ထင်ပေါ်ဝင်း(ကမာရွတ်)

၂၀၁၉မြန်မာ သက္ကရာဇ် ၁၃၈၀ ပြည့်နှစ်တည်းဟူသော ခုနှစ်တစ်ခုက မကြာတော့သည့် အချိန်ကာလ အတွင်း နှုတ်ဆက်ထွက်ခွာတော့မည်ဖြစ်သည်။ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲမတိုင်မီကပင် ပျံ့လွင့်လျက်ရှိသော သင်္ကြန်တေးသံသာတို့မှာ ထူးချွန်ဆု ပေးပွဲအပြီးတွင် ပိုမိုကျယ်လောင်လာသည်။ နိုင်ငံကျော်တေးသံရှင်တို့ အဆက်ဆက် မရိုးအီနိုင်အောင် သီဆိုခဲ့ကြသော မဟာသင်္ကြန်တေးသံသာ တို့က ရန်ကုန်အနှံ့ တန်ခူးလေနှင့်အတူ လွင့်ပျံ့လျက်ရှိသည်။

မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် ရက်များပါဝင်သည့် ဧပြီလအတွင်း ချင်းနင်း ဝင်ရောက်လာသည်နှင့်အမျှ ရန်ကုန်မြို့အနှံ့ ပတ်ဝန်းကျင်အမြင်တို့က ပြောင်းလဲ၍လာသည်။ အတာသင်္ကြန်၏ ပုံရိပ်တစ်ခုဖြစ်သည့် အစိမ်း ရင့်ရောင်သစ်ရွက်ကလေးများနှင့် ပူးတွဲပါရှိလာသော ပိတောက်ပွင့်တို့ကိုနေရာအနှံ့ မြင်တွေ့လာရသည်။ ရနံ့ကင်းမဲ့သော်လည်း ရွှေဝါရောင် ပိတောက်ပွင့်တို့၏ သွင်ပြင်ကမြင်ရသူတိုင်း၏ နှလုံးစိတ်ဝမ်းကို အေးချမ်းစေသည်။

သင်္ကြန်အကြိုအထူးဈေးရောင်းပွဲတော်

ရန်ကုန်တစ်မြို့လုံးရှိ ကုန်တိုက်ကြီးများ၊ ဈေးဝယ်စင်တာကြီးများ၊ ဈေးဆိုင်များ၊ ရုံးများ၊ အိမ်များတွင် လူတို့ဖန်တီးအပ်သော ရွှေဝါရောင် ပိတောက်ပန်းပွင့်လေးများက နေရာယူလျက်ရှိ သည်။ ကုန်တိုက်ကြီးများ၊ ဈေးဝယ်စင်တာကြီးများ၊ ဈေးဆိုင်များတွင် သင်္ကြန်အကြိုအထူးဈေးရောင်း ပွဲကျင်းပနေကြသည်။ အဝင်မုခ်ဦးများကို သူ့ထက် ငါအပြိုင်အဆိုင် အလှဆင်ကြသည်။ ဈေးဝယ်သူတို့ မျက်မြင်တွေ့စေရန်အတွက် ကုန်တိုက်အပြင်ဘက်အထိ ခင်းကျင်းကာ သင်္ကြန်အကြိုအထူးလျှော့ ဈေးများဖြင့် ရောင်းချလာကြသည်။

သင်္ကြန်ကာလနီး စနေ၊ တနင်္ဂနွေရုံးပိတ်ရက်များတွင် ရောင်းသူဝယ်သူ လက်မလည်နိုင်အောင် ဖြစ်ကြရသည်။ တစ်နယ်တစ်ကျေးသို့ ပြန်မည့်သူများမှာ ရန်ကုန်ပြန်လက်ဆောင်အဖြစ် ဘိုးဘွား အဖေအမေညီညီမတို့၏ တစ်ဦးချင်းအကြိုက်များ ကို အတွေးနယ်ချဲ့ရင်း စိတ်ကြိုက်ရွေးချယ်ဝယ်ယူ နေကြသည်။ အဝတ်အစား၊ အလှအပပစ္စည်း၊ သင်္ကြန်တွင်းရေကစားပစ္စည်းတို့၏ အရောင်း ကောင်တာများတွင် ဈေးရောင်း ဈေးဝယ်တို့ စုပြုံနေလေ့ရှိသည်။

တစ်နှစ်တစ်ခါသာရလေ့ရှိသော ရုံးပိတ်ရက်ရှည်ကာလကြောင့် ရန်ကုန်သူ ရန်ကုန်သားတို့ အချို့က အပျော်ခရီးထွက်ရန် ကြိုတင်ပြင်ဆင်ကြလေ့ရှိသည်။ မိသားစုအလိုက်လည်းကောင်း၊ သူငယ်ချင်းများ စုဖွဲ့ ၍သော်လည်းကောင်း ဧပြီလ မတိုင်မီမှာပင် ကြိုတင်ခရီးစဉ်ရေးဆွဲလေ့ရှိကြသည်။ ငပလီ၊ မောင်းမကန်၊ စက်စဲ၊ ငွေဆောင်၊ ချောင်းသာ၊ ဂေါ်ရန်ဂျီစသော ပင်လယ်ကမ်းခြေ ခရီးသွားမည့်သူများရှိသလို မန္တလေး၊ စစ်ကိုင်း၊ မုံရွာ၊ တောင်ကြီး၊ အင်းလေးစသော အထက်-အောက် မြန်မာပြည်တစ်နံတစ်လျား ခရီးစဉ် ရေးဆွဲထားသူများလည်း ရှိသည်။ ပြည်တွင်းခရီးသွား လုပ်ငန်းတို့၏ ရေးဆွဲထားလေ့ရှိသော ခရီးစဉ်တို့ကို စိတ်ကြိုက်ရွေးချယ်ဝယ်ယူကြလေ့ရှိသည်။

လမ်းလျှောက်သင်္ကြန်များဖန်တီးထား

မဟာသင်္ကြန်ပွဲတော် ရုံးပိတ်ရက်ရှည်ကာလအတွင်း ရန်ကုန်ကို စွန့်ခွာမည့်သူများရှိသလို အနယ်နယ်အရပ်ရပ်တွင် သွားရောက်တာဝန်ထမ်း ဆောင်နေသူများ၊ စီးပွားရှာနေသူများကလည်း မိသားစု၊ ဆွေမျိုးများရှိရာ ရန်ကုန်ရိပ်သို့ ခေတ္တ ပြန်လည်ခိုလှုံသူများလည်းရှိသည်။ ထိုသူများအတွက် မြို့တော်ရန်ကုန်က လမ်းလျှောက်သင်္ကြန်များ ဖန်တီးပေးထားသည်။ ရန်ကုန်သို့ ခေတ္တခဏ ရောက်ခိုက်တွင် မိသားစုအပျော်သင်္ကြန် ရေပက်ခံ ထွက်နိုင်ရန်အတွက် ကန်တော်ကြီး၊ မဟာဗန္ဓုလ ပန်းခြံ၊ အင်းလျားလမ်း၊ မြကျွန်းသာ၊ ဦးဥတ္တမ ပန်းခြံစသောနေရာများတွင် စီစဉ်ထားသည်။

ကားကြီး၊ ကားငယ် အသွယ်သွယ်ဖြင့် ရေပက်ခံထွက်မည့် ရန်ကုန်လူငယ်ထုအတွက် ပြည်လမ်းအင်းလျား ကန်ပေါင်တစ်လျှောက်ရှိ မဏ္ဍပ်ကြီးများက စောင့်ကြိုနေမည်ဖြစ်သည်။ မြမာလာမဏ္ဍပ်၊ ရန်ကုန်သင်္ကြန် ၂၀၁၉၊ ပိတောက်ဝါမဏ္ဍပ်၊ အတာမိုး (Exodus) ၊ ရွှေပိတောက်မဏ္ဍပ်၊ စမ်းချောင်းရေကစားမဏ္ဍပ် များကို ရန်ကုန်မြို့ ပြည်လမ်းမတစ်လျှောက်တွင် တွေ့ မြင်ရမည်ဖြစ်သည်။

ထို့အပြင် အနော်ရထာလမ်းမထက်၌ ၁၉ လမ်း မိသားစုရေကစားမဏ္ဍပ်ကလည်းကောင်း၊ အရှေ့ မြင်းပြိုင်ကွင်းလမ်း၌ Forever Thingyan 2019  မဏ္ဍပ်ကလည်းကောင်း၊ ဧရာဝဏ်လမ်းနှင့် မင်းနန္ဒာလမ်းထောင့်၌ သာကေတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မဏ္ဍပ်ကလည်းကောင်း၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ရန်ကုန်တက္ကသိုလ် ကားပါကင်နေရာတွင် နွေပိတောက် မဏ္ဍပ်ကလည်းကောင်း၊ မြို့တော်ခန်းမရှေ့တွင် ရန်ကုန်မြို့တော် ဗဟိုမဏ္ဍပ်ကလည်းကောင်း၊ မင်းဓမ္မလမ်းတွင် နှစ်သစ်ကူးရော့(ခ်)ဂီတပွဲတော် မဏ္ဍပ်ကလည်းကောင်း၊ ပြည်ထောင်စုလမ်းသွယ် ထိပ်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)ဗဟိုမဏ္ဍပ်တို့က ရန်ကုန်သူ ရန်ကုန်သားတို့အား သင်္ကြန်ရေအေး ပက်ဖျန်း၍ တေးသီချင်းတို့ဖြင့် ဖျော်ဖြေတင်ဆက် ရန် စောင့်ကြိုနေမည်ဖြစ်သည်။

ရန်ကုန်မြို့တစ်ပတ် လှည့်လည်ကားမောင်းရင်း ရေပက်ခံလိုသော ရန်ကုန်သင်္ကြန်ပွဲဆင်နွှဲလို သူများအတွက် စက်မှု ၁ လမ်းတွင် ဆီဒိုးနား မဏ္ဍပ်၊ လှိုင်မြစ်လမ်းတွင် အင်းစိန်မြို့နယ် ထွေ/အုပ်မဏ္ဍပ်၊ ကမ်းနားလမ်းတွင် ကြည့်မြင်တိုင်မြို့နယ် ထွေ/အုပ် မဏ္ဍပ်၊ မဟာဗန္ဓုလလမ်းနှင့် ဘိုကလေးဈေး လမ်းထောင့်တွင် ဗိုလ်တထောင် မြို့နယ်ထွေ/အုပ်မဏ္ဍပ်၊ ရန်ကုန်-ပြည်လမ်း ဘေးတွင် မင်္ဂလာဒုံမြို့နယ် ထွေ/အုပ် မဏ္ဍပ်၊ ဆရာစံလမ်းတွင် ရိုးရိုးလေးမိသားစုမဏ္ဍပ်၊ သိမ်ဖြူလမ်းတွင် ပျော်ပျော်ရွှင်ရွှင် ရေကစားမဏ္ဍပ်၊ အထက (၅) အလုံကျောင်းရှေ့တွင် အလုံမြို့နယ် ဖျော်ဖြေရေးမဏ္ဍပ်၊ ပြည်လမ်းတွင် တန်ခူးရေ၊ အရှေ့မြင်းပြိုင် ကွင်းလမ်းတွင် စကိုင်းစတား ဟိုတယ်မိသားစုမဏ္ဍပ်၊ အထက်ပန်းဆိုးတန်းလမ်းတွင် မင်္ဂလာတောင်ညွန့်မြို့နယ် ဗဟိုမဏ္ဍပ်၊ လှိုင်မြို့နယ် ပါရမီလမ်းတွင် ရွှေပိတောက်ဖူး မဏ္ဍပ်၊ ပဲခူးမြစ်လမ်းနှင့် ကျွန်းရွှေဝါလမ်းထောင့်တွင် ဒဂုံဆိပ်ကမ်းမြို့နယ် ထွေ/အုပ်မဏ္ဍပ်၊ ပြည်လမ်း တွင် ပိတောက်ရွှေဝါ၊ ရေကျော်ဈေးရှေ့တွင် ပုဇွန်တောင်မြို့နယ်မဏ္ဍပ်၊ သုဓမ္မာလမ်းမကြီး၊ ဥက္ကလာသီရိပန်းခြံရှေ့တွင် မြောက်ဥက္ကလာပ မြို့နယ်မဏ္ဍပ်တို့က စောင့်မျှော်လျက်ရှိသည်။

သင်္ကြန်တွင်းတရားစခန်း

သင်္ကြန်ကာလအခိုက်အတန့်ဝယ် အပျော်အပါးကိုစွန့်ခွာကာ ကိုယ်စိတ်နှစ်ပါးတည်ငြိမ် အေးချမ်းလိုသူတို့က သင်္ကြန်တွင်းတရားစခန်းများတွင် နာမည်စာရင်း ကြိုတင်ပေးထားနှင့်ပြီး ဖြစ်သည်။ ဆေးရုံ၊ ဆက်သွယ်ရေး၊ ရဲစခန်းစသော နှစ်ဆယ့်လေးနာရီ လူထုဝန်ဆောင်မှုပေးရသော ဌာနဆိုင်ရာများကလည်း သင်္ကြန်ကာလ တာဝန်ကျဝန်ထမ်းများအား ရွေးချယ်တာဝန်ချထားပြီးဖြစ်သည်။

၁၃၈၀ ပြည့်နှစ်တည်းဟူသော မြန်မာ သက္ကရာဇ်တစ်ခုကို နှုတ်ဆက်ခွဲခွာရန် ရန်ကုန်သူ ရန်ကုန်သားတို့ ပြင်ဆင်လေပြီ။ မကြာတော့သည့် ရက်များအတွင်း ၁၃၈၁ ခုနှစ်ဟူသော နှစ်သစ်တစ်ခုအတွင်း ချင်းနင်းဝင်ရောက်ရတော့မည် ဖြစ်ပေသည်။

မြန်မာ့အလင်း

mdn