ခြူးစန္ဒီနွေး

ရွှေ့ပြောင်းလုပ်သားတွေ ဝင်ရောက်ရာလမ်းကြောင်းဖြစ်တဲ့ မက္ကဆီကိုနဲ့ ထိစပ်နေတဲ့နယ်စပ်ကို အမေရိကန်သမ္မတ ထရမ့်က ပိတ်ပစ်ဖို့ နည်းလမ်းတွေ ရှာဖွေနေတဲ့အချိန် ဗဟိုအစိုးရကတော့ အိမ်သန့်ရှင်းရေး၊ မြေယာပြုပြင်ရေးလုပ်ငန်းနဲ့ အခြားသောနယ်ပယ်တွေမှာ လုပ်ကိုင်နိုင်မယ့် ယာယီအလုပ်အတွက် နိုင်ငံခြားသားအလုပ်သမား တွေကို ဗီဇာထုတ်ပေးချင်ပါတယ်။

အရေအတွက်ကန့်သတ်

အမိမြေလုံခြုံရေးနဲ့ အလုပ်သမားဌာနက တော့  H-2B ဗီဇာပေါင်း သုံးသောင်းခန့်ကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကစပြီး ထုတ်ပေးဖို့ စီစဉ် ခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမယ့် လွှတ်တော်ကတော့ ဗီဇာထုတ်ပေးမှုအ ရေအတွက်ကို ကန့်သတ်ခဲ့ပါတယ်။  H-2B ဗီဇာဆိုတာ စိုက်ပျိုးရေးမဟုတ်တဲ့ အခြားယာယီ လုပ်ငန်းတွေမှာ လုပ်ကိုင်ဖို့ နိုင်ငံခြားကနေ အလုပ်သမားတွေကို အမေရိကန်နိုင်ငံအတွင်း ငှားရမ်းလုပ်ကိုင်စေတာပါ။ စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေ၊ မြေယာပြုပြင်ရေးကုမ္ပဏီတွေနဲ့ အခြားသော ကုမ္ပဏီတွေမှာ လုပ်ကိုင်နိုင်မယ်ဆိုရင် ရွှေ့ပြောင်းလုပ်သားတွေအတွက် ဗီဇာရှိမှသာ တရားဝင်လုပ်ကိုင်ခွင့်ရမှာ ဖြစ်ပါတယ်။

ကျိုးကြောင်းမညီညွတ်

ပြီးခဲ့တဲ့ဘဏ္ဍာနှစ်မှာတော့ ထုတ်ပေးခဲ့တဲ့ ဗီဇာရဲ့ ၇၅ ရာခိုင်နှုန်းခန့်ဟာ မက္ကဆီကိုကလာတဲ့ အလုပ်သမားတွေရရှိခဲ့တယ်လို့ အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ ဖော်ပြလျက်ရှိပါတယ်။ ဂွါတီမာလာနဲ့ အခြားသော တောင်အမေရိကနိုင်ငံသားတွေအတွက်လည်း ဗီဇာ ထုတ်ပေးခဲ့တယ်လို့ သိရပါတယ်။ ဗီဇာထုတ်ပေးတဲ့ နေရာမှာ ထိန်းချုပ်မှုတွေကို ဖယ်ရှားပေးဖို့ စီးပွား ရေးလုပ်ငန်းတွေဟာ ပုံမှန်အားဖြင့် လွှတ်တော် အမတ်တွေကို တွန်းအားပေးကြပါတယ်။ အလုပ် လက်မဲ့ပမာဏဟာလည်း ကျဆင်းနေပြီး ပြည်တွင်း လုပ်သားတွေလည်း ပိုပြီးရှားပါးလာတဲ့အတွက် အခုလို တောင်းဆိုမှု ဖြစ်ပေါ်လာရတာပါ။ အစိုးရရဲ့ လှုပ်ရှားမှုတစ်ရပ်ဖြစ်တဲ့  H-2B အစီအစဉ်ကို တိုးချဲ့ဖို့ စီစဉ်တာဟာ တောင်ပိုင်းနယ်စပ်ကို ပိတ်ပစ် မယ်ဆိုတဲ့ ထရမ့်ရဲ့ ပြောစကားနဲ့ ကျိုးကြောင်းမညီ ညွတ်ဘူး ဖြစ်နေပါတယ်။

ကွဲလွဲမှုတွေရှိ

အမေရိကန်သမ္မတ ထရမ့်ဟာ ဂျူး ရီပတ်ဘလီကန်ညွန့်ပေါင်းအဖွဲ့မှာ မိန့်ခွန်းပြောကြား ခဲ့စဉ်က “ကျွန်တော်တို့တိုင်းပြည်မှာ လူတွေနဲ့ ပြည့်နေပြီလို့ ပြောခဲ့ပါတယ်။ ဒီထက်ပိုပြီးလည်း ကိုင်တွယ်ပေးလို့ မရတော့ဘူး။ ရွှေ့ပြောင်းလုပ်သားတွေ ထပ်ဝင်လာလို့ မရတော့ဘူး၊ တောင်းပန်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ လူဝင်မှုကြီးကြပ်ရေး သုတေသီတစ်ဦးဖြစ်သူ အဲလက် နော်ရက်စ် ကတော့ အစိုးရရဲ့ အဆိုပြုချက်အတွင်းမှာ ကွဲလွဲမှုတွေ အများကြီးရှိနေပါတယ်လို့ ပြောပါတယ်။ ပထမအချက်ကတော့ စီးပွားရေးဟာ ဖွံ့ဖြိုးတိုးတက်လာတဲ့အတွက် လူတွေ ပိုပြီးလိုအပ်ပါတယ်လို့ ထရမ့်က ပြောခဲ့ပါတယ်။ နောက်တစ်ချက်ကတော့ ကျွန်တော်တို့နိုင်ငံမှာ လူတွေနဲ့ပြည့်နေပြီ၊ ဒါကြောင့် နေရပ်ကိုပြန်သွားလို့ ထရမ့်က ပြောခဲ့တာပါ။ ဒီနှစ်ချက်ဟာ ကွဲပြားနေပါတယ်။ ၂၀ ရာစု က စတင်ခဲ့တဲ့  H-2B ဗီဇာအစီအစဉ်ဟာ အချိန်ပိုင်းလုပ်ငန်းတွေမှာ နိုင်ငံခြားသားလုပ်သားတွေကို အသုံးပြုတာနဲ့ ပတ်သက်ပြီး အငြင်းပွားစရာ တောက်လျှောက်ဖြစ်ပွားခဲ့ပါတယ်။

ခေါင်းပုံဖြတ်ခံရ

သမဂ္ဂတွေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ဆန့်ကျင်သူတွေက  H-2B အစီအစဉ်နဲ့ နိုင်ငံခြားသား လုပ်သားတွေ ငှားရမ်းတာကို ကန့်ကွက်ကြတယ်။ အမေရိကန်တွေအတွက် အလုပ်နေရာ မရှိတော့ဘူးဆိုပြီး ငြင်းခုံကြတယ်။ ရှေ့နေအုပ်စုကလည်း နိုင်ငံခြားသားအ လုပ်သမားတွေဟာ မကြာခဏဆိုသလို ခေါင်းပုံဖြတ်ခံရတယ်လို့ ပြောကြပြန်ပါတယ်။ ပြီးတော့ အလုပ်ရှင်တွေ ပြောကြတာကတော့ ဗီဇာထုတ်ပေးမှုကို ကန့်သတ် ထားတဲ့အတွက်ကြောင့် အထောက်အထားမဲ့ လုပ်သားတွေကို ငှားရမ်းရတာဖြစ်တယ်လို့ ပြောပါ တယ်။ အမိမြေလုံခြုံရေးမှ ပြောရေးဆိုခွင့်ရှိသူ အန်ဒရာပါလာမိုက  H-2B ဗီဇာအစီအစဉ် နောက်ကွယ်က အချက်တွေနဲ့ ပတ်သက်ပြီး မေးခွန်း မေးမြန်းခဲ့ရာမှာတော့ မေးခွန်းအားလုံးကို ဖြေကြားခဲ့ခြင်း မရှိပါဘူး။

ကျိုးအမြတ်များ

မစ္စတာ နော်ရက်စ်ကတော့ သူဟာ  H-2B အစီအစဉ်ကို သဘောကျတယ်လို့ ပြောပါတယ်။ H-2B ဗီဇာကြောင့်ရတဲ့ စီးပွားရေးအကျိုးအမြတ်ဟာ တကယ်ပဲကြီးမားပါတယ်လို့ ပြောပါတယ်။ အလုပ်သမားတွေအတွက်လည်း အကျိုးအမြတ်တွေ ဖြစ်ထွန်းစေတယ်လို့ သူက ဆက်ပြောပါတယ်။ စီးပွားရေး လုပ်ငန်းရှင်တွေအနေနဲ့ အမေရိကန် အလုပ်သမားတွေဟာ ဒီအလုပ်တွေမှာ စိတ်ဝင်စားမှု မရှိဘူးဆိုတာကို ပြသဖို့လိုတယ်။ ပြီးတော့ ဗီဇာကို ကန့်သတ်ထားတာလည်း အဓိပ္ပာယ်မရှိဘူး ဆိုတာ ပြသရာရောက်မှာလို့ သူက ဆက်ပြောပါတယ်။ တကယ်လို့များ ဒီလုပ်ငန်းတွေမှာ အမေရိကန်လုပ်သားတွေကို ငှားရမ်းဖို့ကြိုးစားရာမှာ အမေရိကန်တွေက စိတ်ဝင်စားမှုမရှိဘူးဆိုရင် ဗီဇာမှာ ကန့်သတ်မှုတွေရှိတော့မှာ မဟုတ်ဘူးလို့ မစ္စတာ နော်ရက်စ်က ပြောပါတယ်။

အထောက်အထားမဲ့တွေ လျော့လာမယ်

မက္ကဆီကန်အလုပ်သမားတွေကို  H-2B ဗီဇာ ထုတ်ပေးမယ်ဆိုရင် တရားမဝင် အလုပ်လုပ်ကိုင်မှုတွေ လျော့ပါးသွားလိမ့်မယ်လို့ သူက ဆက်ပြော ပါတယ်။ ဗီဇာအစီအစဉ်ကို တိုးချဲ့ ပြီး ကန့်သတ်မှု တွေကို ဖယ်ရှားနိုင်မယ်ဆိုရင် ဗဟိုအမေရိက ကနေ ဝင်ရောက်လာမယ့် အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို လျှော့ချနိုင်လိမ့်မယ်လို့လည်း ပြောပါတယ်။ လွန်ခဲ့တဲ့လအတွင်းကပဲ ပါတီနှစ်ခုစလုံးကပါဝင်တဲ့ လွှတ်တော်အမတ်တွေ ဟာ အမိမြေလုံခြုံရေးဌာနကို မေးမြန်းခဲ့ပါတယ်။ အလုပ်သမားရှားပါးတဲ့ စီးပွားရေးလုပ်ငန်းငယ်လေးတွေကို အထောက်အကူဖြစ်စေဖို့၊ ဗီဇာ ထုတ်ပေးတဲ့ အရေအတွက်ကို တိုးမြှင့်ပေးဖို့ မေးမြန်း ခဲ့ပါတယ်။ အထူးသဖြင့် နွေရာသီကာလ လုပ်သား တွေအတွက် ရည်ရွယ်ပြီး ပြောခဲ့တာပါ။ ယာယီ အလုပ်တွေလုပ်ကိုင်ဖို့အတွက် နိုင်ငံအတွင်း အချို့ နေရာတွေမှာ အလုပ်လုပ်နိုင်တဲ့အရေအတွက်နဲ့ လုပ်ငန်းလိုအပ်ချက် မျှတနေဖို့ လိုအပ်တယ်လို့ ဥပဒေပြုလွှတ်တော်အမတ် ၁၁ ဦးက လက်မှတ် ရေးထိုးထားတဲ့စာမှာ ပါရှိပါတယ်။

ကျဆင်းလာ

အမေရိကန်ရဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေတွေ တင်းကျပ်လာတာနဲ့အမျှ ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်း မှာတော့ အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သား အရေအတွက်ဟာ ၁၀ ဒသမ ၇ သန်းအထိ ကျဆင်း ခဲ့ပါတယ်။ အမေရိကန်မှာ ရွှေ့ပြောင်းလုပ်သား အရေအတွက်အများဆုံးကတော့ ၂၀ဝ၈ ခုနှစ်ဖြစ် ပြီး ၁၂ သန်းခန့်ရှိတယ်လို့ ရွှေ့ပြောင်းလုပ်သားများ လေ့လာရေးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။ အထူးသဖြင့် ဆောက်လုပ်ရေးလုပ်ငန်းရှင် တွေနဲ့ လယ်သမားတွေဟာ ရွှေ့ပြောင်းလုပ်သားတွေကို ပိုပြီးငှားရမ်းလိုပါတယ်။ အမေရိကန်နိုင်ငံ သားတွေထက် ရွှေ့ပြောင်းလုပ်သားတွေဟာ လုပ်အားခချိုချိုနဲ့ ငှားရမ်းလုပ်ကိုင်လို့ရတဲ့အတွက် လုပ်ငန်းရှင်တွေအကြိုက် ဖြစ်ရတာပါ။

အလုပ်သမားတင်သွင်းဖို့ မလိုအပ်

မက်ခရစ်ကိုရိန်းကတော့ ရွှေ့ပြောင်းအခြေချ နေထိုင်သူများ လေ့လာရေးဗဟိုဌာနက အလုပ် အမှုဆောင် အရာရှိတစ်ဦး ဖြစ်ပါတယ်။ သူကတော့ ရွှေ့ပြောင်းအခြေချ နေထိုင်မှုအပေါ် ကန့်သတ်တာကို ထောက်ခံသူလည်း ဖြစ်ပါတယ်။ သူကတော့ ဗီဇာတိုးချဲ့ရေးအစီအစဉ်ကို ဝေဖန်ခဲ့ပြီး စီးပွားရေး လုပ်ငန်ရှင်တွေဟာ ရွှေ့ပြောင်းအလုပ်သမားတွေကို ငှားရမ်းတာမျိုး မလုပ်သင့်ဘူးလို့ ပြောပါတယ်။ နောက်ပြီးတော့ အလုပ်လုပ်နိုင်တဲ့အရွယ် သန်း ၅၀ ဟာ အလုပ်သမားအင်အားမှာ ပါဝင်မှုမရှိသေးပါဘူး။ ဒါကြောင့် ပြည်ပကနေ အလုပ်သမားတွေ တင်သွင်းဖို့ မလိုအပ်သေးဘူးလို့ သူက ပြောပါတယ်။ အမေရိကန်သမ္မတ ထရမ့်ကတော့ ရွှေ့ပြောင်း လုပ်သားတွေအရေး တင်းတင်းကျပ်ကျပ် ကိုင်တွယ်လို့ ဝေဖန်ခံရသူလည်း ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဗဟိုအမေရိက က လှိမ့်ဝင်လာမယ့် ရွှေ့ပြောင်းနေထိုင်သူတွေအရေး ခေါင်းစားနေရပါတယ်။ မက္ကဆီကိုနယ်စပ်ကို ပိတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တဲ့ ထရမ့်ဟာ ရွှေ့ပြောင်းလုပ်သားတွေကို မကြိုဆိုတာကတော့ အမှန်ပါပဲ။

ကိုးကား- နယူးယောက်တိုင်းမ်