ဘားအံ ၁၃ ဧပြီ
မြန်မာသက္ကရာဇ် ၁၃၉၀ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်အကြိုနေ့ ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ဘားအံမြို့ အမှတ်(၄)ရပ်ကွက်၊ ကမ်းနားလမ်းရှိ အဆိုပါမဏ္ဍပ်၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
အခမ်းအနားတွင် သင်္ကြန်ယိမ်းအကအဖွဲ့များက ရွှေမန်းတောင်ရိပ်ခို(မြနန္ဒာ)သ င်္ကြန်သီချင်းဖြင့် စုပေါင်းသီဆိုကပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဧည့်သည်တော်များ၊ သင်္ကြန်ယိမ်အကအဖွဲ့များ၊ ဧည့်ပရိတ်သတ်များအား အတာရေအေးဖြင့် ပက်ဖျန်းရေကစားခဲ့ကြသည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘားအံမြို့ ကမ်းနားလမ်းတစ်လျှောက်ရှိ ရေကစားမဏ္ဍပ်များအား ဖွင့်လှစ်ပေးခဲ့ပြီး အတာရေပတ်ဖျန်း ရေကစား၍ နှစ်သစ်အတာသင်္ကြန်ကို အေးချမ်းပျော်ရွှင်စွာ ဆင်နွဲခဲ့ကြသည်။
ဘားအံမြို့ မြန်မာ့ရိုးရာမဟာသင်္ကြန်တွင် ကမ်းနားလမ်းတစ်လျှောက်နှင့် မြို့ပေါ်ရပ်ကွက်များ၌ ဌာနဆိုင်ရာ မဏ္ဍပ်များအပါအဝင် သင်္ကြန်ရေကစားမဏ္ဍပ် ၂၈ ခု တည်ဆောက်ထားရှိပြီး ကမ်းနားလမ်းရှိ ဗဟိုမဏ္ဍပ်၌ ကိုယ်ပိုင်သံစဉ်တေးသီချင်းများဖြင့် သီဆိုယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်ယိမ်းအကအဖွဲ့ ၁၅ ဖွဲ့၊ ဖျော်ဖြေရေးယိမ်းအကအဖွဲ့ ၂၀ ကျော်ဖြင့် ညစဉ် ကပြဖျော်ဖြေ ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


