နေပြည်တော် ၉ ဧပြီ
အမှတ်(၁၆)လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(လားရှိုး)မှ တပ်ဖွဲ့ဝင်များသည် ဧပြီ ၈ ရက် နံနက် ၇ နာရီခွဲတွင် လားရှိုးမြို့နယ်၊ ခိုက်တွေကျေးရွာ၌ တရုတ်နိုင်ငံသားနှင့် မြန်မာနိုင်ငံသူတို့ လက်ထပ်ပြီး ပေါင်းသင်းနေထိုင်စဉ် မြန်မာအမျိုးသမီးမှာ တရုတ်နိုင်ငံသို့ မလိုက်လို၍ ထွက်ပြေးနေကြောင်း သတင်းအရ တန့်ယန်းမြို့နယ်၊ ဖတ်ကွမ်ကျေးရွာနေ မ××××× (၁၇)နှစ်နှင့် မိခင်ဖြစ်သူ ဒေါ်အေးပျမ်း (၃၈)နှစ်တို့(၂)ဦးအား သွားရောက်စစ်မေးရာ လွန်ခဲ့သော(၃)လခန့်က နေအိမ်သို့ တစ်ရွာတည်းနေ အိုက်ခမ်းလျှံ၊ နောင်မွန်ကျေးရွာနေ အားဖူ(၄၄)နှစ်နှင့် ၎င်း၏ဇနီးဖြစ်သူ မအားရှင်း(၄၄)နှစ်တို့ ရောက်ရှိလာပြီး သတိုးသမီးလာရှာခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံသားနှင့် လက်ထပ်ပါက ချမ်းချမ်းသာသာနေရမည်ဖြစ်ပြီး ငွေကျပ် (၆၀ဝ၀ဝ၀ဝ) ဖြင့် တောင်းရမ်းမည်ဖြစ်ကြောင်း ပြောဆိုစည်းရုံးခဲ့သည်။
ထို့နောက် (၅)ရက်ခန့်အကြာ မ××××× နှင့် တရုတ်နိုင်ငံ၊ ကျန်စူးပြည်နယ်၊ စွတ်ဟုန်မြို့နေ တရုတ်နိုင်ငံသား ကျန်းဟွာလျန့် (၃၃)နှစ်တို့ လက်ထပ်ခဲ့ပြီး ငွေကျပ် (၆၀၆၀ဝ၀ဝ)အား ဒေါ်အေးပျမ်းထံ ပေးခဲ့ကြောင်း၊ (၁)လခန့်အကြာ ကျန်းဟွာလျန့်က ဆဲဆိုကြိမ်းမောင်းရာမှ မပေါင်းသင်းလိုသဖြင့် မ×××× မှာ ခိုက်တွေကျေးရွာသို့ ထွက်ပြေးလာခဲ့ကြောင်း၊ ကျန်းဟွာလျန့်က ၎င်း၏ အစ်မဖြစ်သူ တစ်မြို့တည်းနေ ကျန်းဟွာချင် (၃၃)နှစ်နှင့် ယောက်ဖဖြစ်သူ တုံးရှောင်လုံ (၃၂)နှစ်တို့အား ခေါ်ဆောင်လာပြီး မ×××× အား ရှာဖွေခဲ့ကြောင်းနှင့် အိုက်ခမ်းလျှံမှာ အကျိုးမြတ်ရယူခြင်း မရှိဘဲ ကူညီပေးခဲ့ကြောင်း စစ်ဆေးသိရှိရသောကြောင့် ကျန်းဟွာလျန့်ပါ (၃)ဦးနှင့် အားဖူပါ(၂)ဦးတို့အား လားရှိုးမြို့မရဲစခန်း (ပ)၁၀၇/၂၀၁၉၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၃၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
MDN