သောင်းကေတု

 

တပေါင်းကုန်၍ တန်ခူးလဆန်းခဲ့ပြီ။ မကြာမီ အတာသင်္ကြန်ပွဲတော် ကျင်းပပြီး ၁၃၈၁ ခုနှစ်ကို နှစ်သစ်ကူးပြောင်းတော့မည်။ သင်္ကြန်ပွဲတော်ကို မြန်မာ အပါအဝင် အရှေ့တောင်အာရှနိုင်ငံများဖြစ်သော ထိုင်း၊ လာအို၊ က္ဘော ဒီးယားနှင့် ယူနန်ပြည်နယ် တောင်ပိုင်းတို့တွင် တစ်ပြိုင်တည်းကျင်းပကြသည်။ ဟိုတုန်းက မ္တလေးသင်္ကြန်၊ ရန်ကုန်သင်္ကြန်၊ မော်လမြိုင်သင်္ကြန်တို့ နာမည် ကြီးကြသည်။ ယခုနှစ်များအတွင်း ချင်းတွင်းသင်္ကြန်၊ အင်းလေးရေပေါ်သင်္ကြန် များကို တီထွင်ဆန်းသစ်ကာ ကျင်းပလာကြသည်။ ကျွန်တော်တို့ တောင်ငူ မှာလည်း ယခုနှစ် လမ်းလျှောက်သင်္ကြန်ကျင်းပမည်ဟု ကြားသိရသည်။ ဗိုလ်မှူးဖိုးကွန်းလမ်းမကြီးကို ခေမာလမ်းထိပ်မှ တပင်ရွှေထီးလမ်းအထိ လမ်းလျှောက်သင်္ကြန်ကျင်းပမည့်အပြင် အရှေ့ဘက်ကျုံးထိပ်တွင် ဗဟိုမဏ္ဍပ် နှင့် ရပ်ကွက်ရေကစားမဏ္ဍပ်များလည်း ပါဝင်ပါမည်။ ဧပြီလဆန်းကတည်းက ကျုံးထိပ်က ဗဟိုမဏ္ဍပ်ကို စတင်ဆောက်လုပ်နေပါပြီ။

 

အရှေ့ဘက်ကျုံးနံဘေး "ရှင်းရှင်းသန့်သန့်" လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်သောက်ရင်း လှမ်းမြင်နေရသော မဏ္ဍပ်အဆောက်အအုံကို ကြည့်ကာ ရှေးခေတ် တောင်ငူခေတ်ကောင်းစားစဉ်က ဘုရင်ကိုယ်တော်တိုင် ပါဝင်ဆင်နွှဲသော ကေတုမတီမြို့တော်၏ မဟာသင်္ကြန်မြင်ကွင်းကို ပြန်လည် မြင်ယောင်မိပါသည်။

 

ရေနန်းသဘင်တွင် ပျော်ရွှင်

 

အေဒီ ၁၅၁၀ ခုနှစ်တွင် မဟာသီရိဇေယျသူရ မင်းကြီးညိုဘုရင်သည် ကေတုမတီမြို့တော်ကို တည်ခဲ့သည်။ ရှေးယခင်မြို့မတည်မီက တည်ရှိခဲ့သော ကြာအင်းရေကန်ကြီးကို မြို့တော်အတွင်း ထည့်သွင်းတည်ထားခဲ့သည်။ ကန်တော်အလယ်တွင် ရေနန်းပြာသာဒ်တည်ဆောက်ကာ ရေနန်းသဘင်တွင် ပျော်ရွှင်စွာ အပန်းဖြေခဲ့ကြသည်။

 

တောင်ငူခေတ်သည် ရတုခေတ်၊ ဧချင်းခေတ် ဖြစ်သည်။ တိုင်းပြည် တည်ထောင်နေသော ခေတ်ဖြစ်၍ အခါမလပ်စစ်ချီနေရသည်။ နေပြည်တော် ကို လွမ်းဆွတ်၍ရတုများရေးကာ ကျေးငှက်ဖြင့် စေလွှတ်ပို့ကြသည်။ ထို့အတူ ပင် ဇာတိမာန်ထက်သန်စေသော ရွှေနားတော်သွင်း ဧချင်းများစွာကို ရေးဖွဲ့ကြသည်။ ဘိုးလောင်းတော်၊ ဘေးလောင်းတော်၊ ခမည်းတော်တို့၏ ဘုန်းလက်ရုံးကြီးမားပုံ၊ စစ်ပွဲများအောင်နိုင်ပုံ၊ မြို့တော်များတည်ဆောက် ပုံတို့ကို လင်္ကာရေးဖွဲ့ကာ သားတော်၊ မြေးတော်များကို မြပုခက်နှင့်လွှဲကာရွတ်ဆိုဆက်သကြသည်။ သင်္ကြန်နှင့်ပတ်သက်၍ နတ်ရှင်နောင်၏ရတု များစွာတွင်လည်းကောင်း၊ မင်းဇေယျရန္တမိတ်ရေးဖွဲ့သော မင်းရဲနရာဧချင်း များတွင်လည်းကောင်း အသေးစိတ် ရေးစပ်ဖွဲ့ဆိုကြပါသည်။

 

"ရေဖျန်းသဘင်၊ တာသစ်ရင်က၊ ကြွေးရှင်ဝတ်ခြွေ၊ ငှက်ပေါင်းရွေနှင့်၊ စုံခြေတစ်ခွင်၊ ညွန့်ညွန့်တွင်နှိုက်၊ ရွှေစင်ချပ်ဝေးလှပ်လှပ်ပြေမျှ၊ မင်းနေဦးစွန်း၊ ဆက်နန်းဘုံထွတ်၊ သာခေါင်လွတ်က၊ ရေဆွတ်မယ်နှင့်၊ ဆုံခွင့်မမီ၊ လွမ်းဖွယ် သီသော်"

 

"အောက်မေ့ချေချေ၊ ပြေကြောင်းဖြေလည်း၊ ထွေထွေလွမ်းဆွတ်၊ မပြေတတ်ခဲ့၊ လနတ်ပြည့်ဝန်း၊ ချီရက်စွန်းဝယ်၊ ရည်ညွှန်းကိုယ်စား၊ ရစေသားဟု၊ ရွှေလားသ္တာ၊ လှရာရာကို၊ မြူတာသွန်းငှက်၊ ရေပန်းသက်နှင့် စွယ်ဓာတ် သရေ၊ ဆံမွေသကျ၊ စည်းခုံမြဝယ်၊ မပျပျောင်းရုပ်၊ လျှောက်စဉ်ချုပ်၍၊ ကျွန်ုပ်သံညောင်း၊ ပန်နက် တောင်းရှင့်၊ တပေါင်းသဘင်၊ မမြင်သည်ပ၊ လွတ်မျှအာသာ၊ သည်အတာသည်၊ စစ်မှာကြာပြန်ခဲ့ရလော။"

 

ရှေးမြန်မာဘုရင်များလက်ထက်က မိုးစဲလင်းပွင့်ကာလ နတ်တော်လ တွင် စစ်ချီထွက်ကြသည်။ ချစ်သူမင်းသမီးလေးက စစ်ချီသွားသော မင်းသား အတွက် ဘေးရန်ကင်းစေရန် သဇင်ပန်း၊ အောင်သပြေပန်း၊ လှရာရာပန်း များကို မွှေးကြိုင်သော ပန်းသက်ရေများဖြင့် ရွှေမြူတာအိုးတွင် ထည့်ကာ ကေတုမတီနေပြည်တော်ရှိ နန်းဦးတွင် ကိုးကွယ်သော စွယ်တော်မြတ်၊ ရွှေဆံတော်စေတီ၊ ဘိုးတော်မင်းရဲသိင်္ခသူ တည်ထားကိုးကွယ်ခဲ့သော မြစည်းခုံ စေတီတော်တို့တွင် အောင်မြင်စေကြောင်း ဆုမွန်တောင်းခဲ့ကြသည်။ တပေါင်းလအမီ အောင်ပွဲနှင့် ပြန်ခဲ့မည်ဟု မှာခဲ့သော်လည်း စစ်ရေးခက်ခဲသဖြင့် တပေါင်းလပြည့် မြတ်စောညီနောင်ပွဲတော်ကိုလည်း မမီခဲ့။ နှစ်သစ်ကူးသည့် အတာရေသဘင်ပွဲတော်လည်း စစ်ရေးကြောင့် လွဲခဲ့ရပေပြီ။

 

"ပေါ်နွေလလျှင်၊ တောင်ကခြိမ့်မြူး၊ မင်းလွင်ဦးနှင့် ပျံ့ပျူးချုပ်ထိုင်း၊ မုန်တိုင်းဆင်လို၊ တိမ်ညိုမှိုင်းထပ်၊ ပြက်လျှပ်ပြကာ၊ စိမ်းဝါမိုးပန်း၊ ထွေထွေ စွန့်က၊ ရေသွန်းသာကြည်၊ ပျော်ရမည်ကို"

 

နတ်ရှင်နောင်၏ ထင်ရှားသောစစ်ချီရတုတစ်ပုဒ်ဖြစ်သည့် ပေါ်နွေလလျှင် အစချီသော ရတုမှာလည်း တပေါင်း၊ တန်ခူး မင်းလွင်ဦးမှာ မိုးသားတိမ်တိုက်တို့ အုံ့ဆိုင်းကာ ထစ်ချုန်းလျက်ရှိသည်။ လျှပ်လက်ကာ မိုးရွာသွန်း၍ စစ်မြေပြင်မှ ပြန်ရခက်နေသည်။ အတာကူးသည့် လတန်ခူးတွင် နှစ်ကိုယ်ယှဉ်တွဲကာ ရေသွန်းလောင်းပျော်ရွှင်ရန် ရည်စူးသော်လည်း အတာပွဲနှင့် လွဲခဲ့လေပြီ။ ချစ်သူရှိရာ ကေတုမတီနေပြည်တော်သို့ ငှက်အသွင်ဖြင့် ပျြွံကမတတ် ခံစား နေရသည့်အကြောင်းကို ရတုတစ်ပုဒ်ရေးဖွဲ့ခဲ့သည်။

 

ဆရာမြို့မငြိမ်းက ဤရတုပိုဒ်ကို ဦးတည်၍ရေးဖွဲ့ခဲ့သော နတ်သျှင်နောင် သီချင်းသည် ဂ္ထဝင်မြောက် သီချင်းတစ်ပုဒ်ဖြစ်ခဲ့ရသည်။ သိင်္ဂါရရသ၊ ကရုဏာ ရသအပြည့်ပါဝင်သော တေးတစ်ပုဒ်ဖြစ်ခဲ့သည်။

 

တောင်ငူခေတ်နှောင်းပိုင်း ဘုရင်တစ်ပါးဖြစ်သော ရွှေနန်းတည်မင်း (မင်းရဲသီဟသူ) လက်ထက်တွင် ဟံသာဝတီနေပြည်တော်ကို အောင်မြင်ခဲ့ပြီး တောင်ငူနန်းတော်ကို အသစ်ပြန်လည်တည်ဆောက်သည်။ လေးကျွန်း ကန်တော်ကြီးကို ကျွန်းလေးကျွန်းတည်ဆောက်ကာ ဥယျာဉ်များတည်သည်။ ငှက်ပျောကျွန်း၊ စံပယ်ကျွန်း၊ လိမ္မော်ကျွန်း၊ အုန်းကျွန်း ကျွန်းလေးကျွန်းကို လှည့်လည်ရေကစားသည်။

 

ကေတုမတီမြို့တော်၏ စည်ကားသာယာပုံ၊ ဆယ့်နှစ်လရာသီပွဲတော်များ ကျင်းပသည့်အကြောင်းကို စာဆိုတော် မင်းဇေယျရ္တမိတ် ရေးဖွဲ့ခဲ့သော “မင်းရဲနရာ”ဧချင်းတွင် အသေးစိတ်ဖော်ပြထားသည်။

 

"ရှင့်ဘိုးစကြာ၊ ပျော်ရာဗိမာန်၊ ဝေဇယန်၏၊ သဏ္ဌာန်ခေါ်သာ၊ နောက် မျက်နှာနှိုက်၊ နန္ဒာမလွန်၊ ရေနန်းကန်လည်း၊ သီတာခြားသန်း၊ လေးမည် ကျွန်းနှင့်၊ မခန်းသီးပွင့်၊ ပျံ့လွင့်မွှေးကြူ၊ အူရရှုတည်၊ ဇမ္ဗူရည်သတ်၊ ရွှေပြာသာဒ်လည်း၊ မတ်မတ်ဖြိုးမောက်၊ ရေကပေါက်သို့"

 

တန်ခူးလတွင် ကေတုမတီမြို့တော်၌ အတာသင်္ကြန်ပွဲဆင်နွှဲရန်အတွက် မုခ်ဦးကနားများ ဆောက်ကြသည်။ မင်းညီမင်းသား၊ မှူးမတ်များကလည်း မိမိတို့အဆောင်အယောင်အလိုက် ဝတ်ဆင်ခွင့်ရသော ရွှေစလွယ်၊ ရွှေနားတောင်း၊ သိုရင်းအင်္ကျီဝတ်လုံ၊ ဘောင်းတော်များဆောင်းကာ ဟန်ရေး ပြင်နေကြသလို၊ နန်းတွင်းသူများကလည်း ဝတ်ကောင်း စားလှ၊ မြိတ်လွယ် မြိတ်စို့၊ ဆံထုံးအလှများထုံးကာ အလှချင်းပြိုင်နေကြသည်။ ကိုယ်ချစ်နေသော မင်းညီမင်းသား၊ မှူးမတ်များကို ရေသွန်းလောင်းရန်အတွက် စံပယ်၊ နှင်းဆီ၊ သရဖီ၊ ကံ့ကော်ပန်းများနှင့် ထုံနေအောင် စီရင်ထားသော ပန်းသက်ရေများဖြင့် ရေပက်ဖျန်းကြသည်။ လုလင်ပျိုများကလည်း သူ့ထက်ငါ အတာရေအေးတို့ဖြင့် သွန်းလောင်းနေကြသည်။ ထိုစဉ် ဘုန်းတော်ကြီးမြတ်လှသော တောင်ငူ ရွှေနန်းတည်မင်းတရားကြီး (နတ်ရှင်နောင်၏ခမည်းတော်)သည် မင်းအပေါင်း ခြံရံကာ ၃၃ ပါးသော သိကြားငယ်တို့ ဝန်းရံကာ ကြွချီလာသော သိကြား မင်းကြီးကဲ့သို့ ရေသဘင်နန်းတော်သို့ ထွကြွ်ကတော်မူလာသည်။ အတာရေ သဘင်ပွဲကို မိဖုရားကြီးခြံရံကာ ကိုယ်တိုင်ဆင်နွှဲတော်မူသည်။

 

ရေသပ္ပာယ်ရန် ကြွရောက်

 

ထို့နောက် နန်းဦးပြာသာဒ်တော်တွင် ကိုးကွယ်ထားသော စွယ်တော်ရှင် ခမည်းတော် တောင်ငူဘုရင် တည်ထားသော ရွှေဆံတော်စေတီ၊ ဘိုးတော် မင်းရဲသိင်္ခသူ (ဘုရင့်နောင်၊ မင်းခေါင်တို့၏ ခမည်းတော်) တည်ထားသော မြစည်းခုံစေတီတော်များသို့ ရေသပ္ပာယ်ရန် ကြွရောက် သည်။ ကြွရောက် လာကြသော မင်းပရိသတ်အပေါင်းတို့ကို စတုဒိသာ ကျွေးမွေးတော်မူသည်။ ထိုအကြောင်းကို မင်းရဲနရာဧချင်းတွင် "အုံ့မှိုင်း အုံ့မှိုင်း၊ မင်းလွင်ဆိုင်းက၊ ပင်တိုင်းညှာကူး၊ မြရည်လူးသို့၊ တန်ခူးသာလွန်၊ တာလဆန်းသော်၊ ရေသွန်းသဘင်၊ ဆင်ယင်တလျည်၊ မျဉ်းရှည်ချပ်ကာ၊ မြူးကကြိုင်လွတ်၊ ပန်းစုံသက်နှင့်၊ မှူးမတ်မင်းသား၊ ကနားမုတ်လှ၊ ရွှေကရွှေထီး၊ ညီးညီးလျှပ်လျှပ်၊ သလပ်သတောင်း၊ ရွှေပေါင်း ရွှေသွယ်၊ စလွယ်သင်းကျစ်၊ နတ်ကဖြစ်သို့၊ ထုံးသစ်ကေရှင်၊ လက်သင်ခေါက် ကြိုက်၊ ရောင်မြိုက်နွဲ့နှောင်း၊ ရွယ်ရှိပေါင်းမျှ၊ မူးလောင်းမတ်သား၊ ရည်သွား တလတ်၊ သွန်းဆုလုယက်၊ ရည်ငံလျက်လျှင်၊ ဖြူရွက်ဖြန့်ရိပ်၊ ရာစင်းထိပ်လည်း၊ သုံးကျိပ်သုံးပါး၊ ရံဝန်းလျားသည်၊ သိကြားနတ်သွင်၊ နွှဲစံရွှင်၍၊ မင်းအင်ရှုမျှော်၊ သာဓုခေါ်မှ၊ စွယ်တော်လကျာ်၊ ဆံကြာဘုန်းစည်၊ နှံ့မျှလည်၍၊ စိတ်ကြည် ရွှင်လန်း၊ လှည့်ကာသွန်းသည်၊ ရည်òန်းတည့်နောင်ရေး လှည့်ချြွေကး" ဟု ဖော်ပြထားပါသည်။

 

လွန်ခဲ့သောနှစ်ပေါင်း ၄၀ဝ ကျော်က ကေတုမတီမြို့တော်တွင် ဆင်နွှဲခဲ့သည့် မဟာသင်္ကြန်ပွဲတော်ကြီးတွင် အသေးစိတ်ဖော်ပြထားသော စာဆိုတော် မင်းဇေယျရန္တမိတ်၏ "မင်းရဲနရာဧချင်း"ကို ဖတ်ရှုရင်း မျက်စိထဲ တွင် မြင်ယောင်လာပါသည်။ အင်္ဂလိပ်ကိုလိုနီခေတ်တွင် တောင်ငူမြို့၏သင်္ကြန်ပွဲတော်၌ ပါဝင်ဆင်နွှဲသော ရေပက်ခံမော်တော်ယာဉ်၏ ဓာတ်ပုံကို ဂျပန်ဓာတ်ပုံဆရာ ရှင်မာမူယာက မှတ်တမ်းတင်ရိုက်ကူးခဲ့သည်။ ထိုပုံတွင် မော်တော်ယာဉ်ကို ကဒေါင်းပုံသ္ဌာန်သရုပ်ဖော်ထားပြီး လူငယ်များက တူညီဝတ်စုံဖြင့် ပါဝင်ဖျော်ဖြေနေသည်ကို တွေ့ရသည်။ ဒုတိယက္ဘာစစ်မဖြစ်မီ ၁၉၄၀ ပြည့်နှစ် ဝန်းကျင်က ပုံတစ်ပုံဖြစ်ပါသည်။ မြန်မာတို့၏ နှစ်သစ်မင်္ဂလာ ကြိုဆိုသည့်ပွဲတွင် တောင်ငူသူတောင်ငူသားများ ခေတ်အဆက်ဆက်တွင် ပျော်ရွှင်စွာဆင်နွှဲကြသည်ကို တင်ပြအပ်ပါသည်။ နှစ်သစ်မင်္ဂလာတွင် ကျန်းမာ၊ ချမ်းသာ၊ စီးပွားတိုးတက်စေကြောင်း၊ ငြိမ်းချမ်းသာယာစေကြောင်း ဆုမွန်ကောင်း ပို့သအပ်ပါသည်။ ။