံပန်းချီရှိသော နေရာသည် ကျောက်ခေတ် လူသားများ အစဉ်အဆက်နေထိုင်ခဲ့သော နေရာဖြစ်နိုင်သော်လည်း ယခု ကမ်းပါးနီကျောက်နံရံပန်းချီ ရှိသောနေရာတွင်ကား ကျောက်ခေတ်လူသားများ အစဉ်တစိုက်နေထိုင်ခဲ့ကြောင်း ပြောဆိုရန် အလွန် ပင်စောနေသေးသည်။ အသေးစိတ်လေ့လာတူးဖော်မှုများ ဆောင်ရွက်မှသာလျှင် ပြီးပြည့်စုံစွာ ပြောဆိုနိုင် ပေလိမ့်မည်။ ထိုနေရာဝန်းကျင်မှလည်း ကွင်းဆင်းလေ့လာမှုပြုခဲ့သည့်အချိန်က ကျောက်ခေတ် သစ်လက်နက်ဖြစ်သော ကျောက်ကွင်း၊ ကျောက်သွေးလက်နက် စသည်တို့ကို အနည်းငယ်သာ တွေ့ရှိ ခဲ့ရသည်။

 

ထိုကမ်းပါးနီကျောက်နံရံပန်းချီရှိသော နေရာသည် မြန်မာနိုင်ငံတွင် အကျော်ကြားဆုံးဖြစ်သော ပြဒါးလင်းဂူပြီးလျှင် အထင်ရှားဆုံးနေရာတစ်ခု ဖြစ်နေသည်။ ထိုနေရာ နှစ်ခုစလုံး တွင် ကျောက်နံရံပန်းချီများကို တွေ့ရှိရသော်လည်း ပြဒါးလင်း ဂူမှ ရုပ်ပုံများမှာ လူသူအရောက်အပေါက်နည်း၍ ထင်ရှားသေး သော်လည်း ကမ်းပါးနီရှိ ရုပ်ပုံများမှာ ရာသီဥတုနှင့် လူတို့၏ စည်းကမ်းမဲ့ပြုမူခြင်းကြောင့် အနည်းငယ် မှုန်ဝါးနေပြီဖြစ်ပေ သည်။ ထိုနေရာများသို့ သွားရောက်လည်ပတ်ကြသော နိုင်ငံသူ နိုင်ငံသားများအားလုံးသည် မိမိတို့သုံးစွဲသော အမှိုက်များကို စည်းစနစ်တကျစွန့်ပစ်ရန်၊ ဆေးလိပ်သောက်သုံးမှု မပြုရန်နှင့် ချက်ပြုတ် စားသောက် ခြင်းကိစ္စများကို မပြုလုပ်ရန်၊ ကျောက် သားနံရံများတွင် ထပ်မံရေးခြစ်ခြင်းများ၊ လက်ဖြင့်ကိုင်တွယ် ခြင်းများ မပြုလုပ်ရန် လိုအပ်ပါသည်။ ထိုအချက်များမှ ဆေးလိပ်ငွေ့နှင့် ချက်ပြုတ်စားသောက်ရာမှ ထွက်လာသော မီးခိုးများသည် ထိုရုပ်ပုံများကို ပိုမိုထိခိုက်ပျက်စီးနေနိုင်သော ကြောင့် သတိပြုဆင်ခြင်သင့်ပေသည်။ ထိုသို့ စည်းကမ်း လိုက်နာမှုသည် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရာရောက်သည့် အတွက် အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် စောင့်ထိန်းနိုင်ကြပါစေရန် ရေးသား ဖော်ပြလိုက်ရပါသည်။ ။