လကွယ်ဗုဒ္ဓဟူး ဟု အမည်ပေးထားသော ရုပ်ရှင်ဇာတ်ကားကို Little Potato Production မှ တင်ဆက်ရိုက်ကူးမည်ဖြစ်ပြီး ထိုဇာတ်ကားကို ဇာတ်လမ်း ဒေဝတာ၊ ဇာတ်ညွှန်း လွင်မင်းအံ့က ရေးသား၍ ဒါရိုက်တာ အကယ်ဒမီ သြရသက ရိုက်ကူးမည် ဖြစ်ကြောင်း သိရသည်။ သည်းထိတ်ရင်ဖို အမျိုးအစားဖြစ်သည့် အဆိုပါ ရုပ်ရှင်ဇာတ်ကားတွင် အကယ်ဒမီ ပြေတီဦး၊ အကယ်ဒမီ မို့မို့မြင့်အောင်၊ သံသာမိုးထက်တို့နှင့်အတူ ထိုင်းနိုင်ငံမှ အနုပညာရှင်များဖြစ်သည့် Mr. Sutee Sri Sri၊ Ms. Chanid aporn Jaengkhan၊ Mr. Wallop Thae- arathong နှင့် Ms. Jirada Moran တို့ ပါဝင်မည်ဖြစ်ကာ ရုပ်ရှင်နှင့်ပတ်သက်၍ ပါဝင်သူများ၏ စကားသံများကို ဖော်ပြလိုက်ပါသည်။
ဒါရိုက်တာ သြရသ
ဒီကားကြီးမှာ အဓိကကတော့ ဇာတ်နဲ့လိုက်ဖက်မယ့် သူတွေကို သေချာရွေးချယ်ပြီး ဖန်တီးရိုက်ကူးမှာပါ၊ ပြီးတော့ ဇာတ်လမ်းရဲ့ လိုအပ်ချက်အရ ထိုင်းသရုပ်ဆောင်တွေကို ဒီကားမှာ ခေါ်သုံးရမှာပါ၊ အရင်က ဂျပန်ဒါရိုက်တာတစ်ယောက် ရိုက်လက်စ ဇာတ်ကားလေးကို ပြန်လည်ရိုက်ကူးကြတာပါ၊ မမို့ က အရင်က ရိုက်ဖူးတော့ အခု သူ့ကိုပဲ ပြန်ပြီးထည့်သုံး ရတာပါ။
ထပ်ဆင့်အကယ်ဒမီ မို့မို့မြင့်အောင်
အရင်က ဒီကားလေးကို ဂျပန်ဒါရိုက်တာနဲ့ အစ်မရိုက်ဖို့ ပြင်ဆင်ခဲ့ပါသေးတယ်၊ အကြောင်းအမျိုးမျိုးကြောင့် ပျက်ခဲ့တာပေါ့နော်၊ အစ်မက ဒီကားမှာ ပြေတီဦးရဲ့ မိခင်အဖြစ်နဲ့ ပါဝင်မှာပါ၊ အရင်က ဂျပန်မင်းသမီးလေးနဲ့ သရုပ်ဆောင်ရတာဆိုတော့ စိတ်ဝင်စားမှု အလွန်ကောင်းခဲ့တဲ့ ဇာတ်ကားလေးတစ်ကားပေါ့၊ အခုလည်း ကိုယ်ပိုင်ဟန်နဲ့ ဖန်တီးရိုက်ကူးမယ်၊ ပြီးတော့ ထိုင်းက အနုပညာရှင်တွေလည်း ပါမယ်ဆိုတော့ ဘာပြောပြော စိတ်ဝင်စားဖို့ကောင်းပါတယ်၊ အရင်က မရိုက်ခဲ့ရပဲ အခုပြန်ရိုက်မယ်ဆိုတော့ အတိုင်းမသိ ဝမ်းသာမိပါတယ်။
ပြေတီဦး
ဒီကားလေးမှာ ကျွန်တော်က ရဲမိုးဆိုတဲ့ လူတစ်ယောက် နေရာကနေ သရုပ်ဆောင်ရမှာပါ၊ သူက ငယ်ငယ်ကတည်းက ဘဝမှာ အဆင်မပြေမှုတွေနဲ့ ဖြတ်သန်းခဲ့ရတာဆိုတော့ မကျေနပ်ချက်လေးတွေ သူ့မှာရှိတယ်၊ အဲဒီလိုကာရိုက်တာလေးကနေ ရိုက်ရမှာပါ၊ ကျွန်တော့်အနေနဲ့ အရင်ကရော အခုရော ပြည်ပကသရုပ်ဆောင်တွေနဲ့ ခဏခဏတော့ ရိုက်ဖြစ်တယ်၊ အခုရိုက်မှာလည်း ထိုင်းက သရုပ်ဆောင်တွေနဲ့ဆိုတော့ အဆင်ပြေမှာပါ၊ ကျွန်တော်က ပရိသတ်ကို ပေးချင်တဲ့ရသလေး ရောက်အောင် အစွမ်းရှိသလောက် ကြိုးစားမှာပါ၊ အခု ထိုင်းတွေနဲ့ ရိုက်တဲ့အခါ သူတို့ဆီက ထပ်ပြီး ပညာတွေရမယ်လို့လည်း ထင်ပါတယ်။
ကိုလင်း