ဒါကာ ဧပြီ ၁၀
ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြောက်ပိုင်းနှင့် တောင်ပိုင်းရှိဒေသ ၁၅ ခု တို့မှ အစွန်းရောက်အဖွဲ့ဝင် ၆၀ဝ ကျော်တို့သည် အာဏာပိုင်များထံတွင် လက်နက်ချ အလင်းဝင်ရန် ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။
အစွန်းရောက်အဖွဲ့ဝင်များသည် ၎င်းတို့၏ စိတ်ဆန္ဒဖြင့် လက်နက်ချအလင်းဝင်ကြခြင်းဖြစ်ကာ ပြည်ထဲရေးဝန်ကြီး အဆာဒတ်စမန်ခန်ကာမယ်လ်နှင့် ထောက်လှမ်းရေးရဲချုပ် ဂျာဗက်ပတ်ဝါရီတို့၏ ရှေ့မှောက်တွင် ၎င်းတို့၏ လက်နက် ခဲယမ်းများနှင့် ဒေသလုပ် လက်နက်များကိုလည်း အာဏာပိုင်များသို့ ပေးအပ်ခဲ့ကြသည်။ လက်နက်ချမှုကို ပတ်ဘနာရှိ ရှာဟိအက်ဒဗိုကိတ် အမီနူဒင်အားကစားရုံ၌ ဧပြီ ၉ ရက်တွင် ပြုလုပ်ခဲ့သည်။
လက်နက်ချ အလင်းဝင်ကြခြင်းဖြစ်နိုင်
အစိုးရအနေဖြင့် လက်နက်ချအညံ့ခံလိုသည့် အစွန်းရောက်အဖွဲ့ဝင်တစ်ဦးချင်းစီကို သာမန်ပြည်သူဘဝဖြင့် ပြန်လည် နေထိုင်နိုင်စေရေး အကူအညီပေးနိုင်ရန် ကြိုးပမ်းလျက်ရှိရာ ထိုသို့လူအင်အားအလုံးအရင်းဖြင့် လက်နက်ချ အလင်းဝင်ကြခြင်း ဖြစ်နိုင်ကြောင်း ပတ်ဘနာရဲအုပ် ရှိတ်ခ်ရာဖီကာလ်အစ္စလာမ်က အတည်ပြုပြောကြားခဲ့သည်။
ပြန်လည်အခြေချနိုင်ရေး ငွေကြေးအရ ဆောင်ရွက်ပေးမည်
ရဲတပ်ဖွဲ့ သတင်းရင်းမြစ်များအရ ပတ်ဘနာ၊ နာတိုးရ်၊ ဆီရက်ဂန်၊ ဘိုဂရာ ရန်ပါ၊ ဂျွိုင်ပါဟက်၊ နာအိုဂါအွန်၊ တန်ဂေလ်၊ ကူရှ်တီရာ၊ ရတ်ဂျ်ဘာရီ၊ ခါလ်နာ၊ ဆတ် ခီရာနှင့် အခြားသော ဒေသအများအပြားတို့မှ အစွန်းရောက်အဖွဲ့ဝင်များသည် တရား ဥပဒေစိုးမိုးမှုအောက်တွင် လက်နက်ချအလင်းဝင်ကြမည် ဖြစ်ကြောင်းနှင့် အစိုးရက ၎င်းတို့ကို ပြန်လည် အခြေချနိုင်ရေး ငွေကြေးအရ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
ဒါကာထရီဗြွန်း