မန္တလေး ၁၁ ဧပြီ
မန္တလေးမြို့တွင် ကျင်းပမည့် သင်္ကြန်ပွဲတော်တွင် ဒေသခံပြည်သူများသာမက ပြည်တွင်းပြည်ပမှ လာရောက်လည်ပတ်ကြမည့် ခရီးသွားများပါ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရန်အတွက် ဆန်းသစ်တီထွင်သော အခင်းအကျင်းများဖြင့် ကြိုတင်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

အဆိုပါပြင်ဆင်မှုများအနက် ကျုံးတောင်ဘက်ခြမ်းတွင် တည်ဆောက်ထားသည့် မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်တွင် ပါဝင်ဆင်နွှဲကြမည့် ရေကစားမဏ္ဍပ်များအား ဆန်းသစ်သော ဒီဇိုင်းပုံစံများဖြင့် တည်ဆောက်ပြင်ဆင်ထားသည့်အပြင် မြန်မာ့လက်မှု ပညာရပ်ဖြင့် တီထွင်ဖန်းတီထုတ်လုပ်ထားသည့် အရုပ်အမျိုးမျိုးကိုလည်း ချိတ်ဆွဲအလှဆင်ထားရှိကာ လမ်းလျှောက် သင်္ကြန်ပွဲတော်အထိမ်းအမှတ် မုခ်ဦးဆိုင်းဘုတ်များကိုလည်း ဒီဇိုင်းသစ်ဖြင့် ရေးဆွဲစိုက်ထူထားရှိသည်။
ထို့ပြင် ကျုံးအနောက်ဘက်ခြမ်းတွင် ပါဝင်ဆင်နွှဲကြမည့် ရေကစားမဏ္ဍပ်ကြီးများကိုလည်း ဒီဇိုင်းပုံစံ အမျိုးမျိုးဖြင့် ဆောက်လုပ်ထားကြပြီး မန္တလေးသင်္ကြန်အထိမ်းအမှတ် မြို့မငွေငန်းအလှပြယာဉ်ကြီးကလည်း အားမာန်တဝင့်ဝင့်ဖြင့် လှည့်လည်သီဆိုရန် ပြင်ဆင်မှုများ လုပ်ဆောင်လျက်ရှိသည့်အပြင် ဆန်းသစ်သော ဒီဇိုင်းပုံစံများဖြင့် အဆင့်မြှင့်တင်ပြုပြင်မွမ်းမံထားသည့် ကျုံးအရှေ့ဘက်ခြမ်း လျှောက်လမ်းကိုလည်း သင်္ကြန်ပွဲတော်အမီ ဖွင့်လှစ်သွားမည်ကြောင်း သိရသည်။

အဆိုပါ ဆန်းသစ်တီထွင်သော အခင်းအကျင်းများဖြင့် ကြိုတင်ပြင်ဆင်မှုများသည် မန္တလေးသင်္ကြန် ပွဲတော်ကို အနယ်နယ်အရပ်ရပ်မှ လာရောက်ပါဝင်ဆင်နွှဲကြရန် ဖိတ်ခေါ်နေသကဲ့သို့ ရှိနေပေသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)၊ ဓာတ်ပုံ- အောင်ဖြိုးကျော်