နေပြည်တော် ၁၃ ဧပြီ
မြန်မာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ်မှ ၁၃၈၁ ခုနှစ်သို့ ကူးပြောင်းမည့် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ဆင်နွှဲရန် ပျဉ်းမနားလမ်းလျှောက်သင်္ကြန် ဗဟိုမဏ္ဍပ်ဖွင့်ပွဲကို ယနေ့နံနက် ၁ဝ နာရီတွင် ပျဉ်းမနားမြို့ ဗိုလ်တောက်ထိန်လမ်းရှိ လမ်းလျှောက်သင်္ကြန် ဗဟိုမဏ္ဍပ်၌ ကျင်းပသည်။
အခမ်းအနားတွင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့် တာဝန်ရှိသူများက ပျဉ်းမနားလမ်းလျှောက်သင်္ကြန် ဗဟိုမဏ္ဍပ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် တေးသံရှင်များနှင့် ယိမ်းအကအဖွဲ့များက အဆို၊ အကများဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ယိမ်းအကအဖွဲ့များကို အတာရေဖြင့် ပက်ဖျန်းပေးကြသည်။
ပျဉ်းမနား လမ်းလျှောက်သင်္ကြန်ကို ဒုတိယအကြိမ် ကျင်းပခြင်းဖြစ်ပြီး လမ်းလျှောက်သင်္ကြန်ကျင်းပသည့် ဗိုလ်တောက်ထိန်လမ်း ရှမ်းကန်အရှေ့ရှိ ရေကစားမဏ္ဍပ်များတွင် သင်္ကြန်ချစ်သူ ရေကစားကြသူများဖြင့် စည်ကားလျက်ရှိရာ လမ်းလျှောက်သင်္ကြန် ရေကစားကြသူများ အပူဒဏ်ကာကွယ်နိုင်ရန်အတွက် မြနန္နာသနပ်ခါးမိသားစုက သနပ်ခါးလိမ်းခြယ်နိုင်ရန် သနပ်ခါးတုံးများနှင့် ကျောက်ပြင်များကို စီစဉ်လှူဒါန်းပေးထားသည်။
ထို့ပြင် ပျဉ်းမနားမြို့ ဗိုလ်ချုပ်လမ်းတစ်လျောက်နှင့် မြို့ပေါ်ရပ်ကွက်များရှိ ရေကစားမဏ္ဍပ်များတွင် ရေကစားကြသူများဖြင့် စည်ကားလျက်ရှိပြီး စတုဒိသာ ကျွေးမွေးခြင်း အလှူများ ပြုလုပ်ကြသည်ကို တွေ့ရသည်။
အတာသင်္ကြန် အကြိုနေ့ဖြစ်သော်လည်း နေပြည်တော်ကောင်စီနယ်မြေရှိ မြို့နယ်များနှင့် မြို့ပေါ်ရပ်ကွက်များရှိ မဏ္ဍပ်များတွင် ရေကစားကြသူများဖြင့် စည်ကားလျက်ရှိပြီး ရေပန်းဥယျာဉ်၊ တိရစ္ဆာန်ဥယျာဉ်၊ ဆာဖာရီဥယျာဉ် အပါအဝင် အပန်းဖြေစရာ နေရာများတွင် မိသားစုအလိုက် လာရောက်အပန်းဖြေ အနားယူကြသူများဖြင့် စည်ကားလျက်ရှိသည်။
မြို့ပေါ်ရှိ ဘုရားပုထိုးစေတီများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် ဓမ္မရိပ်သာများတွင်လည်း ဥပုပ်သီလဆောက်တည်ကြသူများနှင့် တရားဘာဝနာပွားများ ကြသူများဖြင့် နှစ်ကူးအကြို ကောင်းမှုကုသိုလ် ပြုလုပ်ကြသည်ကိုလည်း မြင်တွေ့ရသည်။
သတင်း - မျိုးသွင်၊ ဓာတ်ပုံ - ထန်ဖုန်း၊ ကျော်ဇင်ထိုက်


