ရန်ကုန် ၁၁ ဧပြီ

 

ပြည်တွင်း၌ လက်ရှိအသုံးပြုနေကြသော ပုံမှန်ဆင်းကတ်များကဲ့သို့ Physical ဆင်းကတ်ကို အသုံးပြုရန်မလိုတော့ဘဲ eSIM နည်းပညာကို ထောက်ပံ့သည့် ဖုန်းများတွင် အီလက်ထရောနစ်ဆင်းကတ်ကို ထည့်သွင်းအသုံးပြုနိုင်မည့် ဝန်ဆောင်မှုကို ဆက်သွယ်ရေးအော်ပရေတာ Mytel က မြန်မာနိုင်ငံတွင် ပထမဆုံး စတင် ဝန်ဆောင်မှုပေးနေပြီဖြစ်ကာ ဧပြီ ၈ ရက်မှ မေ ၇ ရက်အထိ တစ်လအတွင်း အစမ်းရောင်းချကာလအဖြစ် သတ်မှတ်၍ ရောင်းချပေးနေပြီဖြစ်ကြောင်း သိရသည်။ Mytel ၏ eSIM များကို Mytel အရောင်းဆိုင်များတွင် ပုံမှန်ဆင်းကတ်ဈေးနှုန်း အတိုင်း ကျပ် ၁၅၀ဝ ဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း၊ ဆက်သွယ်ရေးလောက၏ ကြီးမားသော တီထွင်ဆန်းသစ်မှုတစ်ခုဖြစ်ကာ စမတ်ဖုန်း ထုတ်လုပ်သောကုမ္ပဏီများ၊ အော်ပရေတာများနှင့် သုံးစွဲသူများကြား စိတ်ဝင်စားမှုများသည့် eSIM ကို မြန်မာနိုင်ငံရှိ သုံးစွဲသူများအနေဖြင့်လည်း စမ်းသပ်အသုံးပြုစေလို၍ Mytel အနေဖြင့် ဝန်ဆောင်မှုပေးခြင်းဖြစ်ကြောင်း၊ Mytel နှင့် ပူးပေါင်းလုပ်ကိုင်နေသည့် Viettel သည်လည်း ဗီယက်နမ်နိုင်ငံအတွက် eSIM အစမ်း စတင်သုံးစွဲမှုကို မကြာသေးခင်က မိတ်ဆက်ထားခဲ့ကြောင်း Mytel မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

Mytel ၏ ပြင်ပဆက်ဆံရေး အမှုဆောင်အရာရှိချုပ် ဦးဇော်မင်းဦးက “မြန်မာနိုင်ငံက သုံးစွဲသူတွေအတွက် eSIM နည်းပညာကို အစမ်း စတင်သုံးစွဲကြည့်နိုင်ကြဖို့ မိတ်ဆက်ပေးလိုက်တာဖြစ်ပါတယ်၊ အခြားအော်ပရေတာတွေနဲ့မတူဘဲ နည်းပညာသစ်၊ တီထွင်ဆန်းသစ်မှုအသစ်တွေကို ဦးဆောင် ထောက်ပံ့ပေးနိုင်တဲ့အတွက်လည်း Mytel က အလွန်ဂုဏ်ယူမိပါတယ်”ဟု ပြောသည်။ eSIM ဆိုသည်မှာ စမတ်ဖုန်း ထုတ်လုပ်သူများက ဖုန်းများထဲတွင် ထည့်သွင်းမြှုပ်နှံ၍ ထုတ်လုပ်လိုက်သည့် အီလက်ထရောနစ်ဆင်းကတ် သို့မဟုတ် မြှုပ်ထည့်ထားသော ဆင်းကတ်(embedded sim)ဖြစ်ပြီး သာမန်ဆင်းကတ်တစ်ခု၏ နံပါတ်နှင့် သက်ဆိုင်သည့် အခြား ကုဒ်နံပါတ်များကို QR Scan ဖတ်၍ ဖုန်း၏ eSIM ထဲတွင် ထည့်ပေးလိုက်ရုံဖြင့် ပုံမှန်ဆင်းကတ်တစ်ကတ်အတိုင်း အလုပ်လုပ်သွားမည့် နည်းပညာဖြစ်သည်။

 

အသုံးပြုသူ၏ ကိုယ်ရေးအချက်အလက်များနှင့် အသုံးပြုနေသော ကွန်ရက်ဆိုင်ရာဒေတာများကို Physical ဆင်းကတ်မလိုဘဲ သိမ်းဆည်းနိုင်သည့် ဒစ်ဂျစ်တယ်ဆင်းကတ်စနစ်လည်းဖြစ်သည်။

 

eSIM အသုံးပြုရန်အတွက် ဖုန်းများသည် eSIM စနစ်ကိုထောက်ပံ့သော ဖုန်းများ ဖြစ်ရမည်ဖြစ်ကာ လက်ရှိအချိန်တွင် အသုံးပြုနိုင်မည့်ဖုန်းများမှာ iPhone ၏ နောက်ဆုံးထွက် ဖုန်းသစ်သုံးမျိုးဖြစ်သော iPhone XS, Xsmax, XR ဖုန်းများနှင့် အန်းဒရွိုက်အနေဖြင့် Google ၏ Pixel 3Xl စမတ်ဖုန်းများဖြစ်၍ အသုံးပြုနိုင်သော ဖုန်းအမျိုးအစားမှာ နည်းနေသေးသည်ကို တွေ့ရသည်။

 

eSIM ကို အသုံးပြုခြင်းကြောင့် ဖုန်းနံပါတ်တစ်ခုထက်ပို၍ ကိုင်ဆောင်ထားသော သုံးစွဲသူများအနေဖြင့် ဆင်းကတ်ထည့်သွင်းရန်နေရာ(Sim Card Slot)အတွက် ကြောင့်ကြစရာမလိုတော့သလို ဆင်းကတ်ပျောက်ဆုံးမှု၊ ပျက်စီးမှုများလည်း မရှိနိုင်တော့သည့် အားသာချက်များရှိကြောင်း၊ နိုင်ငံရပ်ခြားသို့ မကြာခဏ သွားရောက် ရသူများအဖို့လည်း လက်ရှိအသုံးပြုနေသော ဆင်းကတ်ကို ထုတ်ရခြင်း၊ သွားရောက်သောနိုင်ငံမှ ဆင်းကတ်များကို ဝယ်ယူထည့်သွင်းရခြင်း စသည့် အခက်အခဲများ နည်းပါးစေကြောင်း၊ Mytel eSIM အသုံးပြုသူများအနေဖြင့် မကာအို၊ အင်ဒိုနီးရှား၊ ထိုင်း၊ လာအို၊ ဗီယက်နမ်၊ က္ဘောဒီးယား၊ ကနေဒါတို့ အပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံရှိ eSIM နည်းပညာထောက်ပံ့သော ဆက်သွယ်ရေးကွန်ရက်များကို ပြောင်းလဲချိတ်ဆက် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် စမတ်ဖုန်းများတွင် Physical  ဆင်းကတ်တစ်ခုနှင့်အတူ eSIM ကို တစ်ကတ်ထက်မက ထည့်သွင်းထားနိုင်ကာ Physical ဆင်းကတ်ကို ဦးစားပေး (primary)နှင့် eSIM ကို ဒုတိယဦးစားပေး(secondary)အဖြစ် အသုံးပြုနိုင် မည်ဖြစ်ကြောင်း၊ Physical ဆင်းကတ်ကို အသုံးမပြုလျှင်လည်း eSIM ကိုပင် primary သို့မဟုတ် secondary ထား၍ အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ သို့သော် eSIM နှစ်ခုကို တစ်ချိန်တည်း ပြိုင်တူသုံးစွဲနိုင်မည်မဟုတ်ဘဲ တစ်ချိန်လျှင် တစ်ခုသာ အဓိကထား သုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

သူရဖြိုး