တိုကျို  ၉  ဧပြီ

နစ်ဆန်းကုမ္ပဏီ ဥက္ကဋ္ဌဟောင်း ကားလို့ဂွန်းစ်ကို နစ်ဆန်းကုမ္ပဏီမှ အစုစပ် ရှယ်ယာရှင်များက ကုမ္ပဏီ၏ ဘုတ်အဖွဲ့မှ ထုတ်ပယ်လိုက်ကြောင်း သိရသည်။ ဂွန်းစ်အနေဖြင့် ဆယ်စုနှစ်နှစ်ခုနီးပါးကြာအောင် တာဝန်ဆောင်ရွက်ခဲ့မှုများ အဆုံးသတ်သွားပြီ ဖြစ်သည်။

အစုစပ် ရှယ်ယာရှင်များ၏ အထူးအစည်းအဝေး၌ နစ်ဆန်း ကုမ္ပဏီဥက္ကဋ္ဌလည်းဖြစ် ကုမ္ပဏီအမှုဆောင်ချုပ်လည်း ဖြစ်သည့် ဆိုက်ကာဝါက ကားလို့ဂွန်းစ်နှင့် ပတ်သက်သည့် ငွေကြေးအလွဲသုံးစား ပြုလုပ်မှုဆိုင်ရာ စွပ်စွဲချက်များ ပေါ်ပေါက်စေခဲ့သည့် ကိစ္စရပ်များအတွက် တောင်းပန်စကားဆိုခဲ့သည်။

ဆိုက်ကာဝါက မမှန်မကန်ပြုလုပ်ခဲ့မှုများကို ပါးနပ်စွာ ကိုင်တွယ်ဆောင်ရွက်ရန် လစ်ဟင်းခဲ့ခြင်း၊ ယခင်ကနှင့် ယခုလက်ရှိ စီမံခန့်ခွဲ ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ၎င်းတို့တွင် အလွန်တာဝန်မကင်းကြောင်း ပြောကြားခဲ့သည်။

မော်တော်ကားထုတ်လုပ်ရေးတွင် အများပြည်သူ၏ ယုံကြည်မှုကိုပြန်လည် ရယူနိုင်ရန် ကြိုးပမ်းမည်ဖြစ်သည်ဟု ဆိုက်ကာဝါက ပြောကြားသည်။ သို့သော်လည်း အစုစပ်ရှယ်ယာရှင်အချို့က ထိုမျှဖြင့် လုံလောက်မည်မဟုတ်ဘဲ မန်နေဂျာချုပ်များအနေဖြင့် ယခုထက် ပိုမိုတာဝန်ယူသင့်ကြောင်း တိုက်တွန်းခဲ့ကြသည်။

စုစပ်ရှယ်ယာဝင်များက ကုမ္ပဏီ၏ ဘုတ်အဖွဲ့ဝင်သစ်အနေဖြင့် ရေးနော့ကုမ္ပဏီဥက္ကဋ္ဌ ဂျိန်းဒေါ့မနစ်ဆီနာ့ဒ်ကို ခန့်အပ်ခဲ့သည်။ ငွေကြေးအလွဲသုံးစား ပြုလုပ်မှုဖြင့် အလားတူစွဲချက်တင်ခံထားရသည့် ကားလို့ဂွန်းစ်၏ လက်ထောက်ဖြစ်သူ ဂရက်ကယ်လီကိုလည်း ဘုတ်အဖွဲ့က ထုတ်ပယ်ခဲ့ကြောင်း သိရသည်။

အေအက်ဖ်ပီ