မကြာသေးမီက ထွက်ရှိခဲ့သည့် ချူဆီ ရုပ်ရှင်ဇာတ်ကားတွင် ခေါင်းဆောင်မင်းသားအဖြစ် သရုပ်ဆောင်ခဲ့သည့် ကျော်ထက်အောင်ကို မေလကုန်ပိုင်းတွင် ရုံတင်တော့မည့် စရိုက် ရုပ်ရှင်ဇာတ်ကားတွင်လည်း သရုပ်ဆောင် လူမင်း၊ ထွန်းအိန္ဒြာဗို၊ ခိုင်သင်းကြည်တို့နှင့် တွဲဖက်၍ စပါယ်ယာတစ်ဦးအဖြစ် သရုပ်ဆောင်ထားသည်ကို မြင်တွေ့ ရမည်ဖြစ်ကြောင်း သိရသည်။
စရိုက် ရုပ်ရှင်ဇာတ်ကားသည် အောင်ခေတ်မင်း ရုပ်ရှင်ထုတ်လုပ်ရေး၏ တတိယမြောက် ဇာတ်ကားဖြစ်ပြီး ကာတွန်း မိုက်မိုက်(ပြည်)၏ ဇာတ်လမ်းကို မိုးနီလွင်က ဇာတ်ညွှန်းရေးသား၍ ဒါရိုက်တာ သြရသက ရိုက်ကူးထားခြင်းဖြစ်သည်။
“ကျွန်တော်က ဒီကားထဲမှာ ကွမ်းတွေသိပ်စားပြီး ကားစပယ်ယာတစ်ယောက် ကာရိုက်တာမျိုး လုပ်ထားတာပါ၊ အပြင်က နေထိုင်မှုပုံစံမျိုးနဲ့တော့ ဆီနဲ့ ရေပေါ့ဗျာ၊ ဒါပေမယ့် ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားပြီးလုပ်ထားပါတယ်၊ အပြင်မှာ သူတို့ ဘယ်လို ပြောဆိုနေထိုင်၊ စားသောက်တတ်လဲ ဆိုတာကအစ ဇာတ်ကား မရိုက်ခင်ကတည်းက သေချာလေ့လာပြီး ဇာတ်နဲ့လိုက်ဖက်အောင် အကောင်းဆုံးသရုပ်ဆောင် ထားပါတယ်၊ ကွမ်းဆိုလည်း ကျွန်တော်တစ်ခါမှ မစားဖူးတော့ စပြီး စားခါစဆို မူးတောင်မူးတယ်၊ ကားဂိတ်တွေသွား စပယ်ယာတွေကို သေချာကြည့်ပြီး သရုပ်ဆောင် ထားပါတယ်” ဟု ကျော်ထက်အောင်က ပြောသည်။
လက်ရှိ ဇာတ်ကားများရုံတင်သည့်စနစ်နှင့် သရုပ်ဆောင်သစ်များအတွက် အခွင့်အလမ်းများနှင့် ပတ်သက်၍လည်း ကျော်ထက်အောင်က “ကျွန်တော့်ကားတွေက ရုံတင်ဖို့ ကျန်တာတွေ ကျန်သေးတယ်၊ အခု စရိုက်ကားကြီးကတော့ ရုံတင်တော့မှာဆိုတော့ ကျွန်တော် သိပ်ဝမ်းသာတယ်၊ ကျွန်တော့်အနေနဲ့ပြောရရင် ဇာတ်ကားတွေက ရုံတင်ရက် နောက်ကျရတာပေါ့၊ ဒါကတော့ အခုလက်ရှိ ရုံတင်စနစ်ကြောင့် နောက်ကျနေတာပါ၊ ကျွန်တော်ဆို ဒီလောကမှာ ကျင်လည်နေတာ ၁၀ စုနှစ် တစ်စုတော့ ရှိပါပြီ၊ ဒါပေမယ့် ပရိသတ်နဲ့တွေ့တာ နည်းပါတယ်၊ နည်းတယ်ဆိုတာ သရုပ်ဆောင်ပိုင်းမှာ ပြောတာပါ၊ ကျွန်တော်တင်မဟုတ်ပါဘူး၊ နောက်ထပ် အသစ်တွေကိုလည်း ရှေ့ကို မြန်မြန်ရောက်စေချင်ပါတယ်၊ ကားကောင်းရင် ကောင်းသလိုမျိုး နေရာလေးတစ်ခု ရစေချင်တာပါ”ဟု ဆက်ပြောသည်။
Myanmar Idol သီချင်းဆိုပြိုင်ပွဲကြီး၏ စီစဉ်တင်ဆက်သူအဖြစ် လူသိများ ကျော်ကြားခဲ့ပြီးနောက် သရုပ်ဆောင်ဘက်သို့ ကူးပြောင်းလာခဲ့သည့် ကျော်ထက်အောင် အနေဖြင့် နေခြည်မှာရွှေရည်လောင်း ဇာတ်ကားတွင် ကျောင်းဆရာလေး တစ်ဦးအဖြစ် သရုပ်ဆောင်ခဲ့ပြီး ချူဆီဇာတ်ကားတွင် ကေတီဗွီဆိုင် မန်နေဂျာတစ်ဦး နေရာမှ ခေါင်းဆောင် သရုပ်ဆောင်ခဲ့ကာ မေလကုန်တွင် ရုံတင်မည့် စရိုက်ရုပ်ရှင် ဇာတ်ကားတွင်မူ ကာရိုက်တာသစ်တစ်ခုဖြစ်သည့် စပယ်ယာတစ်ယောက်အဖြစ် သရုပ်ဆောင်ထားကြောင်း သိရသည်။
ကိုလင်း