၉ ဧပြီ
အစ္စရေးနိုင်ငံသားတွေဟာ အထွေထွေရွေးကောက်ပွဲအတွက် ဧပြီ ၈ ရက်မှာ မဲရုံတွေဆီကို ဦးတည်လျှောက်လှမ်း လာနေကြပြီဖြစ်သလို အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုဟာဆိုရင်ဖြင့် ၎င်းရဲ့ နိုင်ငံရေးဆိုင်ရာ ရှင်သန် ရပ်တည်ခွင့်အတွက် အကြိတ်အနယ် လုံးပန်းနေရချိန် ဖြစ်နေပါတယ်။ ဒီတော့ အစ္စရေး ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သိရှိထားသင့်တဲ့ အရာတွေနဲ့ ဘာတွေမျှော်လင့်နိုင်သလဲဆိုတာကို လေ့လာကြည့်ကြပါမယ်။
ပြန်လည်ရွေးချယ်ခံရရင်
ဝန်ကြီးချုပ် နေတန်ယာဟုအနေနဲ့ ငါးကြိမ်မြောက် ပြန်လည်ရွေးချယ်ခံရဖို့အတွက် ယှဉ်ပြိုင်နေပါတယ်။ ပြန်လည်ရွေးချယ် တင်မြှောက်ခံရသည်ရှိသော် ၎င်းဟာ လာမယ့်ဇူလိုင်လမှာ နိုင်ငံရဲ့ ဝန်ကြီးချုပ်နေရာကို အချိန်အကြာမြင့်ဆုံး တာဝန်ထမ်းဆောင်တဲ့သူ တစ်ဦးအနေနဲ့ အစ္စရေးနိုင်ငံကိုတည်ထောင်ခဲ့တဲ့ ဒေးဗစ်ဘင်ဂူရီယန်ကို အမီလိုက်နိုင်တော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မစ္စတာ နေတန်ယာဟုဟာ ပြင်းထန်တဲ့ အကျင့်ပျက်ခြစားမှု စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ရှေ့နေချုပ်ရုံးက ဆိုင်းငံ့ထားတဲ့ နောက်ဆုံးကြားနာစစ်ဆေးမှုတွေနဲ့အတူ နှစ်များစွာအတွင်း အခိုင်မာဆုံး ယှဉ်ပြိုင်ဘက် တစ်ဦးဖြစ်တဲ့ ဘန်နီဂန့်စ်နဲ့လည်း ရင်ဆိုင်နေရပါတယ်။
ယှဉ်နိုင်စွမ်းရှိသူ မစ္စတာဂန့်စ်
မစ္စတာဂန့်စ်ဟာ နိုင်ငံရေးနယ်ပယ်ထဲ လူသစ်အနေနဲ့ ဝင်ရောက်လာတဲ့ အစ္စရေးတပ်မတော်ရဲ့ ကာကွယ်ရေး ဦးစီးချုပ်ဟောင်း တစ်ယောက်ဖြစ်ပြီး ရွေးကောက်ပွဲမှာ အဓိကကျတဲ့ အကြောင်းအရာတွေထဲက တစ်ခုဖြစ်တဲ့ နိုင်ငံရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး မစ္စတာ နေတန်ယာဟုနဲ့ ယှဉ်နိုင်စွမ်းရှိသူဖြစ်တယ်။ ပြီးတော့ ၎င်းက နိုင်ငံရေးမှာ ပိုမိုသန့်ရှင်း စင်ကြယ်လာစေရမယ်လို့ ကတိပေးထားသူ ဖြစ်ပါတယ်။
နိုင်ငံရေးဆိုင်ရာ မျှတတဲ့အမြင်ရှိတဲ့ မစ္စတာဂန့်စ်ရဲ့ Blue and White မဟာမိတ်အဖွဲ့ကို အခြားသော တပ်မတော်အကြီးအကဲဟောင်း နှစ်ဦးနဲ့အတူဖွဲ့စည်းထားပြီး ရုပ်မြင်သံကြား အစီအစဉ်တင်ဆက်သူဟောင်း နိုင်ငံရေးသမားတစ်ဖြစ်လဲ ယာလာပစ်က ဆန္ဒမဲခံယူမှုတွေမှာ မစ္စတာနေတန်ယာဟုရဲ့ လီကွတ်ပါတီထက်အရင် ပိုပြီးတော့ ကောင်းကောင်းလုပ်ဆောင်နိုင်ခဲ့တာကို တွေ့ရပါတယ်။
လူပုဂ္ဂိုလ်အခြေပြုနေသလား
အနီးကပ် ယှဉ်ပြိုင်မှုတွေဟာ ရန်လိုတဲ့အခြေအနေတွေဆီ ဦးတည်လာခဲ့သလို မသမာတဲ့ရွေးကောက်ပွဲတွင်း မဲဆွယ်စည်းရုံးမှုတွေနဲ့ သိက္ခာကျစေတဲ့ ကြိုးစားမှုတွေရှိလာပါတယ်။ အစ္စရေးနိုင်ငံသား မဲပေးသူတွေအနေနဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ မူဝါဒတွေထက်၊ ပြီးတော့ ခိုင်မာတဲ့ခေါင်းဆောင်တွေအဖြစ် ထင်မြင်ယူဆမှု ရှိ မရှိ ဆိုတာထက် လူပုဂ္ဂိုလ်အခြေပြု ထောက်ခံမဲပေးဖို့ ဆုံးဖြတ်လိုတဲ့ အနေအထား ဖြစ်နေပါတယ်။
စီမံခန့်ခွဲဆောင်ရွက်နိုင်သူဖြစ်
အစ္စရေးနိုင်ငံမှာရှိကြတဲ့ ဘယ်ပါတီတစ်ခုတည်းကမှ ပါလီမန်လွှတ်တော်ရဲ့ နေရာအများစုကို မရရှိခဲ့ဖူးပါဘူး။ အစ္စရေးမှာ အမြဲလိုလို မဟာမိတ်အစိုးရ အဖွဲ့တွေရှိနေပါတယ်။ ဆိုလိုတဲ့သဘောက ဝန်ကြီးချုပ်ရဲ့ပါတီဟာ မဲအများဆုံးကို အမြဲရရှိတဲ့ ပါတီမဟုတ်ဘူး။ ဒါပေမယ့် Knesset မှာရှိတဲ့ ရာထူးနေရာ ၁၂၀ အနက် ၆၁ နေရာထက်မနည်းကို ထိန်းချုပ်နိုင်ဖို့ လုံလောက်တဲ့ ပါတီတွေကို စီမံခန့်ခွဲ ဆောင်ရွက်ရတဲ့သူတော့ ဖြစ်တယ်လို့ဆိုရမှာ ဖြစ်ပါတယ်။
မဲရလဒ်အချို့အရ မစ္စတာနေတန် ယာဟုဟာ မစ္စတာဂန့်စ်ထက် မဟာမိတ် အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းဖို့ ဖြစ်နိုင်ခြေများတယ်။ ဘာကြောင့်လဲဆိုတော့ ဝန်ကြီးချုပ်ဟာ တခြားသော လက်ယာယိမ်း ပါတီတွေ၊ ဘာသာရေးဆိုင်ရာ ပါတီတွေနဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိနေတယ်လို့ ထင်မြင်ယူဆနေကြပါတယ်။
အစ္စရေး-ပါလက်စတိုင်းအရေး
မကြာသေးခင် ရက်သတ္တပတ်တွေ အတွင်း ဂါဇာဒေသမှာ အစ္စရေးနဲ့ ပါလက်စတိုင်းစစ်သွေးကြွတွေ အကြား တင်းမာမှုတွေ ပေါက်ဖွားခဲ့ပါတယ်။ပြီးတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ပါလက်စတိုင်းနဲ့ ကာလရှည် ဖြစ်ပွားနေခဲ့တဲ့ အစ္စရေးရဲ့ ပဋိပက္ခကို ဖြေရှင်းမယ့် ၎င်းရဲ့အစီအစဉ်ကို ရွေးကောက်ပွဲပြီးဆုံးပြီး မကြာခင်မှာ ထုတ်ပြန်ဖော်ပြသွားမယ်လို့ ခန့်မှန်းရပါတယ်။ ဒါပေမယ့်လည်း အသက်ငင်နေပြီဖြစ်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် ပြန်လည်ရှင်သန် ဦးမော့လာဖို့ နည်းလမ်းတွေဟာ ရွေးကောက်ပွဲဆိုင်ရာ အခြေအတင်ပြောဆိုမှုတွေရဲ့ အဓိကအကြောင်း အရာမဟုတ်ခဲ့ပါဘူး။ ဒါ့အပြင် အစ္စရေး ပြည်သူတွေကလည်း နှစ်နိုင်ငံအရေး ငြိမ်းချမ်းမှုအတွက် အချိန်တွေအကြာကြီး ယူခဲ့ရတဲ့ နိုင်ငံတကာရဲ့ ပုံသေနည်းဟာ မျှော်လင့်ချက်သိပ်မရှိဘူးလို့ ထင်မြင်နေကြပြီဖြစ်ပါတယ်။
ကျူးကျော်ဖို့လိုလားနေ
မစ္စတာနေတန်ယာဟုရဲ့ လက်ရှိအာဏာရ လက်ယာယိမ်း မဟာမိတ်ပါတီက ပါလက်စတိုင်းနိုင်ငံ ဖန်တီးမှုကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်နေပြီး သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းပါးရဲ့ နေရာအများစုကို ကျူးကျော်ဖို့ လိုလားနေပါတယ်။ Blue and White မဟာမိတ်အဖွဲ့ရဲ့ မဲဆွယ်စည်းရုံးရေး စင်္ကြ ံဟာ ပါလက်စတိုင်းပြည်သူတွေ ဆီကနေ သီးခြားခွဲထွက်သွားစေဖို့ ရည်ညွှန်းလိုတာ ဖြစ်သော်လည်း နိုင်ငံတော်တစ်ခုအဖြစ် ရှိဖို့ဆိုတဲ့ အဓိပ္ပာယ် မဟုတ်ဘူးလို့ ဆိုပါတယ်။ Blue and White မဟာမိတ်အဖွဲ့က ဂျေရုဆလင်ကို အစ္စရေးမြို့တော်အဖြစ် သတ်မှတ်လိုက်တာကိုလည်း ထောက်ခံနေပါတယ်။
အစ္စရေးရဲ့အနာဂတ်
အစ္စရေးကတော့ ဂျေရုဆလင်ရဲ့ အရှေ့ ခြမ်းဟာ အစ္စရေးနဲ့ အနာဂတ် ဖြစ်လာမှာလို့ တထစ်ချပြောဆိုနေဆဲ ဖြစ်ပေမယ့် ပါလက်စတိုင်းဘက်ကတော့ သိမ်းပိုက်ခံထားရတဲ့ အနောက်ဘက်ကမ်း၊ အရှေ့ဂျေရုဆလင်နဲ့ ဂါဇာကမ်းမြှောင် ဒေသတွေမှာ နိုင်ငံတစ်ခုထူထောင်ဖို့ လိုလားနေပါတယ်။ ပြီးတော့ အနောက်ဘက်ကမ်းမှာ နေထိုင်ကြတဲ့ ပါလက်စတိုင်းပြည်သူ ၂ ဒသမ ၅သန်း လောက်ရှိပါတယ်။ ဒီတော့ ဂျူးအခြေချ အိမ်ရာတွေရှိနေခြင်းက အနာဂတ်မှာ နိုင်ငံထူထောင်မယ့် အခွင့်အလမ်းတွေကို ပိတ်ဆို့နေတယ်လို့ ပါလက်စတိုင်းဘက်က ရှုမြင်နေတာကြောင့် အငြင်းပွား မှုတွေ ဖြစ်ပွားနေပါတယ်။
အခြေချမှုများ တရားမဝင်
မစ္စတာ ဘန်နီဂန့်စ်ရဲ့ မဟာမိတ်အဖွဲ့ဟာ ဂျော်ဒန်တောင်ကြားကို ဆက်လက်ထိန်းချုပ်ဖို့နဲ့ အနောက်ဘက်ကမ်း ဂျူးလူမျိုးတွေ ပြန်လည်အခြေချနေထိုင်ရေး အိမ်ရာတွေကို ဆက်လက်ထိန်းသိမ်းထားဖို့ကိုလည်း တောင်းဆိုနေပါတယ်။ နိုင်ငံတကာ စည်းမျဉ်းဥပဒေတွေအရ အခြေချအိမ်ရာတွေဟာ တရားမဝင်ဘူးလို့ ရှုမြင်ခံနေရပါတယ်။ ဝန်ကြီးချုပ် နေတန်ယာဟုက ရွေးကောက်ပွဲမှာ အနိုင်ရခဲ့မယ်ဆိုရင် သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းက ဂျူးလူမျိုးတွေရဲ့ အခြေချအိမ်ရာတွေကို အစ္စရေးနိုင်ငံထဲ သိမ်းယူသွားမယ်လို့ ကြုံးဝါးခဲ့ပါတယ်။ အနောက်ဘက်ကမ်းက အခြေချအိမ်ရာတွေမှာ ဂျူးလူမျိုး လေးသိန်းလောက် အခြေချနေထိုင် လျက်ရှိပါတယ်။
အဓိက အကြောင်းတစ်ခုဖြစ်လာနိုင်
၁၉၉၀ ပြည့်နှစ်များ အတွင်းမှာ ပါလက်စတိုင်းပြည်သူတွေနဲ့ ငြိမ်းချမ်းရေးသဘောတူညီမှုတစ်ရပ်ကို တံဆိပ်ခတ်နှိပ်ခဲ့တဲ့ အစ္စရေးအလုပ်သမား ပါတီဟာမဲဆန္ဒရှင်ပြည်သူတွေရဲ့ မျက်နှာသာပေးခြင်းကို မရရှိခဲ့ပါဘူး။ အစ္စရေးနိုင်ငံသား မဲပေးသူအရေ အတွက်ဟာ ၆ ဒသမ ၃ သန်းရှိပြီး လူမှုရေးအဖွဲ့အစည်း၊ လူမျိုးရေးနဲ့ ဘာသာရေး အဖွဲ့အစည်းတွေဟာ ရွေးကောက်ပွဲနေ့မှာ ၎င်းတို့ဘာလုပ် နိုင်တယ်ဆိုတာကို ဆုံးဖြတ်ရာမှာ အဓိကကျတဲ့ အကြောင်းတစ်ခုဖြစ် လာနိုင်ပါတယ်။
အစွန်းရောက် လူမျိုးရေးဝါဒီ အဖွဲ့တစ်ဖွဲ့ ဖြစ်တဲ့ ဇီဟတ်ပါတီရဲ့ ခေါင်းဆောင် မိုရှိဖီဂျလင်ဟာ အနာဂတ်ဆွေးနွေးပွဲတွေမှာ ခေါင်းဆောင်တွေကို ထွက်ပေါ်လာစေမယ့် King maker တစ်ယောက်ဖြစ်လာနိုင်ပြီး မဲရလဒ်တွေအရ ရာထူးနေရာ လေးခုကို ရယူနိုင်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။ ၎င်းအနေနဲ့ မစ္စတာ နေတန်ယာဟုနဲ့ မစ္စတာဂန့်စ်တို့အကြား ဝန်ကြီးချုပ်နေရာအတွက် ဘယ်သူ့ကိုမှ ဦးစားပေးခြင်း မရှိဘူးလို့ ဖီဂျလင်က ပြောပါတယ်။ ဆေးခြောက်တရားဝင် ရောင်းဝယ်ခွင့်အတွက် တောင်းဆိုခဲ့မှုတွေကြောင့် မစ္စတာဖီဂျလင်ကို လူသိများကြသော်လည်း ၎င်းဟာ ပါလက်စတိုင်း ပြည်သူတွေနဲ့ပတ်သက်လာရင် သဘောထား တင်းမာတဲ့ ရပ်တည်ချက်ရှိသူဖြစ်ပြီး ၎င်းတို့ကိုသိမ်းပိုက်ခံ အနောက်ဘက် ကမ်းနဲ့ ဂါဇာဒေသတို့ကနေ တခြားနိုင်ငံဆီ ရွှေ့ပြောင်းအခြေစိုက်ရေး တွန်းအားပေးဖို့ ဆန္ဒရှိနေပါတယ်။
ကလျာမိုးမြင့်
ကိုးကား အေအက်ဖ်ပီ၊ ဘီဘီစီ