၈ ဧပြီ
မြေပေါ်မြေအောက် သဘာဝသယံဇာတပစ္စည်းများနှင့်ပတ်သက်၍ လူတို့သည် ရေနံကို “ရွှေမည်း” ဟူ၍လည်းကောင်း၊ ရော်ဘာ(ကြက်ပေါင်စေး)ပင်ကို “ရွှေဖြူ” ဟူ၍လည်းကောင်း တင်စားခေါ်ဝေါ်ခဲ့ကြသည်။ ယခုအခါ သဘာဝပတ်ဝန်းကျင်နှင့် လူတို့အား အကျိုးပြုနေသော ဝါးပင်ကို “ရွှေစိမ်း”(Green Gold)ဟူ၍ ခေါ်ဝေါ်လာ ကြသည်။ ဝါးပင်သည် ကြီးထွားနှုန်းမြန်ဆန်သော အပင်မျိုးဖြစ်ပြီး ပညာရှင်တို့၏ လေ့လာမှုအရ တစ်ရက်လျှင် တစ်မီတာနှုန်း ကြီးထွား၍ ၁၀ နှစ်အတွင်း အကျိုးအမြတ်ပေးနိုင်စွမ်းသည့် အပင်လည်းဖြစ်သည်။
ဝါးပင်များ သဘာဝအလျောက် ပေါက်ရောက်ခြင်း
ဝါးပင်များသည် အာဖရိက၊ အမေရိက၊ အာရှနှင့် ပစိဖိတ်ဒေသများ၌ တည်ရှိသော အပူပိုင်းဇုန် ၊ သမပိုင်းဇုန်နှင့် အအေးသမပိုင်းဇုန်များတွင် သဘာဝအလျောက် ပေါက်ရောက်လျက်ရှိသည်။ ဝါးပင်အများစုမှာ သမပိုင်းဇုန်ဒေသနှင့် အပူပိုင်းဇုန် ဒေသများ၌ ပေါက်ရောက်နေသည်သာမက ဂျပန်နိုင်ငံနှင့် တရုတ်နိုင်ငံရှိ သမပိုင်းဇုန်များ၊ ဟိမဝန္တာတောင်တန်းနှင့် အင်ဒီး(စ်)တောင်တန်း(Andes)တို့တွင်လည်း အနည်းငယ်စီ ပေါက်ရောက်လျက်ရှိသည်။
သုတေသနပညာရှင်တို့၏ လေ့လာမှုများအရ ကမ္ဘာပေါ်၌ ဝါးတောဧရိယာ အများဆုံးတည်ရှိသည့်နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ပြီး ဧရိယာဟက်တာ လေးသန်းရှိကြောင်း သိရသည်။ ဒုတိယ ဝါးတောဧရိယာအများဆုံးမှာ အိန္ဒိယနိုင်ငံဖြစ်ပြီး ဧရိယာ ဟက်တာ ၂၉၈၀ဝဝဝ နှင့် တတိယ ဝါးတောဧရိယာအများဆုံးမှာ မြန်မာနိုင်ငံဖြစ်၍ ဧရိယာ ဟက်တာ ၂၁၇၀ဝဝဝ ရှိကြောင်း သိရသည်။ ဝါးပင်များသည် မြောက်လတ္တီတွဒ် ၄၆ ဒီဂရီနှင့် တောင်လတ္တီတွဒ် ၄၇ ဒီဂရီအတွင်း ပေါက်ရောက်လေ့ရှိပြီး အမြင့်အားဖြင့် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၃၀ဝ နှင့် ၂၆၀ဝ အတွင်း ပေါက်ရောက်ကြသည်။
မြန်မာနိုင်ငံ၌ မြစ်ဝကျွန်းပေါ်ဒေသ၊ အညာဒေသနှင့် တောင်ပေါ်ဒေသများပါမကျန် ဝါးပင်များ ပေါက်ကြောင်း တွေ့ရှိရသည်။
ဝါးအမျိုးအစားများနှင့် အသုံးဝင်ပုံများ
ဝါးသည် မြက်အကြီးစားတစ်မျိုးဖြစ်သည်။ ဝါးအမျိုးပေါင်းများစွာရှိသည့်အနက် ထင်ရှားသော ဝါးအမျိုးအစားအချို့မှာ ဝါးပိုးမျက်ဆန်ကျယ်၊ မျှင်ဝါး၊ ဝါးပိုး၊ ဝါးယား၊ တလကူ သို့မဟုတ် ဝါးနက်၊ ဝါးဖြူ၊ မျှင်ဝါးဖြူ၊ ဝါးနု သို့မဟုတ် ဝါးပျဉ်း၊ သိုက်ဝါး၊ ကြသောင်းဝါး၊ ကြခတ်ဝါး၊ သိုက်ဝါးကြီး၊ ထီးဝါးနှင့် ထီးရိုးဝါး စသည်တို့ဖြစ်သည်။
ထိုဝါးများအနက် ဝါးပိုးမျက်ဆန်ကျယ်မှာ ဝါးကြီးမျိုးဖြစ်ပြီး တောတောင်ထူထပ် သောဒေသများ၌ တွေ့ရသည်။ မျှစ်ကို စားသုံးနိုင်ပြီး ဝါးဖတ်ကိုမူ ဆေးပေါ့လိပ်ဖက် နှင့် ခမောက် ပြုလုပ်ကြသည်။ ဝါးပိုးမျက်ဆန်ကျယ်မှာ အသားပါး၍ ခိုင်ခံ့မှုမရှိသော်လည်းတောင်း၊ ဖျာရက်ရာတွင်လည်းကောင်း၊ အိမ်ဆောက်ရာတွင်လည်းကောင်း လူသုံးများသည်။
မျှင်ဝါးသည် အသားထူ၍ အခေါင်းသေးပြီး အရင်း၌ ပင်လုံးသည် လုံးပတ် ခုနစ်လက်မမှ ရှစ်လက်မအထိ ကြီးသည်။ မြန်မာနိုင်ငံ၌ မျှင်ဝါးကို နေရာအနှံ့အပြား ပေါက်ရောက်နေသည်ကို တွေ့ရသည်။ အိမ်ဆောက်ခြင်း၊ ကုလားထိုင်၊ စားပွဲ၊ ဖျာ၊ တောင်း၊ ပလုံး၊ လက်ကိုင်တုတ်၊ နှီး စသည်တို့အတွက် သုံးသည်။ အထူးသဖြင့် မျှင်ဝါးသည် မာသဖြင့် ပုဆိန်ရိုး၊ ဓားရိုး၊ လှံရိုး၊ ဆောက်ရိုး၊ ဝါးချွန်နှင့် လှေရွက်တိုင်တို့ အတွက် သုံးလေ့ရှိသည်။ မျှစ်ကို စားသုံးနိုင်ပြီး အစားအစာ ပြတ်လပ်ခေါင်းပါးသော အခါ၌ မျှင်ဝါး၏အသီးကို ဆန်အစား ချက်စားနိုင်သည်။
ဝါးပိုးဝါးသည် တောထဲတွင် ပေါက်ရောက်သော်လည်း ရှားပါးသည်။ အိမ်ခြံဝင်းနှင့် ဥယျာဉ်ထဲတွင် စိုက်လေ့ရှိသည်။ မြန်မာနိုင်ငံတွင် ဧရာဝတီမြစ်ရိုးတစ်လျှောက်၌ သွားလာနေကြသော လှေကြီးများ၌ ဝါးပိုးဝါးကို ရွက်တိုင်အဖြစ် သုံးလေ့ရှိကြသည်။
ဝါးယားနှင့် တလကူ သို့မဟုတ် ဝါးနက်တို့မှာ မပေါများလှပေ။ များသောအားဖြင့် အောက်မြန်မာနိုင်ငံရှိ တောများ၏ ချောင်းကမ်းဘေးတို့တွင် အတွေ့ရများသည်။ ဝါးယားကို ပိုးမွှားများကြိုက်သည့်အပြင် ဆွေးလည်းဆွေးလွယ်၍ အသုံးပြုမှုနည်းပါး လေသည်။
အေးသော တောတောင်များတွင် ဝါးဖြူ၊ မျှင်ဖြူဝါးနှင့် ဝါးနု သို့မဟုတ် ဝါးပျဉ်းတို့ ပေါက်ရောက်ကြသည်။ ထုံးကျောက်ပေါများသော သံလွင်နှင့် စစ်တောင်းမြစ်ဖျားရှိ ချောင်းရိုးတစ်လျှောက် လျှိုများထဲတွင်ကြလို့၊ သိုက်ဝါး၊ ဝါးပျဉ်းတို့ကို တွေ့ရသည်။ ကြလို့ဝါးသည် အိမ်ဆောက်ရာတွင် အသုံးများသည်။
တင်းဝါးကိုမူ မြန်မာနိုင်ငံ၏ တောများထဲတွင် အနှံ့အပြား ပေါများစွာတွေ့ရ၏။ အဆစ်ရှည်၍ အသားပါးပြီး ပျော့ပျောင်းသည်။ တင်းဝါးသည် ဝါးမျိုးထဲတွင် အလွန်အသုံးအဝင်ဆုံးဖြစ်၍ ဝါးသုံးနိုင်သော နေရာတိုင်းတွင် တင်းဝါးကို အားထား၍ သုံးကြသည့်အပြင် မီးပုံး၊ လေတံခွန်နှင့် ဝါးအရုပ်များ ပြုလုပ်ရာ၌လည်း သုံးကြသည်။ ကောက်ညှင်းကျည်တောက်ဖုတ်သောအခါ တင်းဝါးကိုသာ အသုံးပြုရသဖြင့် ကောက်ညှင်းကျည်တောက်ဝါးဟုလည်း ခေါ်ကြသည်။ တင်းဝါးကို အိမ်ဝင်း၊ ခြံဝင်းထဲတွင်လည်း စိုက်ပျိုးနိုင်သည်။
ရခိုင်ရိုးမတောင်တန်း တောများထဲတွင် ခရင်ဝါးကို အတွေ့ရများသည်။ သိုက်ဝါး ကိုမူ နေရာအမြောက်အမြား၌ တွေ့ရသည်။ မြန်မာနိုင်ငံ၌ ကျွန်းသစ်ပေါက်သော တောတိုင်းတွင် ကြသောင်းဝါးကိုလည်းကောင်း၊ ခြောက်သွေ့သော တောင်ကုန်းများ၌ သိုက်ဝါးကြီးများကိုလည်းကောင်း တွေ့ရသည်။ ထီးရိုးဝါးကို နေရာတကာတွင် အလှအပအတွက် စိုက်ကြသည်။ ထီးရိုးဝါးသည် ထီးလုပ်ရန်နှင့် ငါးမျှားတံလုပ်ရန် အသုံးများပြီး နိုင်ငံခြားဈေးကွက်သို့လည်း တင်ပို့ကြသည်။
ဝါးပင်စိုက်ပျိုးနည်း
စိုက်ပျိုးရေးပညာရှင်တို့၏ အဆိုအရ ဝါးပင်စိုက်ပျိုးရာ၌ ပျိုးထောင်၍ စိုက်ပျိုးနိုင်ကဲ့သို့ ရှိပြီးသားဝါးရုံမှ အစို့ပေါက်ကို စနစ်တကျတူးယူပြီး စိုက်ပျိုးနိုင်ကြောင်း သိရသည်။ ဝါးအစို့ပေါက်ကိုတူးယူပြီး စိုက်ပျိုးလိုပါက မိုးမကျမီ တစ်လနှစ်လအလို (ဧပြီလ၊ မေလ)၌ တူးယူစိုက်ပျိုးရန် လိုအပ်သည်။ ယင်းအချိန်ကာလတွင် မြစ်ဖုပေါ်မှ အဖူးသည် စတင်ကြီးထွားစပြုသည်။ ယင်းကဲ့သို့ မျိုးအဖြစ်အသုံးပြုမည့် အစို့ပေါက် (Offser) သည် အသက်အားဖြင့် တစ်နှစ်သားခန့်၊ အပင်အမြင့် သုံးပေခန့်၊ အဆစ် နှစ်ဆစ်သုံးဆစ်ရှိပြီး မြစ်ဖုပါ ပါရှိရမည်ဖြစ်သည်။ အနာအဆာကင်းရမည်ဖြစ်ပြီး အမြစ်ဖျားရော အပင်ပါမထိခိုက်မနာအောင် တူးရန်လိုအပ်သည်။
ပျိုးထောင်၍ စိုက်ပျိုးလိုပါက မျိုးပင်အဖြစ်အသုံးပြုမည့် ဝါးပင်အသက်သည် တစ်နှစ်မှ သုံးနှစ်သားအတွင်း ဖြစ်ရမည်။ ဝါးပင်သက်တမ်းကိုတွက်ရန် နောက်ဆုံး ထွက်သောကိုင်းပေါ်မှ အရွက်နေရာများကို ရေတွက်၍ တစ်-ပေါင်းထည့်ရမည်။ မျိုးဝါးပင်များကိုခုတ်ယူပြီး ခြောက်မသွားစေရန် အဝတ်စကို ရေဆွတ်၍ ပတ်ထား ပေးရမည်။ တစ်ရက်အတွင်း ပျိုးထောင်နိုင်အောင် စီစဉ်ရမည်။ မျိုးဝါးလုံးကို နှစ်ဆစ်ပါအပိုင်းများအဖြစ် ဓားပြတ်ပြတ်ဖြင့် ခုတ်ဖြတ်ပေးပြီး အဆစ်အပြင်ဘက်ရှိ အစွန်းသည် နှစ်လက်မ၊ နှစ်လက်မခွဲခန့်စီရှည်ရန် ပြုလုပ်ပေးရမည်။
သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးသော ဝါး
အလွယ်တကူ ပြုစုပျိုးထောင်နိုင်သော ဝါးပင်များသည် လူသားတို့၏ သဘာဝပတ်ဝန်းကျင် ကောင်းမွန်ရေးအတွက် ထိန်းသိမ်းပေးလျက်ရှိသည်။ ဝါးပင်သည် လေထုအတွင်းသို့ အောက်ဆီဂျင်များစွာ ထုတ်လွှတ်နိုင်စွမ်းရှိသကဲ့သို့ ကာဗွန်ကို စုပ်ယူနိုင်စွမ်းတွင်လည်း အချို့သောအပင်များထက် လေးဆအထိ ပိုများသည်။ ဝါးပင်သည် သစ်တောများထက် အောက်ဆီဂျင် ၃၅ ရာခိုင်နှုန်း ပိုမိုထုတ်ပေးနိုင် သည့်အတွက် ဝါးပင်များကို စိုက်ပျိုးခြင်းအားဖြင့် လေထုသန့်ရှင်းမှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အလွန် အထောက်အကူပြုလျက်ရှိသည်။
တရုတ်နိုင်ငံအပါအဝင် နိုင်ငံများစွာ၌ ဝါးပင်စိုက်ပျိုးခြင်းဖြင့် စက်မှုကုန်ထုတ် လုပ်ငန်းတို့၏ ကာဗွန်ထုတ်လွှတ်မှုကို ဟန်ချက်ညှိနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေ ကြသည်။ ဝါးပင်၏အမြစ်များသည် ရေတိုက်စားမှုကြောင့် မြေဆီလွှာများ ရေနှင့်အတူ ပါမသွားစေရန် ထိန်းပေးနိုင်သည်။ အထူးသဖြင့် ဝါးပင်အောက်ခြေရှိမြေသား မည်းနေမှုသည် ဝါးပင်နှင့် သစ်ပင်များ မိတ်ဖက်နေမှုကို သက်သေပြနေသည်။ သစ်တော သစ်ပင်များ ရှင်သန်စေရန် လိုအပ်သော သဘာဝမြေဩဇာများကို ဝါးပင်များက အထောက်အကူပြုနေခြင်းပင်ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် သစ်တောများ၌ ဝါးပင်နှင့် သစ်ပင်များ တွဲလျက်ပေါက်ရောက်နေခြင်းပင်ဖြစ်သည်။
တိုးပွားလျက်ရှိသော ကမ္ဘာ့လူဦးရေအတွက် သစ်တောများကို က္ဘာမြေ၏အဆုတ်ဟု တင်စားခေါ်ဝေါ် ကြသည်။ အကြောင်းမှာ ကမ္ဘာမှန်လုံအိမ်ဓာတ်ငွေ့ ထုတ်လုပ်မှု၏ ရာခိုင်နှုန်း ၂၀ ခန့်ကို စနစ်တကျထိန်းသိမ်းထားသည့် သစ်တောများက စုပ်ယူနိုင်ခြင်းကြောင့်ဖြစ်သည်။ အထူးသဖြင့် ဝါးပင်များသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတွင် သစ်ပင်များထက် ပိုမိုဆောင်ရွက်ပေးနိုင်စွမ်းရှိသည်။ ဝါးပင်သည် ဂေဟစနစ်ထိန်းသိမ်းမှုလုပ်ငန်းများဖြစ်သည့် ရေအရင်းအမြစ် ထိန်းသိမ်းပေးခြင်း၊ မြေတိုက်စားမှုကို ကာကွယ်ပေးခြင်း၊ လေပြင်းတိုက်ခတ်မှုမှ ကာကွယ်ပေးခြင်း၊ အောက်ဆီဂျင်ဓာတ်ငွေ့ထုတ်လွှတ်မှုကောင်းခြင်း စသည်တို့ကို အထူးပံ့ပိုးပေးသည်။ ဝါးစိုက်ခင်းနှင့် တူညီသော ဧရိယာအကျယ်အဝန်းရှိသည့် သစ်တောစိုက်ခင်းကို နှိုင်းယှဉ်ပါက ဝါးစိုက်ခင်းသည် အောက်ဆီဂျင်ဓာတ်ငွေ့ ၃၀ မှ ၃၅ ရာခိုင်နှုန်း ပိုမို ထုတ်လွှတ်ပေးသည်။
ဇီဝဒြပ်ထု အများဆုံးပံ့ပိုး
မြန်မာနိုင်ငံတွင် ပဲခူးရိုးမဒေသ၊ ရခိုင်ရိုးမဒေသနှင့် တနင်္သာရီတိုင်းဒေသကြီးတို့၏ ဝါးပင်ပေါက်ရောက်လျက်ရှိသော ဧရိယာ အကျယ်အဝန်းမှာ ၁၇၈၃၈ စတုရန်းကီလိုမီတာ ရှိသောကြောင့် ယင်းဧရိယာကြီးထဲမှ ဝါးပင်များသည် ရွကြွေ်ကကိုင်းကြွေ အဖြစ် ဇီဝဒြပ်ထု(Bio Mass)များကို အများဆုံး ပံ့ပိုးလျက်ရှိသည်။ တစ်နည်းအားဖြင့် ဝါးပင်သည် ၄င်း၏အလေးချိန် ၂၅ ရာခိုင်နှုန်းကို ရွက်ကြွေအဖြစ် နှစ်စဉ် ပြန်ခြွေချပေးနိုင်မှုကြောင့် ဇီဝဒြပ်ထု အများဆုံး ပံ့ပိုးပေးနိုင်ခြင်းဖြစ်ကာ မြန်မာနိုင်ငံ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းရှိသည့် တောင်သူလယ်သမားများကို အဘက်ဘက်မှ အကျိုးပြုလျက်ရှိသည်။
ဝါးပင်သည် စိုက်ပျိုးရာတွင် အရင်းအနှီး ကုန်ကျစရိတ် သက်သာပြီး ဂရုတစိုက် ဆောင်ရွက်ပေးရန် မလိုအပ်ဘဲ ရေရှည်အကျိုးဖြစ်ထွန်း၍ ဝင်ငွေကောင်းသောကြောင့် ဝါးစိုက်ပျိုးသူ များပြားလျက်ရှိသည်။ ဝါးပင်သည် နှစ်ရှည်ပင်ဖြစ်ပြီး အချိန်ကာလကြာရှည်စွာ မစောင့်ရဘဲ စိုက်ပြီးငါးနှစ်ရှိပါက အသုံးပြုနိုင်သလို ကြာမြင့်စွာ အသုံးပြုနိုင်သည်။ ၂၀၁၅ ခုနှစ်မှစ၍ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝါးစိုက်ပျိုးခဲ့ရာ ယခုအခါ ဧက ၅၀ဝဝဝ ခန့်အထိရှိလာကြောင်း သိရသည်။ ဝါးပင်ကို အိမ်ခြံဝင်းဘေး စိုက်ထားပါက ဝါးပင်တစ်ရုံလျှင် ကျပ်တစ်သိန်းခန့် ဝင်ငွေရှိသဖြင့် တစ်အိမ်လျှင် ဝါးပင် ၁၀ ရုံရှိလျှင် ဝင်ငွေ ကျပ် ၁၀ သိန်း ရရှိနိုင်သည်။
ဝါးပင်မှ ဝင်ငွေရရှိစေသည့် နည်းလမ်းများနှင့်ဝါး၏အသုံးဝင်ပုံများ
မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်းက ကြီးမှူး၍ တောင်သူများဝင်ငွေတိုးစေရန် ရည်ရွယ်ပြီး အချောထည်ပြုလုပ်နည်းသင်တန်းကို နေပြည်တော် ဇေယျာသီရိမြို့နယ် ခရေပင်လမ်းခွဲ၌ ၂၀၁၇ စက်တင်ဘာလအတွင်းက ဖွင့်လှစ်ခဲ့သည်။ ထိုသင်တန်းတွင် ဝါးနှင့်ပတ်သက်သော အချောထည်ပြုလုပ်ခြင်း၊ ဝါးမှ ဝါးပေါင်းခံရည် ထုတ်ယူခြင်း၊ အဆောက်အအုံ ပြုလုပ်နည်း၊ ပရိဘောဂပြုလုပ်နည်း စသည်တို့ကို သင်ကြား ပေးသည်။ ဝါးမှထုတ်လုပ်နိုင်သော ပစ္စည်းများစွာရှိရာ ဝါးမီးသွေးဖြင့်ပြုလုပ်သောဆပ်ပြာ၊ စိုက်ပျိုးသီးနှံများကို ဖျန်း၍ရသော သီးနှံအားတိုးဆေးများနှင့် မြေဩဇာများမှာ အထူးအသုံးဝင်လှသည်။ ဝါးရွက်သည် မြေဩဇာပြုလုပ်ရန် အကောင်းဆုံး ဖြစ်သကဲ့သို့ ဝါးမီးသွေးကို ခန္ဓာကိုယ်မှာကပ်ထားပါက သွေးလည်ပတ်မှုမှန်ခြင်း၊ အနံ့ဆိုးများကို စုပ်ပေးခြင်း စသည်ဖြင့် အသုံးဝင်သည်။
တရုတ်နိုင်ငံအပါအဝင် နိုင်ငံများစွာ၌ ဝါးပင်စိုက်ပျိုးခြင်းဖြင့် စက်မှုကုန်ထုတ် လုပ်ငန်းတို့၏ ကာဗွန်ထုတ်လွှတ်မှုကို ဟန်ချက်ညှိနိုင်ရန်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ဝါးပင်အခြေခံ နောက်ဆုံးပေါ်ထုတ်ကုန်တစ်မျိုးမှာ ဝါးမှုန့်ကို ပလတ်စတစ် ကုန်ကြမ်းတို့ဖြင့်ရော၍ ဒီဇိုင်းဆန်းလှပသော ဝါးကြမ်းခင်းများ ဖန်တီးထုတ်လုပ်ခြင်း ဖြစ်သည်။ ဝါးပင်သည် သဘာဝအရ ဆွေးမြည့်လွယ်သော်လည်း တရုတ်နိုင်ငံရှိ ကုမ္ပဏီတစ်ခုက ခေတ်မီနည်းပညာအသုံးပြု၍ ဝါးပင်၏ ဆွေးမြည့်ပျက်စီးခြင်းကို ဟန့်တားနိုင်စွမ်းရှိအောင် ပြုလုပ်နိုင်ပြီဖြစ်သည်။ မြန်မာနိုင်ငံတွင် ပဲခူးရိုးမ၊ ရခိုင် ရိုးမနှင့် တနင်္သာရီတိုင်းဒေသကြီးတို့၌ ဝါးပင်များ အလေ့ကျ ပေါက်ရောက်လျက်ရှိရာ စုစုပေါင်း ဧက ၁ ဒသမ ၇ သန်းကျော်ဖြစ်၍ ကမ္ဘာပေါ်တွင် တရုတ်နိုင်ငံနှင့် အိန္ဒိ နိုင်ငံတို့က ပထမနှင့် ဒုတိယ ဝါးစိုက်ပျိုးမှုအများဆုံးဖြစ်ပြီး မြန်မာနိုင်ငံက တတိယ ဝါးစိုက်ပျိုးမှုအများဆုံးနိုင်ငံပင် ဖြစ်သည်။
ဝါးစိုက်ပျိုးရေးပွဲတော်
မြန်မာနိုင်ငံတွင် နေပြည်တော်၌ ဧက ၁၀ဝဝ ခန့်ကျယ်ဝန်းသော ဝါးစိုက်ပျိုးရေး ဇုန်တစ်ခု ထူထောင်ရန် မြန်မာနိုင်ငံ ဝါးစိုက်ပျိုးသူများအသင်းက စီစဉ်ကြိုးပမ်းလျက် ရှိသည်။ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတို့၏ ခွင့်ပြုချက်ရရှိရန် အသင်းက စီစဉ်လျက်ရှိသည်။ ခွင့်ပြုချက်ရရှိပါက အဆင်သင့်ဖြစ်စေရန် ဝါးတောင်သူတို့အား ဝါးပင်ဆိုင်ရာ ပညာပေးသင်တန်းများ ပို့ချလျက်ရှိသည်။ ပြည်သူ့လွှတ်တော်ကလည်း စိုက်ပျိုးရေးလုပ်ငန်း ဖွံ့ ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ ဦးဆောင်စီမံပေးရန် နိုင်ငံတော်အစိုးရထံ တိုက်တွန်းချက်တစ်ရပ်ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလက အကြံပြုထားသည်။
မြန်မာနိုင်ငံ၌ ဝါးမျိုးစု ၂၂ ခုနှင့် ဝါးမျိုးစိတ် ၁၀၂ ခု ရှိသဖြင့် နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ ဝါးစိုက်ပျိုးသူများအသင်းအနေဖြင့် ဝါးစိုက်တောင်သူများနှင့် ပိုမိုထိတွေ့ပြီး စနစ်တကျ စီမံကိန်းချ ဆောင်ရွက်နိုင်ပါက သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်ပြီး ဝါးမှနိုင်ငံခြားသုံးငွေများ ရရှိနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ဝါးစိုက်ပျိုးရေးပွဲတော်ကို ၂၀၁၈ ဇွန်လ ၁၉ ရက်က နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်ကြိုးဝိုင်း အကွက်အမှတ်(၁၄)၌ ကျင်းပပြုလုပ် ခဲ့သည်။ သစ်တောဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်းတို့ ပူးပေါင်း ကျင်းပခြင်းဖြစ်ကာ ဝါးမျိုး ၁၅ မျိုး၊ အပင်ပေါင်း ၅၆၀ ကို ရန်အောင်မြင်ကြိုးဝိုင်း သစ်တောဦးစီးဌာနပိုင် မြေကွက်အမှတ်(၁၄)ရှိမြေ ၂ ဒသမ ၅၀ ဧက၌ သစ်တော ဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဝါးစိုက်ပျိုးရေးအသင်းသားများ စုစုပေါင်း အင်အား ၁၀ဝ ကျော်တို့က စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
ဝါးတောများ မပြုန်းတီးစေရန်
ဝါးသယံဇာတသည် ရွှေစိမ်းဟု တင်စားခေါ်ဝေါ်ထားသည်နှင့်အညီ ဘက်စုံ အသုံးဝင်သော သဘာဝသယံဇာတဖြစ်ပြီး စားသောက်ကုန်မှအစ လယ်ယာသုံး၊ အိမ်သုံး ပစ္စည်းများ၊ လူနေအိမ် အဆောက်အအုံများနှင့် စက်မှုကုန်ကြမ်းများအဖြစ် အသုံးဝင်သည်သာမက ဝါးစိုက်ပျိုးခြင်းက သဘာဝပတ်ဝန်းကျင်ကိုပါ ထိန်းသိမ်းနိုင်သဖြင့် ဝါးတောများ မပြုန်းတီးစေရန် ဝါးများကို စနစ်တကျခုတ်ယူခြင်းဖြင့်လည်း ဒေသခံများက ထိန်းသိမ်းဆောင်ရွက်သင့်ပါကြောင်း ရေးသားလိုက်ရပါသည်။ ။
တက္ကသိုလ်ပွင့်သူအောင်