ရွှေမြိုင်မောင်

မကြာမီကျရောက်တော့မည့် သင်္ကြန်ကာလတွင် လူငယ်များ သင်္ကြန်ရေနှင့်အတူ တေးဂီတခံစား မှုဖြင့် ပျော်ရွှင်နိုင်ရန်အတွက် Summer Angle 2019 ရန်ကုန်မဟာသင်္ကြန်မဏ္ဍပ်ကို မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ ရှေ့စင်မြင့်၌ ကျင်းပမည် ဖြစ်ကြောင်း Emperor Band  နှင့်အတူ မျိုးဆက်သစ် Rock Bands နှင့် တွဲဖက်၍ နာမည်ကြီး တေးသံရှင်များက သီဆိုဖျော်ဖြေ တင်ဆက်ကြမည့်အကြောင်း မိတ်ဆက်ပွဲကို ဧပြီ ၈ ရက်က ရန်ကုန်အနောက်ပိုင်းခရိုင် မရမ်းကုန်းမြို့နယ် တော်ဝင်လမ်းရှိ Mix Restaurant  စားသောက်ဆိုင်၌ ပြုလုပ်ခဲ့ရာ နာမည်ကျော် အဆိုတော် ဇော်ဝင်းထွဋ်နှင့်အတူ သီဆိုဖျော်ဖြေမည့် Rock  တေးဂီတ အနုပညာရှင်များက သင်္ကြန်ကာလနေ့ရက်များ အတွင်း စီစဉ်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်း ပြောကြားခဲ့သည်။

အနုပညာသများများအတွက်

“ကိုယ်ပိုင်မဏ္ဍပ်လေးတစ်ခုပေါ့။ အားလုံး စိတ်တူကိုယ်တူ မဏ္ဍပ်လေးတစ်ခု လုပ်ကြမယ်။ ပံ့ပိုးမယ်ဆိုပြီး မိတ်ဆွေအပေါင်းအဖော်ရဲ့ ဝိုင်းဝန်းပူးပေါင်းအကူအညီတွေနဲ့ပေါ့။ အဓိကကတော့ နှစ်တိုင်းနှစ်တိုင်း မဏ္ဍပ်လေးတစ်ခု လုပ်ချင်တဲ့ ဆန္ဒလည်းရှိတယ်။ ဒီနှစ်က မဏ္ဍပ်တစ်ခုစမ်းလုပ် ကြတဲ့သဘောပါ။ အဆင်ပြေရင် ခုပေးထားတဲ့ နာမည်နဲ့ပဲ တောက်လျှောက်လုပ်သွားမယ်။ ဆိုချင်တဲ့သူ ဘယ်သူပဲလာဆိုဆိုပေါ့။ နောက်ပိုင်းကျရင် စီမံမှုအပိုင်း ပုံစံပဲလုပ်ပေးသွားမယ်။ သူတို့အတွက် ဘယ်ကနေ ပိုက်ဆံဘယ်လိုရှာရမယ်ဆိုတဲ့ ပုံစံမျိုးပေါ့။ နာမည်တစ်ခုနဲ့ ဒီမဏ္ဍပ်ကနေ အောင်မြင်တယ်ဆိုလို့ရှိရင် ဒီမှာပါဝင်ချင်တဲ့သူ၊ ပံ့ပိုးချင်တဲ့လူက ကိုယ့်ကို လာကမ်းလှမ်းတဲ့အဆင့်ကို ရောက်သွားမယ့် အခြေအနေကို ဖြစ်စေချင်တဲ့ ဆန္ဒမျိုးပါ။ ကိုယ့်အနုပညာ ဂီတလောကသားတွေ မျက်နှာမငယ်အောင်ဆိုတဲ့  သဘောနဲ့ ကိုယ်ပိုင်မဏ္ဍပ် လုပ်ဖြစ်တာပါပဲ။ ခုဆိုရင် ဆိုနိုင် တီးနိုင်တဲ့ Rock Band မျိုးဆက်သစ်လူငယ်တွေ အများကြီးထွက်လာမယ်။ သူတို့ကို နေရာတစ်ခုပေးဖို့လိုတယ်။ အဲ့ဒါမှ သူတို့ရဲ့အစွမ်းကို ပြခွင့်ရမှာလေ။ Summer Angle မဏ္ဍပ်မှာ Band တွေအများကြီး ပါဝင်သီဆိုကြမှာပါ” ဟု အဆိုတော် ဇော်ဝင်းထွဋ်က ပြောသည်။

သီဆိုဖျော်ဖြေကြမည်

Summer Angle 2019  ဖျော်ဖြေရေး အစီအစဉ်များကို ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ Myanmar Convention Centre (MCC)  ဝင်ပေါက်ဘေးရှိ စင်တင် ရေကစားမဏ္ဍပ်၌ ဧပြီ ၁၃၊ ၁၄၊ ၁၅၊ ၁၆ ရက်နေ့များတွင် နံနက်ပိုင်းမှစ၍ ရော့ခ်အဆိုရှင်များဖြစ်ကြသည့် ဇော်ဝင်းထွဋ်၊ လင်းလင်း၊ ဖော်ကာ၊ သီရိဂျေ မောင်မောင်၊ သျှီ၊ ရေမွန် (idiots)၊ နောင်နောင် (Sun fower)၊ စသည့်ပင်တိုင်တေးသံရှင်များက သီဆိုဖျော်ဖြေကြမည်ဖြစ်ကြောင်း သိရသည်။

နှစ်သစ်မှာ ပျော်ရွှင်ပါစေ

“သင်္ကြန်မှာတော့ သီရိဆိုနေကျဖြစ်တဲ့ ရော့ခ် သီချင်းတွေပဲဆိုဖြစ်မှာပါ။ Emperor Band ကလည်း သီရိသီချင်းတွေကို အားလုံးရပြီးသားဆိုတော့ ပရိသတ်အကြိုက်ဖြစ်မယ့် သီချင်းတွေ ဆိုမှာပါ။ အခုချိန်ထိ အားပေးနေတဲ့ပရိသတ်ကို ကျေးဇူးတင်ပါတယ်။ နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်” ဟု သီရိဂျေမောင်မောင်ကလည်း ပြောသည်။

မြန်မာ့အလင်း