မန္တလေး ၁၁ ဧပြီ
မန္တလေးမြို့ရှိ ရှမ်းတိုင်းရင်းသား အသင်းအဖွဲ့များ၊ ရှမ်းပြည်နယ် ဇာတိအသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ စုပေါင်း၍ ပထမအကြိမ်အဖြစ် ရှမ်းတိုင်းရင်းသားများ ရိုးရာသင်္ကြန်ပွဲတော်ကို ယနေ့ နံနက် ၁၀ နာရီက ၃၅ လမ်း၊ ၆၆ လမ်းနှင့် ၆၇ လမ်းကြားရှိ ရှမ်းတိုင်းရင်းသားများ သာရေးနာရေးအသင်းတိုက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

''ကျွန်တော်တို့ ရှမ်းပြည်နယ်မှာဆိုရင် သင်္ကြန်ရောက်ခါနီးတိုင်း ရွာတိုင်းလိုလိုမှာ ရှမ်းရိုးရာ ဝိသေသ လက္ခဏာအဖြစ် ကုန်းဆွန်းဘုရားကို ရေသပ္ပာယ်တဲ့ ဓလေ့ရှိပါတယ်။ အမြဲတမ်းလည်း ကျင်းပနေတာပါ။ အင်မတန်မှ ချစ်စရာကောင်းတဲ့ ရိုးရာယဉ်ကျေးမှုတစ်ခုပါ။ အခု မန္တလေးမှာ လာပြီးနေထိုင်ကြတဲ့ ရှမ်းအသင်းအဖွဲ့တွေ ရှမ်းလူမျိုးတွေ စုပေါင်းပြီး ကိုယ့်ရိုးရာ သင်္ကြန်ပွဲတော်ကို ကျင်းပနိုင်တဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်''ဟု မန္တလေးမြို့ ရှမ်းတိုင်းရင်းသားများ ရိုးရာသင်္ကြန်ပွဲတော် ဖြစ်မြောက်ရေးကော်မတီဝင် စိုင်းအောင်မင်းက ပြောသည်။

အဆိုပါပွဲတော်ကို နံနက် ၁၀ နာရီမှ ညနေ ၆ နာရီအထိ ကျင်းပသွားမည်ဖြစ်ပြီး လာရောက် ပါဝင်ဆင်နွှဲကြသူများအား စတုဒိသာ ကျွေးမွေးဧည့်ခံသည့်အဖွဲ့ ၁၅ ဖွဲ့မှ ရှမ်းရိုးရာ အစားအစာများ၊ သင်္ကြန်မုန့်ဖက်ထုပ်၊ ကြာဇံဟင်းခါး၊ ရွှေရင်အေး၊ ဆန်ချိုအေး၊ မုန့်လက်ဆောင်း စသည့် အစားအစာများ၊ ရှမ်းရိုးရာ အဆိုအကများဖြင့် ကျွေးမွေးဧည့်ခံဖျော်ဖြေခဲ့ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)၊ ဓာတ်ပုံ- အောင်ဖြိုးကျော်


