ဘရာဇီးလီးယား ၈ ဧပြီ
ဘရာဇီးနိုင်ငံမြောက်ပိုင်း ပါရာပြည်နယ်အတွင်းရှိတံတားတစ်စင်းအား သင်္ဘောတစ်စီးက ဝင်တိုက်မိခဲ့ရာ အဆိုပါတံတားကျိုးကျခဲ့ပြီး အနည်းဆုံးလူငါးဦး ပျောက်ဆုံးလျက်ရှိကြောင်း အင်န်အိတ်ချ်ကေ သတင်း တစ်ရပ်အရ သိရသည်။
ပြောင်းဖူးနှင့်ပဲများတင်ဆောင်လာသော သင်္ဘောတစ်စင်းသည် အဆိုပါတံတား၏ ဒေါက်တိုင်တစ်တိုင်အား ဝင်တိုက်မိခဲ့ရာ တံတားကျိုးကျခဲ့ပြီး တံတားပေါ် ဖြတ်သန်းသွားလာနေသော ယာဉ်နှစ်စီးမြစ်အတွင်းသို့ ထိုးကျသွားခဲ့သည်။
အဆိုပါ တံတားကျိုးကျမှုကြောင့် ယာဉ်ပေါ် လိုက်ပါစီးနင်းခဲ့သော လူငါးဦးအနည်းဆုံး ပျောက်ဆုံး လျက်ရှိကြောင်း ဒေသန္တရမီဒီယာက ဆိုသည်။
အဆိုပါတံတားသည် ဘရာဇီးနိုင်ငံ၏ ပြောင်းဖူးများထွက်ရှိရာဒေသများနှင့် ဘီလမ်မြို့ကို ဆက်စပ်ပေးထားသော တံတားတစ်စင်းဖြစ်ပြီး အမေဇုန်မြစ်လက်တက်တစ်ခုကို ဖြတ်သန်းထားကြောင်း သိရသည်။
တံတားကျိုးကျမှုကြောင့် ဒေသန္တရအစိုးရအဖွဲ့က အရေးပေါ်အခြေအနေ ကြေညာထားသည်။ မြစ်အတွင်း ကျဆင်းသွားသော ယာဉ်များအား ဝမ်းပြားရေယာဉ်များ အသုံးပြုကာ ပြန်လည်ဆယ်ယူသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ဆိုသည်။
အဆိုပါတံတား၏ ဒေါက်တိုင် သည်သံချေးတက်နေပြီဖြစ်ကြောင်း ဇန်နဝါရီလအတွင်းက ဆောက်လုပ်ရေးကျွမ်းကျင်ပညာရှင်များက အကြံပြု ပြောကြားခဲ့သော်လည်း အာဏာပိုင်များက မည်သည့်ပြန်လည်ပြုပြင်မွမ်းမံမှုမျိုးကိုမျှ လုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း သိရသည်။
ခုဖြစ်ပွားခဲ့သော မတော်တဆမှုသည် ဘရာဇီး နိုင်ငံအတွင်းရှိ အခြေခံအဆောက်အအုံအများအပြား သက်တမ်းရင့်ရော်နေပြီဖြစ်သည်ကို မီးမောင်းထိုးပြသ လိုက်ခြင်းပင်ဖြစ်သည်ဟု ကျွမ်းကျင်ပညာရှင်များက ဆိုသည်။
အင်န်အိတ်ချ်ကေ