ဇော်သူရိန်ထွန်း
နေ့စဉ်သုံးနိုင်ငံခြားဖြစ်များ
မနက်အိပ်ရာထပြီး မျက်နှာသစ်လိုက်သည့်အခါတွင် လက်ထဲတွင်ကိုင်ထားသော သွားတိုက်တံသည် နိုင်ငံခြားဖြစ်၊ သွားတိုက်ဆေးသည်လည်း နိုင်ငံခြားဖြစ်၊ ယုတ်စွအဆုံး မျက်နှာကို သုတ်သည့် တဘက်သည်ပင် နိုင်ငံခြားဖြစ်ကိုသာ သုံးစွဲနေရသည့်အဖြစ်ကို ကျွန်တော်တို့ရောက်ရှိနေခြင်းသည် ကျွန်တော်တို့နိုင်ငံအတွက် ကောင်းမွန်သော လက္ခဏာမဟုတ်ပါ။
နိစ္စဓူဝ ကျွန်တော်တို့သုံးစွဲနေသောပစ္စည်းများ အားလုံးနီးပါးသည် နိုင်ငံခြားဖြစ်တွေ ဖြစ်နေသည်။ ဆပ်ပြာ၊ သွားတိုက်တံ၊ သွားတိုက်ဆေး၊ မျက်နှာသုတ်ပဝါ၊ အဝတ်အစား၊ ဖိနပ်၊ အလှပြင်ပစ္စည်း၊ ခေါင်းလိမ်းဆီ၊ ကျောပိုးအိတ်၊ ပိုက်ဆံအိတ် အစရှိသည့် တစ်ကိုယ်ရေသုံးပစ္စည်းများကအစ နိုင်ငံခြားမှ တင်ပို့လာသော ပစ္စည်းများ ဖြစ်နေကြပြီ။ ကိုယ့်နိုင်ငံတွင် မထုတ်နိုင်သေးသည့် စက်ယန္တရားများနှင့် အခြားအသုံး အဆောင်ပစ္စည်းများ နိုင်ငံခြားဖြစ်များ ဖြစ်နေသည်ကတော့ ရာစုနှစ်များစွာ ရှိခဲ့ပြီဖြစ်ပါသည်။
ကျွန်တော်တို့တွေ နိုင်ငံခြားဖြစ်ကို ဘာကြောင့်သုံးစွဲနေကြပါသနည်းဟု မေးခွန်းထုတ်ကြည့်မိသည်။ အကြောင်းရင်း နှစ်ချက်ကို တွေ့ပါသည်။ ပြည်တွင်းမှ မထုတ်နိုင်သောကြောင့် နိုင်ငံခြားဖြစ်ကို ဝယ်ယူသုံးစွဲနေရခြင်းနှင့် ပြည်တွင်းတွင် ထုတ်လုပ်နိုင်သော်လည်း အရည်အသွေးပိုကောင်းသည့် နိုင်ငံခြားဖြစ်ကို ရွေးချယ်ဝယ်ယူနေသောကြောင့်ဖြစ်သည်။ အချို့ကုန် ပစ္စည်းများသည် ကိုယ့်နိုင်ငံတွင် ထုတ်လုပ်နေလျက်ရှိသည်။ သို့သော် ကျွန်တော်တို့ပြည်သူများက နိုင်ငံခြားဖြစ်ကို အထင်ကြီးကြသည်။ နိုင်ငံခြားဖြစ်ကိုမှ ကောင်းသည်ထင်ကြသည်။ နိုင်ငံခြားဖြစ်တွေ သုံးစွဲနိုင်ခြင်းကို ဂုဏ်ယူနေကြသည်။ ဒါ ဘယ်နိုင်ငံထုတ်လေဆိုပြီး ကြွားဝါချင်ကြသည်။ တကယ်တော့ ကျွန်တော်တို့သည် ဂုဏ်မယူသင့်သည်ကို ဂုဏ်ယူနေကြပြီး မကြွားဝါသင့်သည်ကို ကြွားဝါနေကြသည်ကို မေ့လျော့နေ ကြပြီ။
ပြည်တွင်းဖြစ်ကို အားပေးပါ
စာရေးသူငယ်စဉ်က ပြည်တွင်းဖြစ်ကို အားပေးပါဟူသော ဆောင်ပုဒ်ကိုတွေ့တိုင်း မဲ့ပြုံးပြုံးမိသည်။ အဘယ်ကြောင့်ဆိုသော် ထိုဆောင်ပုဒ်ကို တွေ့တိုင်း ပြည်တွင်းဖြစ်က ဘာရှိလို့လဲ၊ ပြည်တွင်းဖြစ်တွေက ဘာကောင်းလို့လဲ၊ ဒါသက်သက် ငါတို့ကို အရည်အသွေးနိမ့်ပစ္စည်းတွေ ဝယ်သုံးခိုင်းနေတာဟူသော အတွေးဝင်လာသောကြောင့် ဖြစ်သည်။ အမှန်တော့ အဆိုပါ ဆောင်ပုဒ်သည် နိုင်ငံသားတိုင်း လိုက်နာသင့်သော အလွန်အရေးကြီးသည့် ဆောင်ပုဒ်တစ်ခုဖြစ်မှန်း တဖြည်းဖြည်း နားလည် သဘောပေါက်လာသည်။
ကျွန်တော်တို့နိုင်ငံသည် နှစ်စဉ်နှစ်တိုင်း ဝင်ငွေထက် ထွက်ငွေကသာ ပိုများနေသော နိုင်ငံတစ်ခုဖြစ်မှန်း အတော်များများ သိရှိပြီးဖြစ်ကြပါသည်။ ကယ်ဆယ်ရန် နည်းလမ်းမှာမူ နိုင်ငံခြားဝင်ငွေကို ပိုမိုရအောင် ရှာဖွေခြင်းနှင့် နိုင်ငံခြားထွက်ငွေများကို တတ်နိုင်သမျှမထွက်အောင် ထိန်းချုပ်ခြင်းသာ ဖြစ်သည်။ တစ်နည်းအားဖြင့် နိုင်ငံခြားဖြစ်ပစ္စည်းများကို တတ်နိုင်သမျှမသုံးဘဲ ပြည်တွင်းဖြစ်ပစ္စည်းများကို အစားထိုးသုံးစွဲ ခြင်းပင်ဖြစ်ပါသည်။ ဥပမာပေးရလျှင် ပြည်သူများအနေဖြင့် နိုင်ငံခြားဖြစ် ဆပ်ပြာတစ်ခုကို နှစ်သက်စွာ သုံးစွဲနေကြသည်ဆိုပါစို့။ ကုမ္ပဏီတစ်ခုသည် အဆိုပါ ဆပ်ပြာများကို နိုင်ငံခြားမှ မှာယူတင်သွင်းပြီး ပြည်တွင်းသို့ ရောင်းချလျက် ရှိနေသည်ဆိုပါစို့။ အဆိုပါဖြစ်စဉ်တွင် ဆပ်ပြာများကို နိုင်ငံခြားမှ မှာယူတင်သွင်းတိုင်း အဆိုပါကုမ္ပဏီသည် ဆပ်ပြာထုတ်လုပ်ရောင်းချသည့် နိုင်ငံ၏ ကုမ္ပဏီထံသို့ နိုင်ငံခြားငွေ ဒေါ်လာဖြင့် ပေးဆောင်ရပါတော့သည်။ ပေးဆောင်ရသည့် ဒေါ်လာပမာဏ ပိုများလေလေ ပြည်တွင်းတွင် ဒေါ်လာလိုအပ်ချက် ပိုမိုမြင့်မားလာလေလေ ဖြစ်ပါသည်။ နိုင်ငံခြားငွေ လိုအပ်ချက်မြင့်မားတိုင်း ကိုယ့်နိုင်ငံ၏ ငွေကြေးတန်ဖိုး ကျဆင်းမှုဖြစ်လေလေ ဖြစ်သည်။ အကယ်၍သာ ပြည်သူများအနေဖြင့် နိုင်ငံခြားဖြစ် ဆပ်ပြာကိုမသုံးဘဲ ပြည်တွင်းဖြစ် ဆပ်ပြာကိုသာ သုံးစွဲမည်ဆိုပါက နိုင်ငံခြားဖြစ်ဆပ်ပြာ မှာယူရန်အတွက် သုံးစွဲနေရသည့်ဒေါ်လာများ သုံးစွဲစရာမလို တော့သည့်အတွက် နိုင်ငံခြားငွေ လိုအပ်ချက်ဖြစ်ပေါ်နှုန်းကို အထိုက်အလျောက်အားဖြင့် လျှော့ချနိုင်လိမ့်မည်ဖြစ်ပါသည်။ ထို့အပြင် ပြည်တွင်းဖြစ်ကို သုံးစွဲသည့်အတွက် အခြားအကျိုး ကျေးဇူးများစွာလည်း ကျန်ရှိပါသေးသည်။
အားကောင်းလာမည့် အလုပ်အကိုင်အခွင့်အလမ်းများ
ပြည်တွင်းဖြစ်ထုတ်ကုန်ကို အားပေးခြင်းသည် အလုပ်အကိုင်အခွင့်အလမ်းကို အားပေးရာရောက်ပါသည်။ တစ်လောကပင် သတင်းတစ်ပုဒ်ကို သတိထားမိသည်။ ပြည်တွင်းထုတ် မီးပုံးများထက် တရုတ်မီးပုံးများကို ဝယ်ယူအားပေးမှုများနေခြင်းကြောင့် ပြည်တွင်းမှ မီးပုံးထုတ်လုပ်သူတွေ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးသွားသည့် စိတ်မကောင်းဖွယ်ရာသတင်းကို ဖတ်မိလိုက်သည်။ စာရေးသူ အဆိုပါသတင်းကို ဖတ်ပြီးနောက် စာရေးသူ၏ သမီးလေးက မီးပုံးဝယ်သည့်အခါ ပြည်တွင်းထုတ် မီးပုံးကိုသာ ဝယ်ယူစေခဲ့ပါသည်။
ပြည်တွင်းထုတ်ကို အားပေးခြင်းသည် ကမ္ဘာကြီးပူနွေးမှုကို လျှော့ချရန် သွယ်ဝိုက်သောနည်းလမ်းဖြင့် ကူညီရာရောက်ပါသည်။ အဘယ်ကြောင့်ဆိုသော် စားသုံးသူတစ်ယောက်၏ လက်ဝယ်သို့ နိုင်ငံခြားဖြစ်ပစ္စည်းတစ်ခု ရောက်ရှိလာရန်အတွက် လေယာဉ်၊ သင်္ဘော အဆင့်ဆင့်ဖြတ်သန်းပြီးမှ ရောက်ရှိလာခြင်း ဖြစ်သောကြောင့်ဖြစ်သည်။ ပြည်တွင်းဖြစ်ကို အားပေးခြင်းသည် အဆိုပါ ယာဉ်သင်္ဘောအဆင့်ဆင့်၏ လောင်စာဆီသုံးစွဲမှုကို လျော့ကျစေနိုင်သောကြောင့် ဖြစ်သည်
ပြည်တွင်းဖြစ် စားသောက်ကုန်များသည် နိုင်ငံခြားမှတင်သွင်းလာသည့် စားသောက်ကုန်များထက် ပိုမိုလတ်ဆတ်သည်။ ထို့အပြင် ပြည်တွင်းဖြစ်စားသောက်ကုန်များသည် မိမိတို့နိုင်ငံ၏မြေယာပေါ်တွင် စိုက်ပျိုးပြီး ရရှိလာသောထုတ်ကုန်များဖြစ်သည့် အတွက် နိုင်ငံ၏မြေယာများ အကျိုးရှိရှိသုံးစွဲမှုကို အားပေး ကူညီရာလည်း ရောက်ပါသည်။
ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲဖိတ်
မြန်မာဆိုရိုးစကားပုံတစ်ခုရှိပါသည်။ “ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲဖိတ်ဟူသည့် စကားပုံဖြစ်သည်။ အကျိုးအမြတ် ရရှိလာမည့် အကြောင်းတစ်စုံတစ်ရာ ပေါ်လာပါက အခြားသူစိမ်းများထက် ကိုယ့်အချင်းချင်းကို ပေးဝေပေးသင့်သည့်သဘောကို ဆိုလိုခြင်းဖြစ်သည်။ ပြည်တွင်းဖြစ် ထုတ်ကုန်ကို အားပေးခြင်းသည် အဆိုပါထုတ်ကုန်ကို ထုတ်လုပ်သည့် လုပ်ငန်းရှင်များအတွက် အကျိုးအမြတ် ဖြစ်စေသကဲ့သို့ အဆိုပါလုပ်ငန်းရှင်များသည်လည်း ရရှိလာသော အကျိုးအမြတ်များဖြင့် ဘာသာရေး၊ လူမှုရေးလုပ်ငန်းများကို အားပေးကူညီနိုင်လိမ့်မည်ဖြစ်သည်။ နိုင်ငံခြားထုတ်ကုန်များကို ဝယ်ယူသုံးစွဲခြင်းသည် တိုင်းတစ်ပါးသားများကိုသာ အကျိုးကျေးဇူးဖြစ်ပေါ်သွား ပါလိမ့်မည်။ ဤနေရာတွင် စာရေးသူ အလွန်သဘောကျမိသည့် ဖြစ်ရပ်လေးတစ်ခုကို ဖော်ပြချင်ပါသည်။
စာရေးသူတို့ရပ်ကွက်ထဲသို့ တရုတ်နိုင်ငံသားများ အလုပ်လာလုပ်ကြပါသည်။ အဆိုပါ တရုတ်များသည် စတိုးဆိုင်တွင် ဆေးလိပ်လာဝယ်သည်ကို စာရေးသူတွေ့မြင်သည်။ သူတို့သည် ကျွန်တော်တို့ ပြည်တွင်းထုတ်ဆေးလိပ်ကို မဝယ်ယူပါ။ တရုတ်နိုင်ငံထုတ် ဆေးလိပ်ရှိလားဟုသာ တွင်တွင်မေးလေ့ ရှိသည်။ နောက်ရက်များတွင် စတိုးဆိုင်ပိုင်ရှင်သည် အဆိုပါ တရုတ်နိုင်ငံသားများမေးသည့် ဆေးလိပ်ကို တကူးတက ဆိုင်မှာတင် ရောင်းချရပါတော့သည်။ သြော် သူများနိုင်ငံ၊ သူများမြေပေါ် ရောက်သည့်တိုင်အောင် ကိုယ့်နိုင်ငံထုတ်ပစ္စည်းကို ဝယ်ယူအားပေးလိုသည့် မျိုးချစ်စိတ်ကို စာရေးသူအလွန် သဘောကျမိခဲ့ပါသည်။
ကုစားရမည့် ကုန်ပစ္စည်းအရည်အသွေး
သို့သော်လည်း အစွန်းမရောက်ဖို့တော့ လိုပါသည်။ ပြည်တွင်းဖြစ်ကိုသာ အားပေးစေချင်သည့်အတွက် နိုင်ငံခြားဖြစ် ထုတ်ကုန်များကို ပိတ်ပင်ခဲ့သည့် ခေတ်ကာလဆိုးကြီးကို ပြန်သွားဖို့မဟုတ်ပါ။ ပြည်သူများအနေဖြင့် ပြည်တွင်းဖြစ်ကို တတ်နိုင်သမျှ သုံးစွဲရန်နှင့် အစိုးရအနေဖြင့်လည်း နိုင်ငံခြားဖြစ် သွင်းကုန် အစားထိုးလုပ်ငန်းများကို အားပေးကူညီဖို့ဖြစ်ပါသည်။ မိမိတို့နိုင်ငံတွင် မထုတ်လုပ်နိုင်သောကြောင့် ဝယ်ယူ သုံးစွဲရခြင်းမျိုးကတော့ မတတ်သာလို့ ဝယ်ယူသုံးစွဲရခြင်း ဖြစ်ပြီး မိမိတို့နိုင်ငံတွင် အဆိုပါထုတ်ကုန် ရှိပါလျက်နှင့် အရည်အသွေးမှာလည်း သိပ်မကွာပါလျက်နှင့် နိုင်ငံခြားဖြစ်ထုတ်ကုန်ကို ဝယ်ယူသုံးစွဲနေသည်ကတော့ နိုင်ငံခြားငွေများကို ဖြုန်းတီးနေခြင်းပင် ဖြစ်ပါသည်။
စာရေးသူ ဂျပန်နိုင်ငံ အလည်ရောက်စဉ်က သူတို့နိုင်ငံတွင် သူတို့နိုင်ငံထုတ် ပစ္စည်းများထက် နိုင်ငံခြားဖြစ်ပစ္စည်းတွေက ပို၍ဈေးကြီးသည်ကို တွေ့ရှိရပါသည်။ အကြောင်းရင်းမှာ ပြည်တွင်းဖြစ်ကို အားပေးစေလိုသည့်သဘောဟု နား လည်မိပါသည်။ ကျွန်တော်တို့ဆီတွင် ကိုယ့်နိုင်ငံထုတ်ကုန် ပစ္စည်းသည် အိမ်နီးချင်းနိုင်ငံများ၏ ကုန်ပစ္စည်းများထက်ပို၍ ဈေးကြီးပြီး အရည်အသွေးမမီဖြစ်နေသည့် အခြေအနေကို ကုစားဖို့ လိုအပ်နေပြီဖြစ်ပါသည်။ မြန်မာပြည် အလယ်ပိုင်းတွင် ရက်လုပ်သော ခြုံစောင်တစ်ထည်သည် မိုင်ပေါင်းထောင်ချီ အကွာမှ ရောက်ရှိလာသော ခြုံစောင်ထက်ပို၍ ဈေးကြီးနေသည်။ စားသုံးသူ၏သဘောမှာလည်း အရည်အသွေးတူပါက ပို၍ဈေးချိုသည်ကို ရွေးချယ်လေ့ရှိသောကြောင့် ပြည်တွင်းဖြစ် လုပ်ငန်းတွေ တဖြည်းဖြည်းပျောက် ကွယ်လာသည်ဟုလည်း သုံးသပ်နိုင်ပါသည်။
မည်သို့ပင်ဖြစ်ပါစေ နိုင်ငံသားတစ်ဦးချင်းစီအနေဖြင့် နေ့စဉ်အ သက်ရှင်လှုပ်ရှားနေစဉ် ကာလအတွင်း ပစ္စည်းတစ်ခုခု ဝယ်ယူသုံးစွဲရန်လိုအပ်လာပါက ပြည်တွင်းဖြစ်ကို ဦးစားပေးရွေးချယ်ခြင်းဖြင့် နိုင်ငံ၏ စီးပွားရေးအခြေအနေကို တစ်ဖက်တစ်လမ်းမှ ကူညီပေးရာရောက်ပါသည်။ ပြည်တွင်းဖြစ်ကို အားပေးပါဟု တိုက်တွန်းနှိုးဆော်အပ်ပါသည်။
မြန်မာ့အလင်း