မိုးနဲ ၁၃ ဧပြီ
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် သင်္ကြန်ပွဲတော်ကာလအတွင်း ယာဉ်/လမ်းအန္တရာယ် ကင်းရှင်းစေရေးနှင့် ပါဝါအိတ်ဇော တပ်ဆင်မှုကြောင့် ဆူညံသံများ မဖြစ်ပေါ်စေရေးအတွက် ဌာနဆိုင်ရာများပါဝင်သည့် အဖွဲ့ဝင်များက ကြီးကြပ်စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီက အဖွဲ့နှစ်ဖွဲ့ခွဲ၍ ဆောက်ရွက်ခဲ့ကြောင်း သိရသည်။

နမ့်စန်-မိုးနဲ-လင်းခေး ပြည်ထောင်စုလမ်းမတွင် ဖြတ်သန်းသွားလာသော မော်တော်ဆိုင်ကယ် မောင်းနှင်သူများအား ဆိုင်ကယ်စီးဦးထုပ်ဆောင်းရန်၊ ပါဝါအိတ်ဇော တပ်ဆင်မောင်းနှင်ခြင်းမပြုရန် အသိပညာပေး ဟောပြောခြင်းနှင့် ပါဝါအိတ်ဇော တပ်ဆိုင်ကယ်များအား စုပေါင်းရုံးအတွင်း ရိုးရိုးအိတ်ဇောများ အစားထိုး တပ်ဆင်စေခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ ဆောင်ရွက်ခြင်းကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထွဋ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ကိုမြင့်၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ အဖွဲ့ကလည်းကောင်း၊ မိုးနဲ-မောက်မယ်လမ်းတွင် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးထက်၊ မြို့မရဲစခန်းမှူး ဒုရဲမှူးမြင့်နိုင်၊ မြို့နယ် မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့တို့ကလည်းကောင်း ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။
မျိုးညွန့်ရွှေ(မိုးနဲ)