သတင်းဆောင်းပါး - အောင်ဝင်းငြိမ်း (ကန့်ဘလူ)
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန ချပ်သင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောရှိ အင်တိုင်းတောဂေဟစနစ်အတွင်း ကျရောက်ရှင်သန် ကျက်စား လျက်ရှိသော ဌာနေမျိုးစိတ်များ၊ ဆောင်းခိုငှက်များ၊ ရာသီအလိုက် ပြောင်းရွှေ့ကျက်စားတတ်သော ငှက်မျိုးစိတ်များ၏ ပေါများလာမှု၊ ရှားပါးလာမှုများကို လအလိုက်၊ နှစ်အလိုက် သိရှိနှိုင်းယှဉ် သုံးသပ်နိုင်ရန် အတွက် ငှက်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ဘဏ္ဍာနှစ်အလိုက် စီမံချက်ရေးဆွဲဆောင်ရွက်လျက်ရှိရာ ချပ်သင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော ဝန်ထမ်းများက ယခုနှစ် မတ်လအတွင်း ငှက်စာရင်းကောက်ယူခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဘေးမဲ့တောအတွင်း ကွင်းဆင်းငှက်စာရင်းကောက်ယူရာတွင် လုပ်ငန်းဆောင်ရွက်သည့် ဧရိယာနှင့် ဆောင်ရွက်သည့် နည်းစနစ်သည် အင်တိုင်းတောနိမ့်၊ ဘေးမဲ့တောဆက်စပ် ဧရိယာရှိ သီးနှံစိုက်ခင်း၊ ရွက်ပြတ် ရောနှောတော၊ ရေလွှမ်း အင်တိုင်း၊ အင်တိုင်းတောမြင့်၊ ကျေးအင်းရေတိမ်ဒေသ၊ လိုင်း-၅ တောင်၊ လိုင်း-၅ မြောက် စသည့်တောအမျိုးအစားအလိုက် ဧရိယာခွဲခြားသတ်မှတ်၍ ဘေးမဲ့တောဝန်ထမ်းများက ကွင်းဆင်း ကောက်ယူခဲ့ခြင်း ဖြစ်သည်။
တောအမျိုးအစားတစ်ခုစီတွင် မီတာ ၂၀ဝ ခြား အမှတ် အသား ၁၀ ခု သတ်မှတ်၍ အမှတ်တစ်ခုစီ၌ ၁၀ မိနစ်ကြာ ငှက်စောင့်ကြည့်လေ့လာခြင်း၊ ကျေးအင်းရေတိမ်ဒေသတွင် အမှတ် ၅ ခုမှတ်၍ အမှတ်တစ်ခုစီတွင် မိနစ် ၃၀ ကြာ ငှက်စောင့် ကြည့်လေ့လာခြင်းများ ပြုလုပ်ပြီး ငှက်စာရင်းကောက်ယူခြင်း၊ စံနမူနာလိုင်း ၅ တစ်လျှောက်တွင် ငှက်စာရင်းကောက်ယူခြင်း တို့ကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကွင်းဆင်းခရီးစဉ်တွင် ချပ်သင်းရှေ့တန်းစခန်းမှ စမ်း မြောင်စခန်း၊ ကင်းစမ်းစခန်း၊ တံခွန်တိုင်စခန်းများသို့ မော်တော် ဆိုင်ကယ်တို့ဖြင့် သွားလာပြီး ကွင်းဆင်းစာရင်းကောက်ယူခြင်းကို ခြေကျင်၊ ကျေးအင်း ရေတိမ် ဒေသအတွင်းတွင် ကွင်းဆင်းလေ့လာခြင်းကို စက်လှေအသုံးပြုပြီး ကုန်းမြေပေါ်သည့်နေရာ၌ ခြေကျင်လျှောက် ဆောင်ရွက်ခဲ့ကြောင်း ငှက်စာရင်းကောက်ယူရေးအဖွဲ့မှ တောခေါင်း ဦးလှဝင်းကျော် က ပြောသည်။
ချပ်သင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအတွင်း ငှက် စာရင်းကောက်ယူခြင်း ဆောင်ရွက်ခဲ့ရာ သစ်တောငှက်၊ နဖား ကြူး၊ ကြကတော၊ ပိန်ညှင်းရင်ဖြူ၊ ဖိုးခေါင်၊ ငှက်ဆနွင်းဝါ၊ ကျေးတမာ စသည့် ငှက် ၇၄ မျိုး၊ ရေငှက်၊ ခရုစုတ်၊ သောင်းတင်၊ ကျွဲကျောင်းဗျိုင်း၊ ရေညှောင့် စသည့် ငှက် ၁၄ မျိုး စုစုပေါင်း ၈၈ မျိုး တွေ့ရှိခဲ့ကြောင်း သိရသည်။ မျိုးစိတ် ၈၈ မျိုးတွင် ကောင်ရေ ၁၁၉၈ ကောင်တွေ့ရခြင်းကြောင့် ချပ်သင်းတော ရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် ငှက်မျိုးစိတ် အသင့်အတင့် နေထိုင်ကျက်စားခြင်း၊ အင်းအတွင်း စက်လှေ၊ လောင်းလှေ များဖြင့် ဝင်ရောက်ငါးဖမ်းသူ အသင့်အတင့်ရှိခြင်း၊ လူဝင် လူထွက်များပြားခြင်း၊ မုရင်းစပါး စိုက်ပျိုးခြင်း၊ ရေစက်များဖြင့် ရေတင်ခြင်းတို့ကြောင့် ရေငှက်များကျရောက်မှု နည်းပါးရခြင်း ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဘေးမဲ့တောအတွင်း အိမ်သုံးထင်းလှည်းအချို့ ၊ သမင်ကြီးများနှင့် သမင်ငယ်အချို့ ၊ ငါးဖမ်းပိုက်ဖြုတ် သူအချို့၊ ခုတ်လှဲထားသောသစ်ပင်အချို့ ၊ လင်းပက်ထိုးငါးဖမ်းသူအချို့နှင့် ကျွဲ၊ နွားများ လွှတ်ကြောင်း နေမှုအချို့ တွေ့ရှိရပြီး မှန်နီသီး၊ မှန်ညိုသီး၊ ချဉ်ဗျစ်သီး၊ တည်သီး၊ လွန်ဘိုသီး၊ သစ်စေးသီး၊ ဒီဒူးသီး၊ ယင်းမာသီး၊ လျှော်အသီး၊ သစ်လင်းတသီး၊ ထိန်သီး၊ ဥသျှစ်သီး၊ ဝံအူသီး၊ အင်ကြင်းပွင့်၊ နဘဲသီး၊ ပေါက်သီး၊ ခပေါင်းသီး စသည့် အသီးအပွင့်များ သီးပွင့်နေသည်ကိုလည်း တွေ့ရှိခဲ့ ရကြောင်းနှင့် သစ်တောငှက်မျိုး စိတ်များ တွေ့ရှိရသော်လည်း မှန်ဘီလူးများဝေဝါး၍ ပြတ်သားမှုမရှိခြင်းကြောင့် မျိုးစိတ် ခွဲခြားရာတွင် အခက်အခဲများ ကြုံတွေ့ခဲ့ရကြောင်း ဘေးမဲ့ တောအုပ်ချုပ်ရေးမှူး ဦးမင်း ဆွေက ပြောသည်။
ငှက်စာရင်း ကောက်ယူခြင်းကြောင့် သုတေသနလုပ် ငန်းများနှင့် ပညာပေးလုပ်ငန်းများတွင် အထောက် အကူပြုခြင်း၊ လူတို့၏ ပယောဂကြောင့် ငှက်အပါအဝင် ဇီဝမျိုးစုံမျိုးကွဲ များနှင့် မှီခိုတောများ ပျက်စီးပြုန်းတီးမှု အခြေအနေများ မှတ်တမ်းတင်နိုင်ခြင်း၊ ကာကွယ်ထိန်းသိမ်းမှုလုပ်ငန်း စီမံချက်ရေးဆွဲရာတွင် အထောက် အကူပြုခြင်း၊ ဝန်ထမ်းများ၏ အတွေ့အကြုံနှင့် စွမ်းဆောင်ရည်မြင့်မားတိုးတက်ခြင်း စသည့် အကျိုးရလဒ်များ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
ချပ်သင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအတွင်း ငှက်စာရင်းကောက်ယူခြင်းကို ယမန်နှစ်ကာလတူ နှိုင်းယှဉ်ပါ က ၂၀၁၈ ခုနှစ် မတ်လတွင် ငှက်အမျိုးအစား ၇၇ မျိုး၊ ငှက်ကောင် ရေ ၈၂၀၊ ၂၀၁၉ ခုနှစ် မတ်လတွင် ငှက်အမျိုးအစား ၈၈ မျိုး၊ ငှက်အကောင်ရေ ၁၁၉၈ ကောင်ရှိပြီး ငှက်အမျိုးအစားနှင့် ငှက်အကောင်ရေ အနည်းငယ်တိုးလာခဲ့ကြောင်း ငှက်စာရင်း ကောက်ယူခြင်း မှတ်တမ်းများအရ သိရသည်။
အဆိုပါ ငှက်စာရင်းကောက်ယူခြင်း ကာလတူ နှိုင်းယှဉ် ချက်အရ ယခုနှစ် မတ်လတွင် ငှက်မျိုးစိတ် ၁၁ မျိုး တိုးတက် လာသည်ကို တွေ့ရပြီး ငှက် အကောင်ရေ ၃၇၈ ကောင် တိုးလာသည်ကို တွေ့ရသည်။ ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ မတ်လများတွင် ငှက်မျိုးစိတ် နှင့် ငှက်ကောင်ရေစာရင်းအရ ၂၀၁၅ ခုနှစ်တွင် ငှက်မျိုးစိတ် ၆၈ မျိုး၊ ငှက်ကောင်ရေ ၅၉၇ ကောင်၊ ၂၀၁၆ ခုနှစ်တွင် ငှက်မျိုးစိတ် ၆၇ မျိုး၊ ငှက် ကောင်ရေ ၆၉၂ ကောင်၊ ၂၀၁၇ ခုနှစ်တွင် ငှက်မျိုးစိတ် ၆၉ မျိုး၊ ငှက်ကောင်ရေ ၆၁၅ ကောင်၊ ၂၀၁၈ ခုနှစ်တွင် ငှက်မျိုးစိတ် ၇၇ မျိုး၊ ငှက်ကောင်ရေ ၈၂၀၊ ၂၀၁၉ ခုနှစ်တွင် ငှက်မျိုးစိတ် ၈၈ မျိုး၊ ငှက်ကောင်ရေ ၁၁၉၈ ကောင်ရှိ ကြောင်း ငှက်ကောင်ရေနှိုင်းယှဉ်ချက် စာရင်းဇယားအရ သိရသည်။
ဘေးမဲ့တောထိန်းသိမ်းရေး အုပ်ချုပ်လုပ်ကိုင်မှုစီမံချက် ရေးဆွဲအကောင်အထည်ဖော်ရာတွင် ဇီဝမျိုးစုံမျိုးကွဲများ နှစ်အလိုက် လေ့လာစမ်းစစ်ချက်မှတ်တမ်းများမှာ များစွာအထောက်အကူပြုပြီး ဘေးမဲ့တောဝန်ထမ်းများ၏ အတွေ့ အကြုံနှင့် လုပ်ငန်းစွမ်းဆောင်ရည်များ တိုးတက်မြင့်မားလာ စေနိုင်ရန်နှင့် မဟာသိပ္ပံ ကျောင်းသား ကျောင်းသူများ သုတေသနကျမ်းများ ပြုစုနိုင်ရန် စသည်ဖြင့် ဌာန၏လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပိုမိုထိရောက် လာနိုင်မည်ဖြစ်ကြောင်း သိရသည်။ ငှက်စာရင်းကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းကို ဌာန၏ ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ရန် လျာထားချက်များ ထည့်သွင်းရေးဆွဲပြီး ကျွမ်းကျင်ဝန်ထမ်းများနှင့် မျိုးဆက်သစ် ဝန်ထမ်းများကို တွဲဖက်တာဝန်ပေး ဆောင်ရွက်သွားစေမည် ဖြစ်ကြောင်း သိရသည်။
ထိုသို့ ငှက်စာရင်းကောက်ယူခြင်း လုပ်ငန်းများကို ငှက်များ၏ တောအမျိုးအစားအလိုက် ရွေးချယ် ကျက်စားမှုအခြေ အနေများအား သိရှိနိုင်ရန်၊ ရာသီအလိုက် ပြောင်းရွှေ့ကျက်စား တတ်သော ငှက်မျိုးစိတ် များစာရင်းကို သိရှိမှတ်တမ်းတင်နိုင်ရန်၊ သုတေသနလုပ်ငန်းများနှင့် ပညာပေးလုပ်ငန်းများတွင် အထောက် အကူပြုစေရန်၊ လူတို့၏ ပယောဂကြောင့် ငှက်အပါ အဝင် ဇီဝမျိုးစုံမျိုးကွဲများ၏ မှီခိုတောများ ပျက်စီးပြုန်းတီးမှု အခြေအနေများ မှတ်တမ်းတင်နိုင်ပြီး ကာကွယ်ထိန်းသိမ်းမှု လုပ်ငန်းစီမံချက်ရေးဆွဲရာတွင် အထောက် အကူပြုစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဘေးမဲ့တောအုပ်ချုပ်ရေးမှူး ဦးမင်းဆွေက ပြောသည်။