သန်းထိုက်၊ ဓာတ်ပုံ - ကနူး

 

ယနေ့မြန်မာနိုင်ငံတွင် ဆီးချို၊ သွေးတိုးနှင့် ကျောက်ကပ်ဝေဒနာခံစားနေရသူတို့ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကုသပေးလျက်ရှိပြီး ဆီးချိုရောဂါအနေဖြင့် လူ့စွမ်းအားအရင်းအမြစ်ကို ထိခိုက်စေသောကြောင့် မွေးကင်းစမှ ၁၈ နှစ်အရွယ်အထိ ဆီးချို ကလေးငယ်များအတွက် ရန်ကုန်ကလေးဆေးရုံကြီး (ဟယ်ပင်)မှ လိုအပ်သော အင်ဆူလင်နှင့် အခြားအထောက်အပံ့ပစ္စည်းများကို အခမဲ့ပေးဝေ၍ ကုသပေးလျက်ရှိသည်။

 

သကြားဓာတ်ကို ပုံမှန်ထိန်းထားနိုင်မှသာ

 

မြန်မာနိုင်ငံတွင် ဆီးချိုရောဂါအနေဖြင့် ကလေးဆီးချို ရောဂါဖြစ်သောအမျိုးအစား (၁) ကလေး ဆီးချိုနှင့် လူကြီး ဆီးချိုဖြစ်သော အမျိုးအစား (၂)လူကြီးဆီးချိုဟူ၍ ခွဲခြားထားသည်။ အမျိုးအစား(၁) ကလေးဆီးချိုမှာ ကိုယ်ခန္မာအတွင်း သကြားဓာတ်များနေသော အခြေအနေတွင် ကလေးဆီးချိုကို ဖြစ်ပေါ်စေလျက် အသက် ၂၅ နှစ်အောက်တွင် အဖြစ်များ၍ မည်သည့် အသက်အရွယ်တွင်မဆိုလည်း ဖြစ်ပွားတတ်သည်။ မိမိစားသောက်လိုက်သော အစားအစာများမှ ကိုယ်ခန္ဓာအတွင်း သကြားဓာတ်အဖြစ်သို့ ပြောင်းလဲသွားစဉ် ထိုသကြားဓာတ်အား ကိုယ်ခန္ဓာမှ လိုအပ်သလို အသုံးချနိုင်ရန်အတွက် အင်ဆူလင်ဟုခေါ်သော ဟော်မုန်းလိုအပ်ရာ သရက်ရွက်မှ ထွက်ရှိသော အင်ဆူလင်သည် ခန္မာကိုယ်အတွက် လိုအပ်သလောက် ထုတ်လုပ်ပေးနိုင်မှသာ သကြားဓာတ်ကို ပုံမှန် ထိန်းထားနိုင်မည်ဖြစ်သည်။

 

ယူဆ

 

ယနေ့ကလေးငယ်များတွင် ဖြစ်ပေါ်နေသည့် အမျိုး အစား(၁) ကလေးဆီးချိုသည် မိမိခန္ဓာကိုယ်အတွင်းရှိ သရက်ရွက်အတွင်းမှ အင်ဆူလင်ထုတ်လုပ်ပေးသော ကလာပ်စည်းများကို မိမိကိုယ်ခံစွမ်းအားစနစ်မှ ပြန်လည်တိုက်ခိုက်ခြင်းကြောင့်ဖြစ်ပြီး ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် အင်ဆူလင်ထုတ် လုပ်နိုင်စွမ်း ကျဆင်းလာခြင်းဖြစ်ရာ အင်ဆူလင်မရှိသည့် အတွက် သွေးတွင်းသကြားဓာတ်များလာခြင်း ဖြစ်သည်။ အမျိုးအစား(၁) ကလေးဆီးချိုဖြစ်နိုင်သော တိကျသေချာသည့် အကြောင်းအရာများကို သုတေသနပြုလျက်ရှိပြီး မျိုးရိုးဗီဇနှင့် ပတ်ဝန်းကျင်မှ အချို့သော အကြောင်းအရာများ ပေါင်းစပ်ခြင်းကြောင့် အဆိုပါ ရောဂါဖြစ်နိုင်သည်ဟု ယူဆထားသည်။

 

လက္ခဏာ

 

အမျိုးအစား(၁) ကလေးဆီးချိုခံစားနေရပါက ကလေးသည် မကြာခဏဆီးသွားခြင်း၊ ရေငတ်လာခြင်း၊ နွမ်းနယ်နေခြင်းနှင့် တဖြည်းဖြည်းပိန်လာခြင်းစသည့် လက္ခဏာများ ဖြစ်ပေါ်တတ်သည်။ အချို့ကလေးများမှာ အချိန်ကာလခဏအတွင်း ရောဂါလက္ခဏာများ သိသာထင်ရှားလာတတ်ခြင်း၊ လအတော်ကြာမှသာ သိသာထင်ရှားလာတတ်ခြင်းတို့ ဖြစ်ပေါ်တတ်ကာ ထိုလက္ခဏာများ တွေ့ရှိပါက နီးစပ်ရာ ဆရာဝန်နှင့် ကျန်းမာရေးဌာနတို့တွင် သွေးတွင်းသကြားဓာတ်ကို စစ်ဆေး၍ သကြားဓာတ်များနေပါက နီးစပ်ရာ ဆရာဝန်၊ ကလေးဆရာဝန်နှင့် ရောဂါကို တားဆီးကာကွယ် နိုင်သည်။

 

မိမိကိုယ်တိုင်ကုသနိုင်

 

မိမိတို့၏ရင်သွေးများ ကလေးဆီးချိုခံစားနေရပါက မိမိတို့ ကိုယ်တိုင်ကုသနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဆောင်ရွက်ပေးထားရာ ကိုယ်ခန္ဓာအတွင်း အင်ဆူလင် လုံလောက်စွာ မရရှိခြင်းကြောင့် ကလေးဆီးချိုရောဂါ ခံစားရခြင်းဖြစ်၍ အင်ဆူလင်ကို နေ့စဉ်ထိုးပေးခြင်းဖြင့် ကုသနိုင် ကြောင်း၊ အင်ဆူလင်ထိုးရမည့် ပမာဏနှင့် မည်ကဲ့သို့ ထိုးရမည်ကို ဆရာဝန်က သင်ကြားပေးမည်ဖြစ်ပြီး သောက်ဆေးဖြင့် ကုသ၍ မရသောရောဂါဖြစ်သောကြောင့် သွေးတွင်းသကြား ဓာတ်ကို နေ့စဉ်စစ်ဆေးပေးရန် လိုအပ်ကြောင်း သိရသည်။

 

ဆက်သွယ်နိုင်

 

သွေးအတွင်းသကြားဓာတ်များနေပါက ရန်ကုန်ကလေး ဆေးရုံကြီး(ဟယ်ပင်) ကလေးဆီးချိုဌာန ဖုန်း ဝ၉-၄၀၄၄၇၇၁၄၇ သို့ (ရုံးချိန်အတွင်း) တိုက်ရိုက်ဆက်သွယ်နိုင်ပြီး ရန်ကုန်ကလေး ဆေးရုံကြီးမှ ဆီးချိုဖြစ်ပွားနေသော ကလေးငယ်များအတွက် အင်ဆူလင်နှင့် အခြားလိုအပ်သော ပစ္စည်းတို့ကို အခမဲ့ ကူညီပံ့ပိုးကုသပေးလျက်ရှိသည်။

 

ဘယ်လောက်ကြာအောင် ကုရမလဲ

 

ကလေးဆီးချိုသည် တစ်သက်လုံးကုသရမည့် အခြေအနေမျိုးဖြစ်ပြီး ယခုချိန်ထိ အမျိုးအစား(၁) ကလေးဆီးချို ပျောက်ကင်းရန် ကုသနိုင်မည့် နည်းလမ်းရှာဖွေနေဆဲဖြစ်၍ မိမိကလေးတွင် စတင်ဖြစ်ပွားနေသည်ဟု သိရှိပါက ချက်ချင်းဆေးရုံသို့ လာရောက်ကုသခြင်းဖြင့် ကလေး၏ ကျန်းမာရေးကို များစွာအထောက်အကူ ဖြစ်စေမည်ဖြစ်သည်။

 

ပုံမှန်နေထိုင်နိုင်

 

အမျိုးအစား(၁)ကလေးဆီးချိုသည် အချိုအလွန်အကျွံ စား၍ ဖြစ်ပွားခြင်း မဟုတ်သလို အဝလွန်ခြင်းကြောင့် ဖြစ်ပွားခြင်းလည်း မဟုတ်သည့်အတွက် ကလေးငယ်သည် နေ့စဉ် လူမှုဘဝတွင် ပျော်ရွှင်စွာနေထိုင်နိုင်ပြီး အခြားကလေးငယ်များ ကဲ့သို့ ပုံမှန်ဆော့ကစားခြင်း၊ ကျောင်းတက်ခြင်းဖြင့် လူမှုဝန်းကျင်တွင် နေထိုင်နိုင်သည်။

 

‘‘ရန်ကုန်ကလေးဆေးရုံကြီးမှာ ကလေးဆီးချို ပြင်ပလူနာဌာနကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလက စတင်ဆောင်ရွက်ခဲ့တာပါ။ ကလေးမှာ ဆီးချိုဖြစ်တယ်ဆိုတာ နည်းနည်းတော့ လူသိနည်းတယ်။ လူကြီးမှာ ဆီးချိုဖြစ်တာများတယ်။ ကလေးမှာ အဖြစ်များတာက အမျိုးအစား(၁) ဆီးချိုနဲ့ လူကြီးမှာဖြစ်တာက အမျိုးအစား(၂) ဆီးချိုဆိုပြီး ခွဲခြားထားပါတယ်။ အမျိုးအစား (၁) ဆီးချိုနဲ့ အမျိုးအစား (၂) ဆီးချိုဖြစ်ပွားတဲ့ နောက်ခံအကြောင်းအရာတော့ ကွာခြားတယ်။ ကလေးဆီးချို ဖြစ်တာက ခန္ဓာကိုယ်ထဲမှာ အင်ဆူလင်မထုတ်နိုင်လို့ ဖြစ်တာ။ အင်ဆူလင်က သကြားဓာတ်ကို ချပေးတဲ့ ဟော်မုန်းဓာတ် တစ်ခုပါ။ အင်ဆူလင်မှာ သောက်ဆေး မရှိတာကြောင့် ထိုးဆေး အဖြစ်ပဲ ပေးရပါတယ်။ တစ်နေ့ နှစ်ကြိမ် (သို့) လေးကြိမ် အင်ဆူလင်ဆေးကို ထိုးပေးဖို့ လိုပါတယ်” ဟု ရန်ကုန်ကလေး ဆေးရုံကြီးမှ ကလေးအထူးကုဆရာဝန် ဒေါက်တာ မြတ်စန္ဒာသိန်းက ပြောကြားသည်။

 

ဖွင့်လှစ်ကုသပေး

 

အင်ဆူလင်ဆေးထိုးရန် ဆေး၊ အပ်နှင့် သကြားဓာတ်စစ်ရန် ဆီးချိုစမ်းသောစက်၊ ဆီးချိုစစ်ရန် ပလိတ်ပြားများ လိုအပ်ရာ နေ့စဉ်ကျပ်ငွေကုန်ကျနိုင်ပြီး ရပ်ဝေးဒေသနှင့် တောင်ပေါ်ဒေသတို့တွင် ထိရောက်စွာ ကုသနိုင်မှုမရှိပါက ဆီးချိုအဆိပ်တက်၍ နောက်ဆက်တွဲ ရောဂါများ ဖြစ်ပွားတတ်လေ့ရှိသည်။ ထို့ပြင် အချိန်မီ ကုသမှုမရှိပါက ဆုံးပါးတတ်သောကြောင့် ရန်ကုန် ကလေးဆေးရုံကြီးမှ ကလေးဆီးချို ဝေဒနာရှင်တို့အတွက် အင်ဆူလင်နှင့် အခြားအထောက်အပံ့ပစ္စည်းများကို မွေးကင်းစမှ အသက် ၁၈ နှစ်အထိ အခမဲ့ပေးဝေလျက်ရှိကာ ထိုရောဂါအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့ရှိ ဆေးရုံ ခြောက်ခုတွင် ကုသပေးလျက်ရှိသည်။

 

တစ်နိုင်ငံလုံးတွင်

 

ဆေးဝါးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် မိတ်ဖက်အလှူရှင်များက ထောက်ပံ့ပေးလျက်ရှိပြီး နယ်ဒေသများဖြစ်သော လွိုင်ကော်၊ ဘားအံ၊ ပင်းတယရှိ ဆေးရုံသို့ ရန်ကုန်တိုင်းကလေးဆေးရုံကြီးမှ အင်ဆူလင်နှင့် အခြားပစ္စည်းများကို အခမဲ့ပေးပို့လျက်ရှိကာ တစ်နိုင်ငံလုံးတွင် အသက် ၁၈ နှစ်အထိ ကလေး ၁၇၀ ကျော်ကို ကုသပေးလျက်ရှိကြောင်း သိရသည်။

 

ကြိုးပမ်းဆောင်ရွက်

 

အမျိုးအစား(၁)ကလေးဆီးချိုနှင့် ဟော်မုန်းပြင်ပလူနာ ဌာနများကို ရန်ကုန်ကလေးဆေးရုံနှင့်အတူ ရန်ကုန်ဆေးရုံကြီး (ဟော်မုန်းရောဂါဌာန)၊ မြောက်ဥက္ကလာပဆေးရုံ၊ မ္တလေးဆေးရုံ (ဟော်မုန်းရောဂါဌာန)၊ မန္တလေး ခုတင် ၅၅၀ ကလေးဆေးရုံနှင့် မကွေးဆေးရုံ (ကလေးဆီးချိုပြင်ပလူနာ ဌာန) တို့တွင် ဖွင့်လှစ်ကုသပေးလျက်ရှိပြီး ဆက်လက်၍ နေပြည်တော် ဥတ္တရသီရိ ကလေးဆေးရုံနှင့် တောင်ကြီးဆေးရုံတို့တွင် ဖွင့်လှစ်ကုသနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။

 

ကုသပေးလျက်ရှိ

 

မြန်မာနိုင်ငံတွင် အသက် ၁၈ နှစ်အောက် ကလေးဆီးချို ရောဂါကို ၂၀၁၄ ခုနှစ်တွင် ၂၃ ဦး၊ ၂၀၁၅ ခုနှစ်တွင် ၁၅ ဦး၊ ၂၀၁၆ ခုနှစ်တွင် ၁၂ ဦး၊ ၂၀၁၇ ခုနှစ်တွင် ၄၉ ဦးနှင့် ၂၀၁၈ ခုနှစ်တွင် ၇၂ ဦးဖြင့် စုစုပေါင်း ၁၇၁ ဦးကို ကုသပေးလျက်ရှိ ပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် ကလေးခြောက်ဦးကိုလည်း ကုသပေးနေသောကြောင့် တစ်နိုင်ငံလုံးအနေဖြင့် ၁၇၇ ဦး ကို ရန်ကုန်ကလေးဆေးရုံကြီး (ဟယ်ပင်)မှ ကုသပေးလျက် ရှိသည်။ ။