နေပြည်တော် ၁၀ ဧပြီ

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြားစောင့် တပ်ဖွဲ့များအကြား အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး၏ ပူးတွဲသတင်းထုတ်ပြန်ချက်တွင် နှစ်နိုင်ငံနယ်စပ်ဒေသ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးပူးပေါင်း ဆောင်ရွက်မှုများနှင့် ပတ်သက်၍ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှု၊ အကြမ်းဖက်မှု၊ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုများကို ထိရောက်စွာ တားဆီးနှိမ်နင်းရေးဟူသော အချက်လည်းပါရှိသည်။ မူးယစ်ဆေးဝါးပြဿနာသည် မိမိတို့၏အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုလည်း သတိပေး ခေါင်းလောင်းထိုးနေပြီဖြစ်ကြောင်း ပြင်ပသတင်းများတွင် တွေ့ရှိနေရသည်။

မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါးပြဿနာနှင့်စပ်လျဉ်း၍ ဘိန်းစိုက်ပျိုးမှု၊ ဘိန်းဖြူထုတ်လုပ်မှု၊ စိတ်ကြွရူးသွပ်ဆေးပြားထုတ်လုပ်မှုနှင့် သယ်ဆောင်ရောင်းဝယ်မှု၊ အစပျိုးဓာတုပစ္စည်းများကို နယ်စပ်ဖြတ်ကျော် ရောင်းဝယ်ဖောက်ကားမှု၊ မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် ဆက်စပ်နောက်ဆက်တွဲ အန္တရာယ်များ မြင့်တက်လာနေမှု စသည့်စိန်ခေါ်မှုများနှင့်ရင်ဆိုင်နေရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဘိန်းစိုက်ပျိုးထုတ်လုပ်သော အဓိကနိုင်ငံများအနက် တစ်ခုအပါအဝင်ဖြစ်ပြီး ကမ္ဘာ့ဘိန်းထုတ်လုပ် မှု၏ ၁၄ ရာခိုင်နှုန်းကို ထုတ်လုပ်ကြောင်းနှင့် ကမ္ဘာ့ဘိန်းစိုက်ဧရိယာ စုစုပေါင်း ၂၀ ရာခိုင်နှုန်းခန့်ရှိကြောင်း ၂၀၁၆ ခုနှစ် ကမ္ဘာ့မူးယစ်ဆေးဝါး အစီရင်ခံစာက ဆိုသည်။ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုသည် မြန်မာနိုင်ငံ၏ ကြီးမားသော မူးယစ်ဆေးဝါးဆိုင်ရာ ပြဿနာအဖြစ် ရှိနေဆဲဖြစ်ပြီး လွန်ခဲ့သည့် ခြောက်နှစ်ကျော်ကာလခန့်မှ စတင်ကာ စိတ်ကြွရူးသွပ်ဆေးပြား ပြဿနာကလည်း ထပ်မံကြီးထွားလာခဲ့ပြီး ကမ္ဘာပေါ်ရှိစိတ်ကြွရူးသွပ် ဆေးပြားထုတ်လုပ်သည့် အဓိကနိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံလည်း ပါဝင်လာခဲ့သည်။

စင်စစ်အားဖြင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးကို မြန်မာနိုင်ငံက အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ခံယူကာ တားဆီးကာကွယ်ရေး၊ နှိမ်နင်းတိုက်ဖျက်ရေးတို့ ဆောင်ရွက်လျက်ရှိသည်။ သို့ရာတွင် လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားခြင်း၊ နယ်စပ်ဒေသများတွင် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခြင်း၊ တိုင်းရင်းသားပြည်သူများအတွင်း ဆင်းရဲမွဲတေခြင်းနှင့် လူမှုစီးပွားဘဝများ နိမ့်ကျနေခြင်း၊ နိုင်ငံရေး မတည်ငြိမ်ခြင်းနှင့်အချို့ ဒေသများတွင် တရားဥပဒေ စိုးမိုးမှုမရှိခြင်း စသည်တို့က မူးယစ်ဆေးဝါး စိုက်ပျိုးမှု၊ ထုတ်လုပ်မှု၊ သိုလှောင်မှုနှင့် သယ်ဆောင်ရောင်းဝယ်မှုတို့ကို တားဆီးနှိမ်နင်းရာတွင် အဟန့်အတား ဖြစ်စေလျက်ရှိသည်။ တစ်ဖက်တွင်လည်း မြန်မာနိုင်ငံသည် ပထဝီဝင်အနေအထားအရ စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာတွင် အသုံးပြုသော ဓာတုပစ္စည်းများကို ထုတ်လုပ်သည့် အိမ်နီးချင်းနိုင်ငံကြီး နှစ်နိုင်ငံအကြားတွင် တည်ရှိနေခြင်း၊ အရှေ့တောင်အာရှနှင့် တောင်အာရှဒေသ နိုင်ငံတကာ မူးယစ်ဆေးဝါးဈေးကွက်များနှင့် ဆက်စပ်တည်ရှိနေခြင်းတို့က မူးယစ်ဆေးဝါးထုတ်လုပ်သည့် အဓိက နိုင်ငံအဖြစ်သို့ ရောက်ရှိစေခဲ့ခြင်းဖြစ်သည်။

ယခုအခါ မူးယစ်ဆေးဝါးကြောင့် ဖြစ်ပေါ်လာသော ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ အန္တရာယ်များကို အနိမ့်ဆုံးအဆင့်အထိ လျှော့ချခြင်းဖြင့် လုံခြုံပြီး ကျန်းမာသော လူ့အသိုင်းအဝိုင်းတစ်ခု တည်ဆောက်ရေးဟူသော ရည်မှန်းချက်ဖြင့် အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒသစ်ကို ချမှတ်ကျင့်သုံးလျက်ရှိသည်။ မူဝါဒသစ်အရ ထုတ်လုပ်မှုလျှော့ချရေးနှင့် အစားထိုးဖွံ့ဖြိုးရေး၊ သုံးစွဲမှုလျှော့ချရေးနှင့် နောက်ဆက်တွဲအန္တရာယ်လျှော့ချရေး၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး၊ သုတေသနလုပ်ငန်းများ တိုးမြှင့်ရေး၊ လူ့အခွင့်အရေး ပြဋ္ဌာန်းချက်များနှင့်အညီ ဖြစ်စေရေးဟူသည့် နယ်ပယ် (၅) ရပ်ကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်သည်။

မူးယစ်ဆေးဝါးပြဿနာသည် လူသားတစ်ရပ်လုံးနှင့် သက်ဆိုင်သည့်ပြဿနာဖြစ်သည်။ မူးယစ်ဆေးဝါး ထုတ်လုပ်ခြင်း၊ သယ်ဆောင်ရောင်းဝယ်ခြင်းတို့သည် နယ်စပ်ဖြတ်ကျော် ပြုလုပ်နေကြခြင်း ဖြစ်သည့်အလျောက် ယင်းကိစ္စများကို ကိုင်တွယ်ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ခြင်း၊ သတင်းဖလှယ်ခြင်း၊ နည်းပညာဆိုင်ရာ အပြန်အလှန် အထောက်အကူပြုခြင်းတို့ အားကောင်းရန် လိုအပ်သည်။ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် မူးယစ်ဆေးဝါး ပြဿနာကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်ကြမည်ဟု ယုံကြည်ပါကြောင်း။

မြန်မာ့အလင်း