လပ်ကီးဆဲဗင်းရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) ရိုက်ကူးသည့် ကဝေသေလို့ ခြောက်တဲ့တစ္ဆေရုပ်ရှင်ကားကြီးတွင် သရုပ်ဆောင် မြင့်မြတ်၊ သက်မွန်မြင့်တို့နှင့်အတူ ပါဝင်သရုပ်ဆောင်ထားသူ သရုပ်ဆောင် ခြူးလေးက ဇာတ်လမ်းတွဲရိုက်ကူးမှုနှင့် ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးမှု ကွာခြားချက်များကို ယခုလို ပြောကြားသည်။

“အခုဇာတ်ကားက ခြူးလေးရဲ့ ခြေလှမ်းသစ်လေးပေါ့နော်၊ ကိုယ်လေးစား အားကျရတဲ့ စီနီယာတွေ ကိုမြင့်မြတ်တို့၊ ချစ်သက်တို့နဲ့အတူတူ သရုပ်ဆောင်ရတဲ့ အတွက်လည်း ရင်ခုန်နေပါတယ်၊ ခြူးလေးကို သတိတရနဲ့ ကားရိုက်ချိတ်ပေးတဲ့ ဦးငယ်လေးတို့၊ ခြူးလေးကို ယုံယုံကြည်ကြည်နဲ့ လက်တွဲခေါ်ပေးတဲ့ ဆရာဦးဇော်နဲ့ အန်တီသီတာတို့ကိုလည်း ကျေးဇူးတင်ရပါတယ်။ ခြူးလေးတို့က ဇာတ်လမ်းတွဲနဲ့ ပရိသတ်သိလာတာဆိုတော့ ရုပ်ရှင်ကားကြီးတွေနဲ့လည်း ပရိသတ်ရင်ထဲကို တိုးဝင်ချင်ပါတယ်။ အဲဒီအတွက် အများကြီး ကြိုးစားရပါဦးမယ်၊ ကမ်းလှမ်း လာတဲ့အပေါ် မူတည်ပြီး အလုပ်တွေကို ကြိုးစားလုပ်သွားမှာပါ”ဟု ပြောသည်။

ဇာတ်လမ်းတွဲရိုက်ကူးခြင်းနှင့် ရုပ်ရှင်ကားကြီး ရိုက်ကူးခြင်းတွင် သရုပ်ဆောင်ရသည့် ကွာခြားမှုများနှင့်ပတ်သက်၍လည်း “ဇာတ်လမ်းတွဲရိုက်ရတာကတော့ သရုပ်ဆောင်အားလုံး အပြိုင်ဇာတ်ရုပ်တွေနဲ့ အလုပ်လုပ်ရတယ်ဆိုပေမယ့် ခြူးလေးကတော့ အပြိုင်လုပ်နေရတယ်လို့ သဘောမထားဘူး၊ ကိုယ်လုပ်ရမယ့် ကာရိုက်တာအပေါ်မှာပဲ စိတ်နှစ်ပြီးလုပ်တယ်၊ တခြားစိတ်တွေ မထားဘူး၊ ကိုယ်ရထားတဲ့ ကာရိုက်တာကို ပီပြင်အောင်လုပ်ပြမယ်ဆိုရင် ဒီဇာတ်လမ်းတွဲက ရုပ်လုံးကြွလာမှာပဲလေ။ အဲဒီအချိန်မှာ ဒီဇာတ်ကို ဘယ်သူကပိုင်နိုင်တယ်၊ ဘယ်သူက ကာရိုက်တာ ပီပြင်တယ်ဆိုတာ အဖြေထွက်လာမှာပါ၊ အဲဒီအတွက် ခြူးလေးကတော့ ကိုယ်ကျရာဇာတ်ရုပ်မှာပဲ စိတ်နှစ်ပြီး သရုပ်ဆောင်တယ်၊ ဗဟု ုတတွေ အသိပညာတွေ အစရှိတဲ့ ပညာပေးကောင်းတွေပေးနိုင်ပြီး ခြူးလေးတို့လည်း ပရိသတ်ကို သေသေချာချာလုပ်ပြနိုင်မယ့် ဇာတ်လမ်းတွဲမျိုးကို ထပ်ပြီးတော့ ရိုက်ချင်သေးတယ်”ဟု ပြောသည်။

ကိုလင်း