၁၁  ဧပြီ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် မြို့ ကြီးရေလှောင်တမံဘက်စုံစီမံကိန်းကို စိုက်ပျိုးရေးနှင့် ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးကဏ္ဍ နှစ်မျိုးလုံးအတွက် တည်ဆောက် ခဲ့ခြင်းဖြစ်သည်။

မြို့ ကြီးရေလှောင်တမံမှ လက်ရှိဇော်ဂျီဆည်ရေသောက်စနစ်သို့ စိုက်ပျိုးရေ ပိုမိုဖြည့်တင်းပေးနိုင်မည်ဖြစ်ခြင်း၊ ကင်းတားဆည်ရေသောက်ဧရိယာများသို့ စိုက်ပျိုးရေပိုမို၍ ရေကူဖြည့်တင်းပေးနိုင်မည် ဖြစ်ခြင်းတို့အပြင် မိုးရွာသွန်းမှုနည်းကာ ရေရှားပါးပြီး ပူပြင်းခြောက်သွေ့သည့် မိတ္ထီလာလွင်ပြင်ဒေသအတွင်းရှိ စိုက်ပျိုး၍မရနိုင်သော မြေများကို စိုက်ပျိုးရေပေးဝေနိုင်မည်ဖြစ်၍ မိတ္ထီလာလွင်ပြင်ဒေသစိမ်းလန်း စိုပြည်လာမည်ဖြစ်ခြင်း၊ ဒေသဝမ်းစာ ဖူလုံရေးနှင့် သီးနှံအထွက်တိုးပြီး လူမှုစီးပွားဘဝ မြင့်မားတိုးတက်လာစေမည်ဖြစ်ခြင်းတို့ကြောင့် အကောင်အထည်ဖော် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

လျှပ်စစ်နှင့် စိုက်ပျိုးရေး နှစ်မျိုးအကျိုးပြု

မြို့ ကြီးရေလှောင်တမံအား ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ် မြို့ကြီးကျေးရွာအနီး ဇော်ဂျီမြစ်ပေါ်တွင် ၂၀ဝ၆ ခုနှစ်မှ စတင်တည်ဆောက်ခဲ့ရာ ၂၀၁၆ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သည်။ မြို့ ကြီးရေလှောင်တမံ၏ ရေဆင်းဧရိယာမှာ ၇၂၅ စတုရန်းမိုင်ရှိပြီး နှစ်စဉ်ပျမ်းမျှစီးဝင်ရေဧကပေ ၃၇၃၄၂၀ နှင့် ကန်ရေပြည့်ရေပြင်ကျယ်ဧရိယာမှာ ဧက ၃၄၂၀ ဖြစ်၍ ရေဧကပေ ၃၅၉၅၅၀ သိုလှောင်နိုင်မည် ဖြစ်သည်။

တမံမှာ ဇုန်အမျိုးအစား မြေသားတမံဖြစ်ကာ အလျား ၂၄၆၁ ပေ၊ အမြင့် ၂၅၈ ပေ ရှိသည်။ ရေလွှဲဥမင်မှာ မြင်းခွာ ပုံစံဖြစ်ပြီး အလျား ၁၅၃၅ ပေ၊ အချင်း ၁၈ ပေ ရှိပါသည်။ ရေအားလျှပ်စစ်ဥမင်မှာ ဃငမခကူမေ-Shစေနိ ပုံစံဖြစ်ပြီး အလျား ၁၆၄၄ ပေ၊ အချင်း ၂၁ ပေ ရှိသည်။ မြို့ ကြီးရေလှောင် တမံမှ ရေနည်းပါးသည့်အချိန်တွင် ရေအားလျှပ်စစ်စက်ရုံ မလည်ပတ်နိုင်ပါက စိုက်ပျိုးရေပေးဝေနိုင်ရန်အတွက် အလျား ၆၉ ပေ၊ အချင်း ၁၀ ပေရှိ Circular-Shaped ပုံစံစိုက်ပျိုးရေ ထုတ်ပေါက်အား ထည့်သွင်းတည်ဆောက်ထားသည်။

ရေအားလျှပ်စစ်စက်ရုံမှာ အလျား ၁၃၅ ပေ၊ အနံ ၈၄ ပေ၊ အမြင့် ၈၁ ပေ ရှိပြီး သံကူကွန်ကရစ် အမျိုးအစားဖြစ်သည်။ လျှပ်စစ်ဓာတ်အား ထုတ်လွှတ်နိုင်ရန်အတွက် ဖရန့်ဆစ် (Francis Turbine Vertical Shaft) အမျိုးအစား တာဘိုင်နှစ်လုံး ထည့်သွင်းတည်ဆောက်ထားပြီး မြို့ကြီးရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှ လျှပ်စစ်တပ်ဆင် အင်အား ၃၀ မဂ္ဂါဝပ် (၁၅ မဂ္ဂါဝပ် x ၂ လုံး) ကို (၃၃ ကေဗွီ x ၂ ထပ်လိုင်း x ၁၀ ဒသမ ၆၅ မိုင်)ဖြင့် မဟာဓာတ်အားလိုင်းသို့ နှစ်စဉ်ပျမ်းမျှ ၁၃၅ ဒသမ ၇၀ ကီလိုဝပ်နာရီသန်းပေါင်း ထုတ်လွှတ်ပေးဝေမည်ဖြစ်သည်။ ထို့အပြင် အကျယ် ၂၉၅ ဒသမ ၃ ပေရှိ Ogee Type ပုံစံ ရေပိုလွှဲအားလည်းကောင်း၊ ကျယ် ပေ ၁၆၀ ရှိ Broad Crest ပုံစံ ရေလွှဲဆည်ကို လည်းကောင်း၊ အလျား ၁၁ ဒသမ ၄ မိုင်ရှိသော မြို့ ကြီး မြောင်းမတော် အမှတ် (၁) နှင့် အလျား ၁၀ မိုင်ရှိသော မြို့ ကြီးမြောင်းမတော် အမှတ် (၂) တို့ကို လည်းကောင်း တည်ဆောက်ထားရှိသည်။

မိတ္ထီလာလွင်ပြင် စိမ်းလန်းစိုပြည်ရေးအတွက် ရေပေးဝေရန် လေ့လာတိုင်းတာချက်များအရ ဇော်ဂျီရေလှောင်တမံ၏ အထက်ပိုင်း၌ ကျိုင်းခမ်းရေလှောင်တမံတည်ဆောက်၍ တမံ နှစ်ခုမှ သိုလှောင်ရေနှင့် ကြားစီးဆင်းရေ စုစုပေါင်းပမာဏ ၁၁ ဒသမ ၅ သိန်းဧကပေခန့်ကို ထိန်းချုပ်သိုလှောင်နိုင်ရေးအတွက် မြို့ ကြီးရေလှောင်တမံကို တည်ဆောက်ပြီး ကျောက်ဆည်ခရိုင်အတွင်းရှိ ဇော်ဂျီရေသောက်စနစ်ဧရိယာဧက ၈၂၀ဝ၀ အတွက် ရေပမာဏ ဧကပေ ခုနစ်သိန်းခန့်နှင့် ကင်းတားလက်ယာမြောင်း၏ ပြောင်းပြာ၊ ငလိုင်းဇင်ရေသောက် ဧရိယာ ဧက ၃၈၃၀ဝ အတွက် ရေပမာဏ ဧကပေ ၄ ဒသမ ၅ သိန်း ထုတ်လွှတ်ပေးရန် ရည်ရွယ်တည်ဆောက်လျက်ရှိရာ ကျိုင်းခမ်းရေလှောင်တမံ တည်ဆောက်ပြီးစီးပါက ကင်းတားဆည်မှ လက်ယာမြောင်းရေသောက်စနစ်သို့ ပေးဝေလျက်ရှိသည့် စိုက်ပျိုးရေများကို မိတ္ထီလာလွင်ပြင်ရှိ မြေဧရိယာ ဧက ၃၃၀ဝ၀ သို့ လွှဲထုတ်ပေးဝေနိုင်မည်ဖြစ်ပါသဖြင့် ခြောက်သွေ့နေသည့် မိတ္ထီလာလွင်ပြင်တစ်ခုလုံး စိမ်းလန်းစိုပြည်လာစေမည် ဖြစ်သည်။

သိုလှောင်ရေများ ထပ်ဆင့်ဖြန့်ဝေပေးနိုင်

မြို့ ကြီးရေလှောင်တမံအတွင်းတွင် ၂၀၁၅ ခုနှစ် အောက် တိုဘာလမှစတင်၍ ရေသိုလှောင်ခဲ့ပြီး ကျောက်ဆည်မြို့နယ်နှင့် စဉ့်ကိုင်မြို့နယ်အတွင်း မိုးစပါးအောင်ရေ၊ သောက်သုံးရေနှင့် စက်ရုံသုံးရေများကို ပေးဝေခဲ့သည်။ လက်ရှိအချိန်တွင် မြို့ကြီးရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှ လျှပ်စစ်ဓာတ်အားထုတ်လွှတ်ပေးရင်း ကျောက်ဆည်မြို့နယ်နှင့် စဉ့်ကိုင် မြို့နယ်များအတွင်းရှိ ဇော်ဂျီရေသောက်ဧရိယာများ၏ စိုက်ပျိုးရေလိုအပ်ချက်အရ ရေပေးဝေလျက်ရှိသည့်အပြင် သောက်သုံးရေနှင့် စက်ရုံသုံးရေများ၊ လျှပ်စစ်ဓာတ်အားများ ထုတ်လွှတ်ပေးလျက်ရှိသည်။

မြို့ ကြီးရေလှောင်တမံမှ ဇော်ဂျီဆည်ရေသောက် ဧရိယာများဖြစ်သည့် ကျောက်ဆည်မြို့နယ်ရှိ ကျေးရွာအုပ်စု ၇၅ အုပ်စုမှ ကျေးရွာပေါင်း ၁၆၉ ရွာနှင့် စဉ့်ကိုင်မြို့နယ်ရှိ ကျေးရွာ အုပ်စု ၄၀ မှ ကျေးရွာပေါင်း ၈၅ ရွာတို့ကို စိုက်ပျိုးရေ၊ သောက်သုံးရေများနှင့် လျှပ်စစ်ဓာတ်အားများ ပေးဝေလျက်ရှိသည်။ ကျောက်ဆည်မြို့နယ်နှင့် စဉ့်ကိုင်မြို့နယ်များတွင် မိုးစပါး/နွေ စပါးအပြင် နှမ်း၊ ပဲတီစိမ်း၊ ဝါများလည်း စိုက်ပျိုးလျက်ရှိသည်။ ကျောက်ဆည်မြို့နယ်တွင် နွေစပါး ၆၈၃၄ ဧက၊ နွေသီးနှံ ၂၆၁၉၁ ဧကနှင့် စဉ့်ကိုင်မြို့နယ်တွင် နွေစပါး ဧက ၃၇၀ဝ၊ နွေသီးနှံ ဧက ၁၂၀ဝ တို့ စိုက်ပျိုးလျက်ရှိရာ မြို့ကြီးရေလှောင်တမံမှ စိုက်ပျိုးသီးနှံများအတွက် ရေအလုံအလောက်နှင့် လျှပ်စစ်မီးပါရရှိနေကြသဖြင့် ကျေးရွာ တောင်သူလယ်သမားများအတွက် အဘက်ဘက်မှ အဆင်ပြေလျက်ရှိသည်။

မြို့ကြီးရေလှောင်တမံဘက်စုံစီမံကိန်း အကောင်အထည်ဖော် တည်ဆောက်နိုင်မှုကြောင့် နိုင်ငံတော်လျှပ်စစ်စွမ်းအင် ကဏ္ဍမှာ ဓာတ်အားထုတ်လုပ်နိုင်မှု ၃၀ မဂ္ဂါဝပ် တိုးတက်လာသည့်အပြင် စိုက်ပျိုးရေလုံလောက်စွာ ရရှိနိုင်မည်ဖြစ်သဖြင့် မိတ္ထီလာလွင်ပြင်ဒေသအတွင်း စိမ်းလန်းစိုပြည်မည်ဖြစ်ပြီး ပြည်သူများ၏ လူနေမှုဘဝ တိုးတက်မြင့်မားလာမည် ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။

တင်လှိုင် (မိတ္ထီလာ)