ဇင်းကျိုက် ၁၁ ဧပြီ 

 

မွန်ပြည်နယ်  ပေါင်မြို့နယ် ဇင်းကျိုက်မြို့ရှိ ဂစ္ဆဂိရိတောင် (ခေါ်)  ဇင်းကျိုက်တောင်တော်သည် ပင်လယ်ရေမျက်နှာပြင်နှင့် အထက် ပေပေါင်း ၃၀၂၂ တွင်တည်ရှိပြီး ၎င်းတောင်ထွတ်ပေါ်တွင် တည်ထားကိန်းဝပ် စံပယ်လျက်ရှိသော ရှေ့ဟောင်းသမိုင်းဝင် ဇင်းကျိုက်ဆံတော်ရှင် စေတီတော်မြတ်ကြီး၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို လာမည့် ဧပြီ ၁၂ ရက်မှ ၂၁ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ကြောင်း သိရသည်။

 

အဆိုပါ ဗုဒ္ဓပူဇနိယပွဲတော်ကြီး ကျင်းပရာသို့ ဒေသခံဈေးဆိုင်ခန်းများနှင့် အနယ်နယ် အရပ်ရပ်မှ ဈေးဆိုင်ခန်းများ ခင်းကျင်းဆောက်လုပ်မှု ယခင်နှစ်များထက်  ပိုမိုများပြားလာကြောင်း သိရသည်။

 

ဆံတော်ရှင်ကိန်းဝပ်စံပယ်ရာ တောင်တော်ပေါ်သို့ ဘုရားဖူးပရိသတ်များ အလွယ်တကူ သွားရောက်ဖူးမြော်နိုင်စေရေးနှင့် ဘုရားဖူးပရိသတ်များ ဘေးကင်းလုံခြုံမှု ရှိစေရေးအတွက် ယခင်တောင်တက် ကားလမ်းတစ်ကြောင်းတည်းဖြင့် ပြေးဆွဲခဲ့ရာ ယခုပွဲတော်ရက်အမီ နောက်ထပ် တောင်တက်ကားလမ်းတစ်ကြောင်းကို တိုးချဲ့ဖောက်လုပ်ထားပြီး ဘုရားဖူးတောင်တက် မော်တော်ယာဉ်များက  ခရီးသည်တစ်ဦးလျှင် အတက် ၂၀ဝ၀ ကျပ်နှုန်း၊ အဆင်း ၁၀ဝ၀ ကျပ်နှုန်းဖြင့် သတ်မှတ်ပြေးဆွဲ ပေးသွားမည်ဖြစ်ကြောင်း တောင်တက်မော်တော်ယာဉ်အသင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

 

နေခြည် (ဇင်းကျိုက်)