မန္တလေး ၈ ဧပြီ
ဧရာဝတီမြစ်အတွင်း သင်္ဘောစီးရင်း မန္တလေးမြို့နှင့် အနီးတဝိုက်ရှိ နေဝင်ချိန် ဆည်းဆာအလှကို ကြည့်ရှုနိုင်ရန် ယခုလ ၇ ရက်ကစပြီး သင်္ဘောပြေးဆွဲမည်ဖြစ်ကြောင်း Tint Tint Myanmar Group of Company မှ သိရသည်။

မန္တလေးမြို့နှင့် အနီးတဝိုက်တွင် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ၊ စိတ်ဝင်စားစရာ ကျေးရွာများကို ကြည့်ရှုလေ့လာနိုင်ရန် ပြည်တွင်း၊ ပြည်ပ ခရီးသွားများအတွက် ယခုလိုဆောင်ရွက်ခြင်း ဖြစ်ကြောင်းသိရသည်။
‘ကျွန်မတို့က နှစ်ရှည်လများ နိုင်ငံခြားသားတွေကိုပဲ ဝန်ဆောင်မှု ပေးခဲ့တယ်။ လှပတဲ့ မြစ်တွေ၊ ကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေဟာ ဒေသခံတွေအတွက် ဖြစ်မနေတာတော့ ဘဝင်မကျဘူး။ အဲဒါကြောင့် ရန်ကုန်၊ ဘားအံမှာလည်း ပြေးဆွဲတယ်။ မန္တလေးမြို့မှာလည်း ဒီနားတဝိုက် ပြေးဆွဲမယ်။ မင်းကွန်း ၊ စစ်ကိုင်း စတဲ့နေရာတွေကို ပြေးဆွဲပေးမှာပါ’ဟု Tint Tint Myanmar Group of Company ၏ ဥက္ကဌ ဒေါ်တင့်တင့်လွင်က ပြောသည်။
သင်္ဘောစီးကာ နေဝင်ချိန် ဆည်းဆာအလှကို ကြည့်ရှုရန် လက်မှတ်များကို Mandalay Sunset Cruise ဖေ့ဘွတ်ပေ့နှင့် Tint Tint Myanmar Group of Company ရုံးတွင် ကြိုတင်မှာယူနိုင်ပြီး လက်မှတ်နှုန်းထားမှာ ပြည်တွင်းခရီးသွားများအတွက် ၃၀ဝ၀ ကျပ်၊ ပြည်ပခရီးသွားများအတွက် ၃ ဒေါ်လာ ကောက်ခံကြောင်း သိရသည်။
Tint Tint Myanmar Group of Company သည် ရန်ကုန်မြို့တွင် Water Bus၊ မော်လမြိုင်၊ ဘားအံ စသည့်မြို့များတွင်လည်း နေဝင်ချိန်ဆည်းဆာကို ကြည့်ရှုနိုင်ရန် သင်္ဘော ၂၆ စင်းဖြင့် ပြေးဆွဲပေးနေကြောင်း သိရသည်။
အိမို့မို့ခိုင်