ရန်ကုန်   ၉  ဧပြီ

ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်း အရောင်းကုမ္ပဏီတစ်ခုဖြစ်သည့် ဟွာဝေးက မြန်မာနိုင်ငံ၌ ၂၀၁၈ ခုနှစ်အတွင်း ဟွာဝေးစမတ်ဖုန်း အလုံးတစ်သန်းကျော် ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံမှာ ၂၀၁၈ ခုနှစ်အတွင်း ရောင်းချပေးခဲ့တဲ့ စမတ်ဖုန်းတွေကတော့ အရည်အသွေးကောင်းပြီး တန်ဖိုးနည်း၊ တန်ဖိုးသင့်တဲ့ ဖုန်းတွေအများစု ဖြစ်ပါတယ်။၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ စမတ်ဖုန်းအလုံးရေ တစ်သန်းကျော် ရောင်းချနိုင်ခဲ့ပြီး ကျွန်တော်တို့ရဲ့ Consumer business က မနှစ်ကထက် ၃၆ ရာခိုင်နှုန်း ပိုပြီးတိုးတက်လာပါတယ်ဟု ဟွာဝေးမြန်မာ၏ ဒုတိယအထွေထွေမန်နေဂျာ မစ္စတာဘော့ဇူက ပြောသည်။

အဆိုပါ ဟွာဝေးမြန်မာမှ ၂၀၁၈ ခုနှစ်အတွက် နှစ်ပတ်လည်အစီရင်ခံစာ ထုတ်ပြန်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ မြန်မာပလာဇာ၌ ကျင်းပခဲ့ရာ ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများ လာရောက်သတင်းရယူကြသည်။

၂၀၁၈ ခုနှစ်အတွင်း တစ်ကမ္ဘာလုံးအရောင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၁၀၅ ဒသမ ၁၉ ဘီလီယံဖြစ်ပြီး ယမန်နှစ်ကထက် ၁၉ ဒသမ ၅ ရာ ခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ ယင်းကာလအတွင်း အသားတင်အမြတ်ငွေ အမေရိကန်ဒေါ်လာ ၈ ဒသမ ၆၄ ဘီလီယံရရှိခဲ့ရာ ၂၀၁၇ ခုနှစ်ကထက်၂၅ ဒသမ ၁ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း ယင်းအစီရင်ခံစာ၌ ဖော်ပြသည်။

လက်ရှိအချိန်တွင် ဟွာဝေးအနေဖြင့် 4G ကွန်ရက်ဖြန့်ကြက်မှုနှင့် အရည်အသွေးမီ စမတ်ဖုန်းများ မြန်မာနိုင်ငံအတွင်း လူတိုင်းလက်လှမ်းမီနိုင်အောင် ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ ၂၀၁၉ ခုနှစ်အတွင်း မြန်မာပြည်သူများ နိုင်ငံတကာနှင့်အညီ အရည်အသွေးမီထုတ်ကုန်များ ဖြည့်ဆည်းပေးနိုင်အောင် ကြိုးစားသွားမည်ဖြစ်ကြောင်း သိရသည်။

မြင့်မောင်စိုး