ကျုံပျော် ၁၀ ဧပြီ
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်တွင် နှစ်အတန်ကြာ ကွယ်ပျောက်ခဲ့သော မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအား ယခုနှစ်မှစ၍ နာရေးကူညီမှုအသင်း(ကျုံပျော်)မှ တာဝန်ယူစီစဉ်ကာ ပြန်လည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်ဘုရားကြီး၏ ဩဝါဒကိုခံယူကာ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ မြို့သူ မြို့သားအလှူရှင်များ စုပေါင်းဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ဖြစ်သော ဧပြီ ၁၇ ရက်တွင် သတ်မှတ်ထားပြီး ကျောင်းတိုက်အသီးသီးမှ သံဃာတော်အရှင်သူမြတ်များ၊ သီလရှင်များ စုစုပေါင်းအပါး(၄၀ဝ)ခန့်က ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက် မြတ်ချမ်းသာဘုရားကြီးရှေ့မှ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှေ့အထိဆွမ်းဆန်စိမ်းအလှူခံ ကြွချီတော်မူကြမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို လှူဒါန်းလိုသူများအနေဖြင့် ဆန်၊ ဆီ၊ ဆား၊ ငရုပ်၊ ကြက်သွန် စသည့် လှူဖွယ်ပစ္စည်းများကို မိမိတို့ကိုယ်တိုင်စိတ်တိုင်းကျ ပါဝင်လောင်းလှူနိုင်ကြပြီး နှိုးဆော်ရေး ယာဉ်လှည့်လည်သည့်အခါတွင်လည်း တစ်ပါတည်းလှူဒါန်းနိုင်ကြောင်း၊ မြို့မဈေးရှေ့တွင် ဗဟိုမဏ္ဍပ် ထားရှိကာ စုပေါင်းလောင်းလှူပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နေဝင်းမြင့်(ကျုံပျော်)