၈ ဧပြီ
မြန်မာနိုင်ငံသည် ရေအရင်းအမြစ် သယံဇာတ ပေါကြွယ်ဝသောနိုင်ငံဖြစ်ပါသည်။ မြန်မာနိုင်ငံရှိ ကယားပြည်နယ်သည် တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၄) ခုအနက် အသေးငယ်ဆုံးနှင့် လူဦးရေ အနည်းဆုံး ပြည်နယ်တစ်ခုဖြစ်ပြီး တည်ငြိမ်အေးချမ်း၍ သဘာဝအလှအပများဖြင့် သာယာလှပနေသော ချစ်ခင်နှစ်လိုဖွယ် ပြည်နယ်တစ်ခုဖြစ်ပါသည်။ သဘာဝအလှတရားများတွင် တစ်ခုအပါ အဝင်ဖြစ်သော ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ်တို့၏ စိုက်ပျိုးရေးကဏ္ဍနှင့် ဒေသခံပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ ဖြိုးတိုးတက်ရေးအတွက် များစွာအကျိုးပြုသော ရေအရင်းအမြစ်တစ်ခုဖြစ်သည့် ငွေတောင်ချောင်း၏ အစတည်ရာ ကွိုင်ငံရေထွက်သည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။
ကယားပြည်နယ်တောင်ပိုင်း ကယောဒေသ မော်သီဒိုရွာရှိ ထီးဆိုဒူးအမြဲစိမ်းတောမှ အရင်းခံသည့် ထီးပရူနူသဘာဝ လိုဏ်ဂူ မြေအောက်မြစ် (မိုင်အရှည်- ၁၇ မိုင်) သည် တောင်ကုန်း၊ တောင်တန်း၊ တောနက်၊ ကျောက်တောင်များကို အဆင့်ဆင့်ဖောက်ထွက်ကာ ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ် နယ်အစပ် ကွိုင်ငံကျေးရွာအနီးတွင် ကြည်လင်အေးမြသော ရေများအဖြစ် လွန်ခဲ့သော နှစ်ပေါင်းများစွာ ဘိုးဘေးဘီဘင် များလက်ထက်ကတည်းက ထွက်ပေါ်နေသော ရေအရင်းအမြစ် ရေထွက်တစ်ခုဖြစ်ပါသည်။ အဆိုပါ ကွိုင်ငံရေထွက်မှ အစပြု၍ ငွေတောင်ချောင်းဖြစ်ပေါ်လာပြီး အဆုံးတွင် ဘီလူးချောင်းအတွင်းသို့ စီးဝင်သွားပါသည်။
ကွိုင်ငံရေထွက်မှ စတင်စီးဆင်းလာသော ၂၈ ဒသမ ၈၀ မိုင်ရှည်လျားသည့် ငွေတောင်ချောင်းပေါ်တွင် ပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအကျိုးပြုသော ရေလွှဲဆည် ၁၁ ခုနှင့် ရေထိန်းတမံ တစ်ခုရှိပြီး ရှေးယခင်က ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် တည်ဆောက်ခဲ့ကြ၍ ယခုအခါ အချို့ရေလွှဲဆည်များကို ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာနမှ ကွန်ကရစ်ဖြင့် အခိုင်အမာတည်ဆောက် ပြုပြင်ထိန်းသိမ်းပေးလျက်ရှိပါသည်။
ငွေတောင်ချောင်း၏အစ ကွိုင်ငံရေထွက်မှစ၍ တိုင်းတာသော ပေတိုင် ၃၇၀ဝ ရှိ ပရားအား ရေလွှဲဆည်ကို ၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ်တွင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ အလျား ၁၄၅ ပေ၊ အကျယ် ၂၀ ဒသမ ၅ ပေ၊ အမြင့် ၉ ဒသမ ၂၅ ပေရှိ ကွန်ကရစ်ရေလွှဲဆည်အဖြစ် တည်ဆောက်ပြုပြင်ပေးခဲ့ပါသည်။ ဒီးမော့ဆိုမြို့နယ်ရှိ လယ်မြေဧရိယာ ၆၇ ဒသမ ၃၇ ဧကကို မိုးစပါးစိုက်ပျိုးရေ လုံလောက်စွာ ပေးဝေလျက်ရှိပါသည်။
ပေတိုင် ၈၂၀ဝ တွင် ခလိုလာအမှတ် (၁) ရေလွှဲဆည်ဖြင့် ရေထိန်းရေညှိ၍ ငွေတောင်ချောင်းခွဲရှိ ခလိုလာအမှတ် (၂) ရေလွှဲဆည်သို့ ရေအားဖြည့်တင်းကာ စိုက်ပျိုးမြေဧက ၄၅၄ ဒသမ ဝ၆ ဧကကို အကျိုးပြုလျက်ရှိပါသည်။ ၄င်းရေလွှဲဆည် များကိုလည်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ပြုပြင်တည်ဆောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပါသည်။
ဖရူဆိုမြို့နယ်အတွင်းရှိ စိုက်ပျိုးမြေ ၈၄၅ ဧကကို မိုးစပါးသာမက ဆောင်းသီးနှံ စိုက်ပျိုးမှုအတွက်ပါ အားထား ရသော ငွေတောင်ချောင်း၏ ပေတိုင် ၁၈၀ဝဝ ရှိ ခေါ်သဲရေလွှဲ ဆည်အား တော်လှန်ရေးကောင်စီအစိုးရလက်ထက် (၁၉၆၂-၁၉၆၃) တွင် တည်ဆောက်ခဲ့ပြီး ရေပေးမြောင်းကိုလည်း အရှည်ပေ ၃၀ဝဝ အထိ ကွန်ကရစ်ရေမြောင်းအဖြစ် အဆင့်မြှင့်တင် တည်ဆောက်ထိန်းသိမ်းလျက်ရှိပါသည်။ ထို့အပြင် ငွေတောင်ချောင်း ပေတိုင် ၂၀ဝဝဝ တွင် ကိုယ့်အားကိုယ်ကိုးဖြင့် ဆိုဒဲ့ခူရေလွှဲဆည် တည်ဆောက်ကာ ခလိုလာ အမှတ် (၂) ရေလွှဲဆည်ရေသောက်စနစ်အား အားဖြည့်ကာ ဧက ၂၈၀ ကျော်ကို စိုက်ပျိုးရေ ပေးဝေလျက်ရှိပါသည်။
ငွေတောင်ချောင်း၏ ပေတိုင် ၂၇၃၂၀ တွင် ဖဲဘူးမြာရေလွှဲ ဆည်တည်ရှိပြီး ခေါ်သဲဆည် ရေသောက်စနစ်ကို အားဖြည့် ရုံတင်မက ထီးပေါကူးကျေးရွာအုပ်စုရှိ ကျေးရွာနေပြည်သူများနှင့် ကျွဲ ၊ နွား သောက်သုံးရေအဖြစ် အားကိုးအားထားရသော ထီးပေါဆိုရေကန်အား ရေဖြည့်သွင်းပေးလျက်ရှိပါသည်။ ၄င်းထီးပေါဆိုရေကန်ကို ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာနမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် နှစ်ပေ မြှင့်တင်ခြင်း၊ ၂၀၁၈ ဘဏ္ဍာနှစ်တွင် ငါးပေထပ်မံမြှင့်တင်၍ ဒေသခံပြည်သူများ သောက်သုံးရေလုံလောက်စွာ ရရှိစေရေးနှင့် ဖရူဆိုမြို့ မြို့ပြဒေသဖွံ့ဖြိုးရေးစီမံကိန်းအရ မြို့သောက် သုံးရေရရှိရေးအတွက် ပြုပြင်ဆောင်ရွက်ပေးခဲ့ပါသည်။
ထို့အပြင် ခေါ်သဲဆည်ရေသောက်စနစ်ကို ထပ်မံရေအား ဖြည့်ရန် ပေတိုင် ၃၇၂၀ဝ တွင် ဒေသခံတောင်သူများမှ လီကူး ရေလွှဲဆည်ကို တည်ဆောက်ထားပြီး သာမန်ပြင်ဆင်ခြင်းများကို ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက်လျက်ရှိပါသည်။
ကယားပြည်နယ်၏ အထင်ကရတစ်ခုဖြစ်သော ငွေတောင်ရေလှောင်တမံသည် လယ်ယာကဏ္ဍဖွံ့ ဖြိုးတိုးတက်ရေးနှင့် မြို့နေပြည်သူလူထု သောက်သုံးရေပေးဝေခြင်းလုပ်ငန်းများကို အကျိုးပြုလျက်ရှိသည့်အပြင် ခရီးသွားဧည့်သည်များ အပန်းဖြေနားနေနိုင်သော နေရာတစ်ခုအဖြစ် ထင်ရှားပါသည်။ ငွေတောင်ရေလှောင်တမံကို ငွေတောင်ချောင်းလက်တက် ပေါ်၌ (၁၉၆၂-၁၉၆၃)တွင် စတင်တည်ဆောက်ခဲ့ပြီး ဒီးမော့ဆို မြို့နယ်အတွင်းရှိ လယ်မြေဧက ၅၈၇၇ ကျော်ကို အကျိုးပြုသည့်အပြင် ငွေတောင်ရေလှောင်တမံမှရေကို ၁၀ဝဝဝ၊ ဖငွေတောင်ရေလှောင်တမံမှရေကို ဂါလန် ၁၀ဝဝဝ ဆံ့နှင့် ဂါလန် ၂၅၀ဝဝ ဆံ့ ရေကန်နှစ်ခုမှတစ်ဆင့် ဒီးမော့ဆိုမြို့ သောက်သုံးရေ ပေးဝေလျက်ရှိပါသည်။ ငွေတောင်ရေလှောင် တမံသည် ငွေတောင်ချောင်းပေါ်တွင် တည်ဆောက်ထားခြင်း မဟုတ်သော်လည်း ငွေတောင်ချောင်းမှရေကို ငွေတောင် ရေထိန်းတမံဖြင့် ရေထိန်းရေမြှင့်ပြုလုပ်ကာ နန်းစံဖူးသဘာဝ ရေထွက်မှလာသော ရေများဖြင့် ပေါင်းစည်း၍ ငွေတောင်ဆည်ကြီးအတွင်းသို့ စီးဝင်စေခြင်းဖြင့် အကျိုးပြုလျက်ရှိပါသည်။ ငွေတောင်ရေထိန်းတမံအနေဖြင့် ငွေတောင်ရေလှောင် တမံအားရေအားဖြည့်ပေးသည့်အပြင် လယ်မြေ ၆၁၂ ဧကကိုလည်း မြို့မရပ်ကွက် ရေလွှဲဆည်မှတစ်ဆင့် စိုက်ပျိုးရေ ပေးဝေလျက်ရှိပါသည်။ မြို့မရပ်ကွက်ရေလွှဲဆည် (Crib weir) မူလကျောက်ဖြည့် ရေလွှဲဆည်ကို ၂၀၁၄-၂၀၁၅ ခုနှစ်တွင် ကွန်ကရစ်ဖြင့် အခိုင်အမာ တည်ဆောက်ပြုပြင်ပေးခဲ့ပါသည်။
ငွေတောင်ချောင်း၏ ပေတိုင် ၇၃၅၈၀ တွင် ချောင်း၏ ဒုတိယဆည်ရေသောက်ဧက အများဆုံးဖြစ်သော ကျောက် ဆည်ရေလွှဲဆည်ကို ၁၉၆၄-၁၉၆၅ တွင် တည်ဆောက်ခဲ့ပြီး လက်ယာရေမြောင်းမှ ငွေတောင်ဆည်ရေသောက်စနစ်၏ ငွေတောင်လက်တံမြောင်းအား ရေကူပေးသည့်အပြင် လက်ဝဲရေပေးမြောင်း အရှည်ပေ ၄၀၂၀ဝ မှ လယ်မြေဧရိယာ ၁၆၉၆ ဧကကို စိုက်ပျိုးရေ ပေးဝေလျက်ရှိပါသည်။ ထို့ပြင် ကျောက် ဆည်ရေသောက်စနစ်အား ရေကူပေးရန် ရည်ရွယ်၍ ငွေတောင်ချောင်း ပေတိုင် ၈၉၀ဝဝ ရှိ မြောင်းခွရေလွှဲဆည်ကို ၂၀၁၅-၂၀၁၆ ခုနှစ်တွင် ပြုပြင်ပေးခဲ့ပါသည်။ ၄င်းရေလွှဲဆည်မှ ကျောက်ဆည်ရေသောက်စနစ်ကို ရေကူပေးသည့်အပြင် လက်ယာရေပေးမြောင်းမှလည်း ငွေတောင်ဆည်ရေသောက် ကွင်းအမှတ် (၃၁) ရှိ လယ်မြေ ၁၃၂ ဧကကိုလည်း စိုက်ပျိုးရေ ပြည့်ဝစွာရရှိစေပါသည်။
ငွေတောင်ချောင်း၏ အဖျားပိုင်း ပေတိုင် ၁၀၂၄၀ဝ တွင်လည်း သရက်သုံးပင်ရေလွှဲဆည်ကို ၁၉၉၀-၁၉၉၁ ဘဏ္ဍာနှစ် တွင် အလျား ၇၂ ပေ၊ အကျယ် ၁၈ ပေ၊ အမြင့် ၁၄ ပေရှိ် ရေထိန်းတံခါး ရှစ်ပေါက်ဖြင့် တည်ဆောက်ပေးခဲ့ပြီး စိုက်ပျိုးမြေ ၁၂၃ ဧကနှင့် မုံပြာကန်ရေကူရေအားဖြည့်ကာ လယ်မြေဧက ၅၅၀ ကို ထပ်မံရေရရှိစေပါသည်။
ငွေတောင်ချောင်းတစ်လျှောက် ရေကြီးရေလျှံမှုဖြစ်စဉ်များ လျော့နည်းရေးနှင့် ချောင်းတိမ်ကောမှု မရှိစေရေးအတွက် ရည်ရွယ်၍ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ယူကာ သဲနုန်းတူးဖော်ခြင်းလုပ်ငန်းများကို စက်ယန္တရားကြီးများဖြင့် ဆောင်ရွက်ပေးလျက်ရှိပါသည်။
ဤသို့အားဖြင့် “နိုင်ငံ၏ ရေအရင်းအမြစ်သယံဇာတများ ကို ဒေသ၏လိုအပ်ချက်နှင့် ကိုက်ညီအောင် အကျိုးရှိစွာ အသုံး ချနိုင်ရန်နှင့် ရေရှည်လုံခြုံစိတ်ချနိုင်ရန်အတွက် စီမံခန့်ခွဲ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်၏ လယ်ယာကဏ္ဍနှင့် စီးပွားရေးဖွံ့ ဖြိုးတိုးတက်စေရန်” ဟူသည့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ မူဝါဒနှင့်အညီ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ်များ၏ အသက်သွေးကြောသဖွယ်ဖြစ်သော ငွေတောင်ချောင်းသည် ရေလွှဲဆည် ၁၁ ခုနှင့် ရေထိန်းတမံ တစ်ခုတို့မှ စုစုပေါင်း အကျိုးပြုဧရိယာ ဧက ၄၇၆၀ နှင့် ငွေတောင်ဆည်မှ အကျိုးပြု ဧရိယာ ၅၈၇၇ ဧက စုစုပေါင်း ၁၀၆၃၇ ဧကကို စိုက်ပျိုးရေ ပေးဝေနေသည့်အပြင် ဒေသခံပြည်သူများ၏ သောက်သုံးရေ ရရှိရေးအတွက် အကျိုးပြုလျက်ရှိပြီး ကယားပြည်နယ်၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြု လျက်ရှိပါကြောင်း တင်ပြလိုက်ရပါသည်။
ဝေလွင်မြိုင်(တောင်တွင်းကြီး)