ပြင်ဦးလွင်  ၁၁   ဧပြီ

 

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ် လွန်ကောင်းကျေးရွာအုပ်စု ငှက်ကြီးသိုက်ကျေးရွာရှိ (၇)မိုင် သဘာဝကမ်းခြေအပန်းဖြေစခန်းသို့ ပြည်တွင်းပြည်ပ ခရီသွားအပန်းဖြေသူများနှင့် စည်ကားလျက်ရှိနေပေသည်။

 

mdn

 

(၇)မိုင်သဘာဝ ကမ်းခြေအပန်းဖြေစခန်းသို့ မန္တလေးမြို့မှ ကား(သို့)ဆိုင်ကယ်များဖြင့် လာလျှင် တစ်နာရီခန့်သာကြာမြင့်သော မိုင်(၂၀)ကျော်သာကွာဝေးပြီး ပြင်ဦးလွင်မြို့မှ ထိုအကွာအဝေးမျှသာ ရှိသောကြောင့် ပူပြင်းသော အချိန်တွင် မြန်မာနိုင်ငံအလယ်ပိုင်းရှိ ခရီးသွားပြည်သူများသာမက သဘာဝကမ်းခြေအတိုင်း လှပသော ရှုခင်းများ လူတို့တည်ဆောက်ထားသော စိတ်ဝင်စားဖွယ် ဆော့ကစားစရာများကြောင့် ဒေသတွင်းခရီးသွားများသာမက ပြည်ပခရီးသွားများဖြင့် စည်ကားနေသည်ကို တွေ့မြင်ရသည်။

 

(၇)မိုင် ကမ်းခြေသဘာဝအပန်းဖြေစခန်းမှာ ရွှေစာရံဘုရားပွဲနှင့် ဒီဒုတ်ရေပြာအိုင်သို့ လာရောက်လည်ပတ်သော ခရီးသွားဘုရားဖူးများ အပန်းဖြေရာမှ စိုက်ပျိုးရေးခြံတည်ရှိသော မိုင်တိုင်(၇/၄)မိုင်ကို အစွဲပြု၍ (၇)မိုင်စိုက်ပျိုးရေးခြံဟု လူသိများလာရာမှတစ်ဆင့် မန္တလေးမြို့နှင့်ပြင်ဦးလွင် ကြားတွင်အပန်းဖြေ စခန်းတစ်ခုဖြစ်စေရန် ကြိုးစားခဲ့ခြင်းဖြစ်ကြောင်း (၇)မိုင်ကမ်းခြေ တာဝန်ခံ ဦးဇင်လတ်ထံမှ သိရသည်။

 

mdn

 

(၇)မိုင် သဘာဝကမ်းခြေ အပန်းဖြေစခန်း တာဝန်ခံဦးဇင်လတ်မှ "ဒီသဘာဝကမ်းခြေ အပန်းဖြေစခန်းကို ၂၀၁၇ ဒီဇင်ဘာ ၂၂ ရက်နေ့မှာ အများပြည်သူတောင့်တနေတဲ့ သဘာဝကမ်းခြေလေးအဖြစ် ရပ်တည်နိုင်ခဲ့တယ်။ မြန်မာနိုင်ငံရဲ့ခရီးသွားကဏ္ဍမှာ မန္တလေးတိုင်းရဲ့ ပြယုဂ်တစ်ခုခုအဖြစ် သဘာဝပတ်ဝန်းကျင်အခြေခံတဲ့ အပန်းဖြေစခန်း တစ်ခုဖြစ်လာသလို နိုင်ငံတကာအပန်းဖြေစခန်း RIVER BANK RESORT များနဲ့ ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းများတွေကို လက်လမ်းမမီတဲ့သူတွေ အနေနဲ့ရော  မြန်မာနိုင်ငံ အလယ်ပိုင်းဒေသက ပြည်သူတွေအတွက် စရိတ်သက်သာစေတယ်လေ။  သဘာဝကမ်းခြေ အပန်းဖြေစခန်း တည်ဆောက်ပြီးနောက်ပိုင်းမှာ ခုလို နွေရာသီတွေဆို ပြည်တွင်းခရီးသွားများသာမက နိုင်ငံခြားသား ဧည့်သည်တော်များလည်း နှစ်စဉ်တိုးတက်လာပါတယ်"ဟု ဆက်လက်ရှင်းပြသည်။

 

mdn

 

အများပြည်သူတို့၏ ရင်ထဲအေးချမ်းမှုများ ယူဆောင်ပေးနိုင်သော (၇)မိုင် သဘာဝကမ်းခြေ အပန်းဖြေစခန်းအဖြစ် ရပ်တည်ခဲ့သည်မှာ အချိန်ကာလ တစ်ခုသို့ရောက်ရှိလာပြီး အများပြည်သူ အန္တရာယ်ကင်းစေရန် ရေပြင်လုံခြုံရေးနှင့်  မြေပြင်လုံခြုံရေး CCTV ကင်မရာများ / အရေးပေါ် အသက်ကယ်နိုင်ရန်အတွက် Speed Boat များနှင့် Life Jacket များလည်း အသင့်ထားရှိထားကြောင်း တာဝန်ခံဦးဇင်လတ်ထံမှ သိရသည်။

 

mdn

 

ဘိုဘို(မလှိုင်)