၉  ဧပြီ

တိုင်းပြည်တစ်ပြည်ရဲ့ အနာဂတ်နဲ့ပတ်သက်လို့ပြောကြ၊ ရေးကြလျှင် Life Long Learning (သက်ဆုံးတိုင် လေ့လာသင်ယူခြင်း) ဆိုသည့်စကားကို မကြာခဏ ကြားနေရပြီး အစိုးရအနေဖြင့် ပြည်သူများကို ထိုယဉ်ကျေးမှုနှင့် နီးစပ်လာစေရန်၊ အသားကျစေရန်မည်သို့ ဆောင်ရွက်ပေးမည်ဆိုသည့် အချက်က အရေးကြီးပါသည်။

အကယ်၍ ထိုယဉ်ကျေးမှုနှင့် အသားကျအောင် လုပ်ဆောင်ပေးခြင်းမျိုးမရှိခဲ့လျှင် ပြည်သူများအဖို့ရှေ့လာမည့် ဆယ်စုနှစ်အတွင်း ပေါ်ပေါက်လာမည့်နည်းပညာအသစ်များ၊ အလုပ်အကိုင်အသစ်များအတွက် ကြိုတင်ပြင်ဆင်နိုင်မည့် အခွင့်အလမ်းမရှိတာကြောင့်အနာဂတ်မှာ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု နှစ်ခုအကြား ကွာဟမှုကြီးမားလာပါလိမ့်မည်။

ဤကဲ့သို့ သက်ဆုံးတိုင်လေ့လာသင်ယူခြင်းအတွက်ပြည်သူ့စာကြည့်တိုက်များသည် စာအုပ်ငှားရုံ၊ ထိန်းသိမ်းထားရုံ မဟုတ်တော့ဘဲ စာကြည့်တိုက်ဆိုင်ရာအစီအစဉ်များ၊ ရပ်ရွာအကျိုးပြု၊ လူမှုအကျိုးပြုအစီအစဉ်များအား စာကြည့်တိုက်ကို အခြေခံပြီး အသွင်ပြောင်းလဲမှု အစီအစဉ်များဖြင့် အထောက်အကူပြုကြရမည် ဖြစ်ပါသည်။ ပြည်သူ့စာကြည့်တိုက်များ၊ လူမှုအခြေပြု စာကြည့်တိုက်များတွင် စာဖတ်သူအခြေပြု အစီအစဉ်အသစ်များ၊ စာကြည့်တိုက်လုပ်ငန်းအသစ်များဖြင့် အသွင်ပြောင်းလဲရာတွင် အကောင်းဆုံးခေတ်မီ ပြည်သူ့စာကြည့်တိုက်များဖြစ်အောင် ကဏ္ဍခုနစ်ခုဖြင့် လုပ်ဆောင်လာကြပါသည်။

ကဏ္ဍ(၁) ။ စာကြည့်တိုက်ဆိုင်ရာ ဝန်ဆောင်မှုအသစ်များနှင့် စာကြည့်တိုက်အစီအစဉ်အသစ်များ။

ပြည်သူ့စာကြည့်တိုက်တစ်တိုက်သည် စာဖတ်သူလိုအပ်ချက်၊ ရပ်ရွာလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သော ဝန်ဆောင်မှုအသစ်များကို တစ်လလျှင်အနည်းဆုံးတစ်ကြိမ် ပုံမှန်အချိန်၊ ရက်သတ်မှတ်ပြီး လစဉ်လုပ်ဆောင်သော စာကြည့်တိုက်များ၊ ဥပမာ-အတတ်ပညာဆိုင်ရာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများကို Online တွင် ရှာဖွေပေးခြင်း၊ ပညာရပ်ဆိုင်ရာ၊ မျက်မှောက်ရေးရာဆွေးနွေးပွဲများ၊ စာသင်သားများအတွက် အိမ်စာကူညီပေးသော အစီအစဉ်များ၊ စာအုပ်ပြပွဲများ စသည့်အစီအစဉ်များ ပြုလုပ်ပေးနိုင်ပါ သည်။ စာကြည့်တိုက်တွင်ဖြစ်စေ၊ အခြားဌာန၊ ကျောင်းများမှာဖြစ်စေ၊ စာဖတ်အသင်းများ၊ လူငယ်များအတွက် စကားဝိုင်းများ၊ Debate များ၊ ရသ၊ သုတစာအုပ် Book Review များ၊ ဉာဏ်စမ်းပြိုင်ပွဲများ၊ လူငယ်များ၊ ကျောင်းသားများအတွက် ရည်ရွယ်သော အစီအစဉ်များ၊ ကျောင်းမနေနိုင်သော ကလေးများ၊ ကျောင်းထွက်ထားရသော ကလေးများအတွက် အစီအစဉ်များ၊ နယ်လှည့်စာကြည့်တိုက် အစီအစဉ်များစသဖြင့် ရပ်ရွာလိုအပ်ချက်နှင့်ကိုက်ညီသော စာကြည့်တိုက်အခြေခံ ဝန်ဆောင်မှုအသစ်၊ အစီအစဉ်အသစ်များကို ဆိုလိုပါသည်။ ဥပမာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အဖွဲ့အစည်းများ၊ စီးပွားရေးဆိုင်ရာ အဖွဲ့အစည်းများအတွက် စာကြည့်တိုက်တွင် ဟောပြောပွဲ၊ ဆွေးနွေးပွဲများ ပြုလုပ်နိုင်ရန်ချိတ်ဆက် စီစဉ်ပေးနိုင်သည်။

ကဏ္ဍ(၂) ။နည်းပညာဖြင့် အသိပညာတိုးတက်စေမည့်အစီအစဉ်များ။

အများပြည်သူအခမဲ့သုံးနိုင်သော wifi စနစ်(အနိမ့်ဆုံး 2mbps) တပ်ဆင်ထားခြင်းဖြင့် စာကြည့်တိုက်မှူးများနှင့် စာဖတ်သူများ Internet အတွင်း သတင်းအချက်အလက် ရှာဖွေမှု၊ web searching ကျွမ်းကျင်မှု၊ Skype ပြောဆိုတတ်မှု၊ Email ကို စနစ်တကျ သုံးစွဲတတ်မှု၊ ပညာရပ်ဆိုင်ရာ Application များ ၊ Download လုပ်၍ လေ့လာခြင်း၊ Audio Book များ၊ Do it yourself video clips များကို ပြည်သူများ အသုံးပြုနိုင်သော TabletLaptop၊  Desktop များတွင် Download လုပ်၍ ထားရှိပေနိုင်သည့်အဆင့်အထိ ပံ့ပိုးပေးထားနိုင်ပါသည်။

ကဏ္ဍ(၃) ။ စာကြည့်တိုက်ဖွင့်ချိန်။

စာကြည့်တိုက်အများစုရှိ စာကြည့်တိုက်မှူးများသည်စေတနာ့ဝန်ထမ်း စာကြည့်တိုက်မှူးများဖြစ်ပြီး ဝါသနာ၊ စေတနာအရင်းခံ၍ ပြည်သူများအတွက် ဝန်ဆောင်မှုပေး နေသူများဖြစ်ပါသည်။ စာကြည့်တိုက်ဖွင့်ချိန်ကို တစ်ပတ်လျှင် အနည်းဆုံး ၃၅ နာရီဖွင့်သော စာကြည့်တိုက်များ ရှိသကဲ့သို့ ညနေခင်းများနှင့် စနေ၊ တနင်္ဂနွေနေ့များ အပါအဝင် တစ်ပတ်လျှင် ၄၅ နာရီအထိဖွင့်သော စာကြည်တိုက်များလည်းရှိသည့်အတွက် ပြည်သူများအားလုံးအတွက် ဝန်ဆောင်မှုအပြည့်အဝ ပေးနိုင်ပါသည်။ စာကြည့်တိုက်ဖွင့်ချိန်တိုးနိုင်ပါက ရပ်ရွာရှိ လူငယ်၊ လူကြီးများ၊ ကလေးများ လက်ဖက်ရည်ဆိုင်၊ ဂိမ်းဆိုင်များတွင် အချိန်မဖြုန်းတော့ဘဲ စာကြည့်တိုက်များတွင် စာဖတ်ချိန် ပိုရကာအကျိုးရှိစေမှာဖြစ်၍ ပြည်သူများကြားတွင်စာကြည့်တိုက်ယဉ်ကျေးမှု ကျယ်ကျယ်ပြန့်ပြန့် ထွန်းကားလာမည်ဖြစ်ပါသည်။

ကဏ္ဍ(၄) ။စာကြည့်တိုက်ကို လစဉ် လာရောက်အသုံးပြုသူအရေအတွက်နှင့် အသင်းဝင်အရေအတွက်။

စာကြည့်တိုက်များသို့ နေ့စဉ်၊ လစဉ်လာရောက်အသုံးပြုသူ အရေအတွက်ကို မှတ်သားထားပြီး နှစ်စဉ်အနည်းဆုံး ၁၀ ရာခိုင်နှုန်းတိုးရန် ရည်မှန်းထားကာ အသင်းဝင်များနှင့်စာကြည့်တိုက် လာရောက်အသုံးပြုသူများတွင် ကလေး၊ လူကြီး၊ သက်ကြီးရွယ်အိုအဘိုး၊ အဘွားများအထိ ဥပမာ-အသက် လေးနှစ်မှ အသက် ၉၀ ကျော်အထိ အရွယ်စုံကို ကိုယ်စားပြုပါဝင်ဖို့ လိုပါသည်။ ဥပမာ အမြင်သစ်စာကြည့်တိုက် အင်းစိန်မြို့နယ်သည်စာ ကြည့်တိုက်အသုံးပြုသူ အရေအတွက်၊ စာအုပ်ငှားရမှုအရေအတွက်၊ သင်တန်းတက်သူအရေအတွက်တို့ကို Facebook အမြင်သစ် စာကြည့်တိုက် စာမျက်နှာတွင်လည်းကောင်း၊ စာကြည့်တိုက်အတွင်းတွင် လည်းကောင်း လစဉ်ဖော်ပြလျက်ရှိပါသည်။

ဤနေရာတွင် စာကြည့်တိုက်အသုံးပြုသူများအပြင် စာကြည့်တိုက်နှင့် စာအုပ်ကို နှစ်သက်သော်လည်း စာကြည့်တိုက်သို့ လာရောက်ခြင်းမရှိသော သူများထံမှ အကြံဉာဏ်သဘောထားတောင်းခံပြီး စာကြည့်တိုက်ဝန်ဆောင်မှု အသစ်များ ဖန်တီးနိုင်ပါသည်။ ဥပမာစာကြည့်တိုက်ကို အမြဲတမ်းအသုံးပြုသူဖြစ်စေ၊ လုံးဝအသုံးမပြုဖူးသူဖြစ်စေ၊ စာကြည့်တိုက်တန်ဖိုး နားလည်လာစေရန်၊ စာကြည့်တိုက်အကြောင်းသိစေရန်၊ အခွင့်အလမ်းရှာဖွေပြောပြနေခြင်းဖြင့် လည်းကောင်း၊ စာကြည့်တိုက်သို့ လာရောက်အသုံးပြုရန် စည်းရုံးခြင်းဖြင့်လည်းကောင်း၊ အသင်းဝင်အရေအတွက် တိုးတက်လာမည် ဖြစ်ပါသည်။

ကဏ္ဍ(၅) ။ မိတ်ဖက်အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှု။

အခြေခံအချက်အနေဖြင့် ပညာရေးဆိုင်ရာလှုပ်ရှားမှုနှင့် ပုံပြင်ပြောချိန်၊ စာဖတ်လေ့ကျင့်ခန်းများ စသည်တို့ကို ကျောင်းစာကြည့်တိုက်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်ပါသည်။ အခြားမိတ်ဖက်အဖွဲ့အစည်းများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ပြီး ၎င်းအဖွဲ့မှ ကိ်ုယ်စားလှယ်များကလည်း စာကြည့်တိုက်သို့ပုံမှန်လာရောက်၍ စာကြည့်တိုက်ဆိုင်ရာ အစီအစဉ်များတွင် ပူးပေါင်းဆောင်ရွက်ကြပါသည်။ စာကြည့်တိုက်တစ်ခု သေးသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ လက်ရှိရင်ဆိုင်နေရသော အခက်အခဲမှာ အထောက်အပံ့ရရှိရေး ဖြစ်ပါသည်။ ကျေးရွာ၊ ရပ်ရွာစာကြည့်တိုက်များတွင် လုပ်ကိုင်ရန်ခက်ခဲနေသော အရာမှာ လိုအပ်ချက်တွေများပြီး မိမိတွင်ရှိသည့် အရင်းအမြစ်က နည်းနေခြင်းဖြစ်ပါသည်။

ယခုမှ စတင်တည်ထောင်သော စာကြည့်တိုက်များ အနေဖြင့် မိမိမြို့နယ်၊ ကျေးရွာများ၏ အုပ်ချုပ်ရေးမှူးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ သတင်းသမားများနှင့် တွေ့ဆုံထားဖို့ လိုအပ်ပါသည်။ လူမှုအသိုင်းအဝိုင်းကို ဆွဲဆောင်စည်းရုံးနိုင်သော အရည်အချင်းနှင့်အတူ အလှူငွေပေးနိုင်၊ ထောက်ပံ့နိုင်သော အဖွဲ့အစည်းများကိုစည်းရုံး၍ စာကြည့်တိုက်ရေရှည်တည်တံ့နိုင်အောင် အထောက်အကူရရေးဆောင်ရွက်ကြရမည် ဖြစ်ပါသည်။ ထို့အပြင် စာကြည့်တိုက်အရေး တက်ကြွလှုပ်ရှားသော မိတ်ဖက်အဖွဲ့အစည်းအချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ရန် ကြားဝင်ဆောင်ရွက်ပေးနိုင်ဖို့ လိုသလိုစာကြည့်တိုက်နေရာကိုလည်း ရပ်ရွာလူထုတွေ့ဆုံရာ နေရာအဖြစ် အသုံးပြုနိုင်ရန် စီစဉ်ပေးနိုင်ရမည်ဖြစ်ပါသည်။

ကဏ္ဍ(၆) ။ အချက်အလက်များ စုဆောင်ခြင်း။

အခြေခံအချက်တစ်ခုအနေဖြင့် စာကြည့်တိုက်တစ်ခု၏ လစဉ်အစီရင်ခံစာကို ပြုစုထားရမည်ဖြစ်ပါသည်။ လစဉ်အသုံးပြုသူ အရေအတွက်၊ ငှားရမ်းသော စာအုပ်အရေအတွက်၊ အငှားအများဆုံးစာအုပ်များ၊ စာဖတ်သူအကြိုက် စာအုပ်၊ စာကြည့်တိုက်မှူးအကြိုက် စာအုပ်စာရင်းတို့ကို မှတ်သားထားနိုင်ပါသည်။ အသက်အရွယ်အလိုက် ကျား/မ၊ လူကြီး ၊ လူငယ် ၊ ကလေးများ စာကြည့်တိုက်အစီအစဉ်များတွင် တက်ရောက်မှုအခြေအနေ၊ တက်ရောက်သူဦးရေများကို မှတ်သားထားရမည် ဖြစ်ပါသည်။ စာကြည့်တိုက်အစီအစဉ်များကိုလည်း လူမှုကွန်ရက်တွင် ဓာတ်ပုံနှင့်တကွ မှတ်တမ်းတင်ထားခြင်းဖြင့် စာကြည့်တိုက်ကို လူသိအောင် ပြုလုပ်ပေးနိုင်ပါ သည်။

အချက်အလက်စုဆောင်းရာတွင် စာဖတ်သူများထဲမှအကြံဉာဏ်များလည်း ပါဝင်ပါသည်။ အကြံပေးစာများအတွက် သီးသန့်အကြံပြုသေတ္တာ (Suggestion Box)ထားရှိပြီး ပေးလာသောအကြံများကိုလည်း စာကြည့်တိုက်မှူးက အရေးတယူ ဆောင်ရွက်ဖြေရှင်းပေးပြီး ဖြေရှင်းပြီးကြောင်းကိုလည်း စာဖတ်သူများသိရှိရန် ပွင့်လင်းမြင်သာစွာ ပြုလုပ်ပေးရမည် ဖြစ်ပါသည်။ နောက်ဆုံးအချက်အနေဖြင့် စာကြည့်တိုက်အစီအစဉ်များကို ရည်မှန်းချက်များချမှတ်ပြီး လုပ်ဆောင်ရမည့်စီမံကိန်းများနှင့်အတူ သုံးလတစ်ကြိမ်ရေးဆွဲထားပြီး ပြည်သူများကို အသိပေးကြေညာထားရမည် ဖြစ်ပါသည်။

ကဏ္ဍ(၇) ။ လူအများနှင့် ထိတွေ့မှုအစီအစဉ်နှင့် အကြံဉာဏ်ပေးမှု။

စာကြည့်တိုက်ဆိုင်ရာအချက်အလက်များ၊ အစီအစဉ်များ၊ လှုပ်ရှားမှုများကို အချိန်နှင့်တစ်ပြေးညီ လက်ကမ်း စာစောင်များနှင့် Bulletin Boards များ၊ လူမှုမီဒီယာ များအပြင် စာကြည့်တိုက်အတွင်း၊ အပြင်နှစ်ရပ်လုံး၌ လူသိများအောင် ပြုလုပ်ပေးနိုင်ပါသည်။ စာကြည့်တိုက်လှုပ်ရှားမှုများကို ဒေသဆိုင်ရာ သတင်းစာ၊ စာနယ်ဇင်း၊ ရုပ်သံဌာန၊ အင်တာနက်တို့တွင် သုံးလတစ်ကြိမ် ဖော်ပြပေးနိုင်ပါသည်။ စာကြည့်တိုက်မှူးသည် ရပ်ရွာလူထုနှင့် ထိတွေ့နိုင်ရန် အခြားသော လှုပ်ရှားမှုများ (ရပ်ရွာအစည်းအဝေး၊ ဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲ)တွင်ပါဝင်ပြီး စာကြည့်တိုက်က ပါဝင်ကူညီနိုင်မည့် နည်းလမ်းများကို ရှာဖွေနိုင်သူဖြစ်ရပါမည်။

စာကြည့်တိုက်လုပ်ငန်းများ၊ အစီအစဉ်များအထဲမှ အောင်မြင်မှုအရဆုံး အစီအစဉ်ကို ရေးသား၍ ဂျာနယ်သတင်းစာတို့တွင် ရေးသားဖော်ပြနိုင်ပါသည်။ ဥပမာ-မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့မှအိပ်မက်သစ် စာကြည့်တိုက်ကို လူမှုကွန်ရက်မှတစ်ဆင့် စတင်သတိထားမိကာ ၎င်းစာကြည့်တိုက်၏ လှုပ်ရှားမှုများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ ရပ်ရွာလူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများမှသည် ကျိုက်ထိုမြို့နယ်၏ ဂုဏ်ဆောင် ပြည်သူ့စာကြည့်တိုက်အဖြစ် ရပ်တည်ကာ အခြားစာကြည့်တိုက်များ နမူနာယူရသော ချိတ်ဆက်ဆောင်ရွက်မူ ရလဒ်များကို တွေ့မြင်နေရပြီ ဖြစ်ပါသည်။ ယခုအခါ မွန်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၉ ခုနှစ် ပြည်သူ့လူမှုရေးထူးချွန်မှု ဂုဏ်ထူးဆောင်ဆုကိုပင် ဆွတ်ခူးနိုင်ခဲ့သည်မှာ ဂုဏ်ယူမှတ်တမ်းတင်စရာ စံနမူနာဖြစ်ပါသည်။

ဖော်ပြပါအချက်များဖြင့် ကျေးရွာ၊ ရပ်ရွာ၊ ပြည်သူ့စာကြည့်တိုက်များ အသွင်ပြောင်းလဲရာတွင် စာကြည့်တိုက်မှူး တစ်ဦးတည်း၊ ရပ်ရွာတစ်ရွာတည်း၊ မြို့နယ်တစ်ခုတည်း အကောင်းအထည်ဖော်ရန်၊ အသွင်ပြောင်းရန်မဖြစ်နိုင်ဘဲ အားလုံးဝိုင်း၍ လက်တွဲကူညီရမည် ဖြစ်ပါသည်။ ကျေးရွာ၊ ရပ်ရွာများရှိ ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်ရန် အသွင်ပြောင်းလာသော စာကြည့်တိုက်ဝန်ဆောင်မှုများကို ထိုစာကြည့်တိုက်များက ခေတ်နှင့်အညီ လုပ်ဆောင်နိုင်ရန်၊ ပြည်သူ့အစိုးရများ၊ ဒေသဆိုင်ရာ စည်ပင်သာယာရေး အဖွဲ့များအနေဖြင့် သီးခြားရန်ပုံငွေသတ်မှတ်ပြီး တိုင်းပြည်တစ်ပြည်၏ အနာဂတ်လှပရေး၊ အသိပညာ အတတ်ပညာ ပြည့်ဝသော လူမှုအဖွဲ့အစည်း ဖြစ်ထွန်းလာစေရေးတို့တွင် ရင်းနှီးမြှုပ်နှံပြီး ပူးပေါင်းဆောင်ရွက်ပံ့ပိုးနိုင်ရန် အထူးတိုက်တွန်း လိုပါသည်။

ထိုသို့ပူးပေါင်းပါဝင်ဆောင်ရွက်ရာတွင် ရှေ့တန်းမှဦးဆောင် အလုပ်လုပ်နေကြသော ပြည်သူ့စာကြည့်တိုက်မှူးများ၏ အသံနှင့် အရည်အချင်းတို့သည် အရေးအကြီးဆုံး အင်အားအဖြစ် ဆက်လက်ရပ်တည်နေမည်ဖြစ်ကြောင်း ဂုဏ်ယူစွာ ရေးသားမှတ်တမ်းတင်အပ်ပါသည်။ ။

မြတ်စန်းငြိမ်း