ပွင့်ဖြူ   ၁၂   ဧပြီ    

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျွဲတံခါးကျေးရွာတွင် ဒေသခံကျေးလက်နေပြည်သူများ မိသားစုဝင်ငွေတိုး လုပ်ငန်းအဖြစ် ဝါးလက်မှုပညာဖြင့် ဝါးထရံ၊ ဝါးသက်ကယ်၊ ဝါးနှီးချည်ကြိုး ၊ ဝါးနှီးဖျာ၊ ဝါးခြင်းတောင်း အမျိုးမျိုးတို့ကို မိသားစုတစ်ပိုင်တစ်နိုင် ပြုလုပ်ရောင်းချခြင်းဖြင့် စီးပွားရေးအဆင်ပြေနေကြကြောင်း အဆိုပါ ကျွဲတံခါးကျေးရွာရှိ ဒေသခံပြည်သူများထံမှ သိရသည်။

 

“ကျွန်တော်တို့ ပွင့်ဖြူမြို့နယ် ကျွဲတံခါးကျေးရွာဟာ ကျေးရွာအုပ်စုကြီးဖြစ်ပါတယ်။ ကျွဲတံခါးကျေးရွာအုပ်စု ပါဝင်တဲ့ကျေးရွာက စုစုပေါင်း ကျေးရွာ ၅ ရွာ ရှိပါတယ်။ အဲဒီကျေးရွာတွေကတော့ ကျွဲတံခါးကျေးရွာ၊ ရေယဉ်ကျေးရွာ၊ မအူပင်ကျေးရွာ၊ ပေပင်ကျေးရွာနှင့် ချောင်းဆုံကျေးရွာတို့ဖြစ်ကြပါတယ်။ ကျေးရွာတိုင်းလိုလိုမှာ မိသားစုဝင်ငွေတိုး လုပ်ငန်းအဖြစ် ဝါးလက်မှုပညာနဲ့ ဝါးထရံ၊ ဝါးသက်ကယ်၊ ဝါးနှီးချည်ကြိုး၊ ဝါးနှီးဖျာ၊ ဝါးခြင်းတောင်းတို့ကို ပြုလုပ်ရောင်းချနေကြပါတယ်။ ဒီဝါးလက်မှုပညာလုပ်ငန်းကို လုပ်ကိုင်လာခဲ့ကြတာ နှစ်ပေါင်း ၅၀ ခန့် ရှိပြီဖြစ်ပါတယ်။ ဝါးလက်မှုပညာပစ္စည်းတွေကို ပြုလုပ်ရာမှာတော့ မိသားစုတစ်ပိုင်တစ်နိုင် ပြုလုပ်ကြတာဖြစ်ပြီး ကျွန်တော်တို့ဒေသက ထွက်တဲ့ ဝါးလက်မှုပစ္စည်းတွေကိုတော့ ကျွန်တော်တို့ မြို့နယ်အပါအဝင် မကွေး၊ မင်းဘူး၊ စလင်းမြို့နယ်များကို တင်ပို့ရောင်းချနေရပါတယ်။ ရောင်းချတဲ့ ဈေးနှုန်းတွေကတော့ ဝါးထရံ တစ်လိပ်လျှင် အရွယ်အစား အကြီးအသေးပေါ် မူတည်ပြီး အနည်းဆုံး ငွေကျပ် ၃၅၀ဝ မှ ၅၀ဝ၀ ခန့်၊ ဝါးခြင်းတောင်း တစ်လုံးလျှင် အနည်းဆုံး ငွေကျပ် ၅၀ဝ မှ ၁၀ဝ၀ ခန့်၊ ဝါးသက်ကယ် အချပ်ရေ ၁၀ဝ လျှင် ငွေကျပ် ၆၀ဝ၀ ခန့်၊ ဝါးနှီးဖျာ တစ်ချပ်လျှင် ငွေကျပ် ၅၀ဝ၀ ခန့် ဝါးနှီးချည်ကြိုး ၁၀ ချောင်းပါ တစ်ခွေလျှင် ငွေကျပ် ၃၀ဝ ခန့်ဖြင့် ရောင်းချရပါတယ်။ ယခုဆိုရင် ကျွန်တော်တို့ ကျွဲတံခါးကျေးရွာအုပ်စုမှာ ပါဝင်တဲ့ကျေရွာ ၅ ရွာမှာ မြို့နယ်သမဝါမဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် လာစေရန်နှင့် ဆင်းရဲမှုလျော့ချနိုင်ရေးအတွက်ရည်ရွယ်ပြီး ၂၀၁၇ ခုနှစ်က စတင်ပြီး ပင်ဝါးရုံ အိမ်တွင်းစီးပွားရေးလုပ်ငန်း သမဝါယမအသင်းကို ဖွဲ့စည်းပြီး သမဝါယမ ချေးငွေများ ထုတ်ချေးပေးခဲ့လို့ ကျွန်တော်တို့ ကျေးရွာမှာ ဝါးလက်မှုပညာကို တွင်ကျယ်စွာ ဆောင်ရွက်လုပ်ကိုင်နေကြပြီဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ဒေသကထွက်တဲ့ ဝါးလက်မှုပစ္စည်းတွေကို မကွေး ၊ မင်းဘူး ၊ စလင်းမြို့နယ်များမှ ဒေသခံပြည်သူတွေ အကြိုက်တွေ့ပြီး ဝယ်ယူအားပေးကြလို့ ကျွန်တော်တို့အတွက် မိသားစုဝင်ငွေ တွက်ချေကိုက်ပါတယ်” ဟု ပွင့်ဖြူမြို့နယ် ကျွဲတံခါးကျေးရွာအုပ်စု ရေယဉ်ကျေးရွာမှ ဝါးလက်မှုပညာပစ္စည်း ကိုယ်တိုင်ပြုလုပ်ရောင်းချသူ ဦးဖိုးဌေး က ပြောပြ၍ သိရသည်။   

 

ရဲဝင်းနိုင် (ညောင်ဦး)

 

AS11