၉ ဧပြီ
အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းရှိ ပင်မညွန့်ပေါင်းအစိုးရ အခြေစိုက်စခန်းတစ်ခုအနီး အသေခံကားဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် လူရှစ်ဦးထက်မနည်း ဒဏ်ရာရခဲ့ပြီး အမေရိကန် ကန်ထရိုက်တာတစ်ဦး၊ အသေခံဗုံးခွဲသူ တစ်ဦးနှင့် အမေရိကန်စစ်သား သုံးဦးအပါအဝင် ငါးဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဘာဂရမ် လေတပ်အခြေစိုက်စခန်း အနီးတွင် ဧပြီ ၈ ရက်နေ့က အဆိုပါ လက်လုပ်ဗုံးတစ်လုံးပေါက်ကွဲမှုကြောင့် အမေရိကန်တပ်ဖွဲ့ဝင် သုံးဦးနှင့် ကန်ထရိုက်တာ တစ်ဦး သေဆုံးခဲ့ပြီး အမေရိကန်တပ်ဖွဲ့ဝင် သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း အမေရိကန်တပ်ဖွဲ့ အာဖဂန်နစ္စတန်ကြေညာချက်တွင် အတည်ပြုဖော်ပြခဲ့သည်။
ထိုဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့သောတပ်ဖွဲ့ဝင်များကို ဘေးကင်းရာသို့ပြောင်းရွှေ့ပေးခဲ့ပြီး ဆေးဝါးကုသခဲ့ကြောင်း ၎င်းကြေညာချက်တွင် ဖော်ပြထားသည်။
ပါဝမ်ပြည်နယ် ဘာဂရမ်ခရိုင် ပူအီဘာရစ် ဒေသတွင် ယင်းလက်လုပ်ဗုံးပေါက်ကွဲမှုကြောင့် ၎င်းဗုံးခွဲသူ သေဆုံးခဲ့ပြီး အရပ်သား ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဖဂန်ခရိုင်ရဲချုပ်က သတင်းထောက်များကို ပြောကြားခဲ့သည်။
ဘာသာပြန် - မြင့်မြင့်ချို
ကိုးကား-ဆင်ဟွာ