နေပြည်တော်  ၈   ဧပြီ

 

၂၀၁၉ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကာလအတွင်း ရန်ကုန်မြို့နေ ပြည်သူများနှင့် ရန်ကုန်တိုင်းဒေသကြီး ပြင်ပ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့သွား ရောက်လိုသည့်  ခရီးသွားများ အဆင်ပြေစေရေးအတွက် YBS ယာဉ်လိုင်းများ၊ အဝေးပြေးယာဉ်လိုင်းများနှင့် ရန်ကုန်မြို့ပတ်ရထားနှင့် အထူးရထား ပြေးဆွဲမည်ဖြစ်ကြောင်း၊  ရန်ကုန်တိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု သင်္ကြန်ပွဲတော် ပို့ဆောင်ရေးလုပ်ငန်း ကော်မတီထံမှ သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့သည် ရန်ကုန်မြို့တော်နေ ပြည်သူများ သွားလာမှု အဆင်ပြေစေရေးအတွက်  ရန်ကုန်မြို့တွင်း YBS ခရီးသည်တင်ယာဉ်လိုင်း ၇၃ လိုင်း ပြေးဆွဲမည်ဖြစ်ရာ ယာဉ်စီးရေ ၉၇၃ စီးသည် ပုံမှန်ပြေးဆွဲလမ်း ကြောင်းအတိုင်း သတ်မှတ်ယာဉ်စီးခနှုန်းထားဖြင့် ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ အောင်မင်္ဂလာအဝေးပြေးနှင့် ဒဂုံဧရာအဝေးပြေး ယာဉ်ရပ်နားဝင်းမှ ပြေးဆွဲလျက်ရှိသည့် အဝေးပြေးခရီးသည်တင် မော်တော်ယာဉ်လိုင်းများသည် ဧပြီ ၈ ရက်အထိ ပုံမှန်ပြေးဆွဲပြီး ဧပြီ  ၉ ရက်မှ ၁၆ ရက်အထိ အလှည့်ကျရပ်နားခြင်း၊ ပြေးဆွဲခြင်းများ ပြုလုပ်သွားမည်ဖြစ်သည်။

 

ထို့ပြင် အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားဝင်းမှ  ရန်ကုန်တိုင်းဒေသကြီး အခြေပြုယာဉ် လိုင်း ၈ လိုင်း၊  အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်အခြေပြုယာဉ်လိုင်း ၆ လိုင်း၊  ဒဂုံဧရာအဝေး ပြေးယာဉ်ရပ်နားဝင်းမှ ရန်ကုန်တိုင်းဒေသကြီး အခြေပြုယာဉ်လိုင်း ၁ လိုင်း၊ အခြားတိုင်းဒေသ ကြီးနှင့်ပြည်နယ်အခြေပြုယာဉ်လိုင်း ၄ လိုင်းတို့သည် ပိတ်ရက်မရှိ ပြေးဆွဲသွားမည်ဖြစ်သည်။

 

ရန်ကုန်တိုင်းဒေသကြီးမှ ဧရာဝတီတိုင်းဒေသကြီးသို့ သွားလာကြမည့် ခရီးသွားပြည်သူများအတွက် ရန်ကုန်-ပုသိမ်၊ ရန်ကုန်-ဝါးခယ်မ-မော်ကျွန်း၊ ရန်ကုန်-မြောင်းမြ၊ ရန်ကုန်-ဖျာပုံ-ဘိုကလေး၊ ရန်ကုန်-ဓနုဖြူ ခရီးစဉ်များသို့ YBS ယာဉ်လိုင်းများမှ ခရီးသည်တင်ယာဉ်များဖြင့်    ဧပြီ ၁၁ နှင့် ၁၂ ရက်တို့တွင် အင်းအားဖြည့် ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားမှ ခရီးသွားပြည်သူများသွား လာမှုအဆင်ပြေစေရေးအတွက် ရန်ကုန်-မန္တလေး အစုန်/အဆန် သင်္ကြန်အထူးရထားများကို   ဧပြီ ၈ ရက်မှ ၁၃ ရက်အထိနှင့် သင်္ကြန်အပြီး ဧပြီ ၁၇ ရက်မှ ၁၉ ရက်အထိ လည်းကောင်း၊ ဝန်ထမ်းအထူးရထားများအဖြစ်  နေပြည်တော် - ရန်ကုန်ခရီးစဉ်ကို ဧပြီ ၁၂  ရက်တွင်လည်းကောင်း၊ ရန်ကုန်- နေပြည်တော်ခရီးစဉ်ကို   ဧပြီ ၁၇ ရက် တွင်လည်းကောင်း ပြေးဆွဲမည်ဖြစ်သည်။

 

ထို့ပြင်  သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့တွင်း  ပြည်သူများသွားလာမှု အဆင်ပြေစေရေး အတွက်  ရန်ကုန်မြို့ပတ်နှင့် ဆင်ခြေဖုံးလမ်းပိုင်းတွင်  ရထားတွဲဆိုင်း ၈ ဆိုင်းဖြင့် ရထားစီးရေ ၉၀ ကို နေ့စဉ်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

 

ရန်ကုန်မြို့တွင်း၌ ပြေးဆွဲမည့်  YBS ခရီးသည်တင်ယာဉ်လိုင်းများနှင့် မြန်မာ့မီးရထားမှ ခရီးစဉ်များကို ဧပြီ ၁၇ ရက်(နှစ်ဆန်းတစ်ရက်နေ့)တွင် ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲ သွားမည်ဖြစ်သည်။

 

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအခြေပြု၊ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်အခြေပြုယာဉ် လိုင်းများသည် ဧပြီ ၁၇ ရက်(နှစ်ဆန်းတစ်ရက်)မှစ၍ ပြန်လည်ပြေးဆွဲသွားမည်ဖြစ်ပြီး ဧပြီ ၂၀ ရက်မှစ၍ ယာဉ်လိုင်းအားလုံး ပုံမှန်အတိုင်းပြေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။

 

 (သတင်းစဉ်)