မိတ္ထီလာ ၁၃ ဧပြီ

 

မိတ္ထီလာတွင် မဟာသင်္ကြန်အကြိုနေ့ဖြစ်သည့် ယနေ့ နံနက် ၈ နာရီက ကမ်းလက်များ ပရဟိတ မိသားစုနှင့် ဒေသခံမိတ်ဖက် လူမှုရေး အသင်းအဖွဲ့များ စုပေါင်းကျင်းပသည့် ဒုတိယအကြိမ် သနပ်ခါးပွဲတော်ကို နန်းတော်ကုန်းရပ်ကွက် ဗိုလ်ချုပ်ပန်းခြံ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

 

“ဒီနှစ် သနပ်ခါးလိမ်းပွဲတော်ကို ကျင်းပရတဲ့ ရည်ရွယ်ချက်က ၂၀ဝ၀ ခုနှစ်နောက်ပိုင်း မြန်မာ့ရိုးရာ မဟာသင်္ကြန် ပွဲတော်ကာလမှာ သရုပ်ပျက် ယဉ်ကျေးမှုတွေ များပြားလာတာ တွေ့ရတယ်။ အဲဒီသရုပ်ပျက် ယဉ်ကျေးမှုတွေ လျော့နည်းပပျောက်စေဖို့နဲ့ မြန်မာ့ရိုးရာ ယဉ်ကျေးမှု သနပ်ခါးလိမ်းတဲ့ ဓလေ့ထုံးစံကို ချစ်မြတ်နိုးတတ်လာစေဖို့ ရည်ရွယ်ပြီးတော့ ကျင်းပတာ ဖြစ်ပါတယ်။ သနပ်ခါးလိမ်းပွဲတော် ဖြစ်မြောက်ရေးအတွက် ကမ်းလက်များ ပရဟိတမိသားစု အဖွဲ့က  ကမကထလုပ် အဓိကဆောင်ရွက်တာဖြစ်ပြီး ဒေသခံမိတ်ဖက် လူမှုရေး အသင်းအဖွဲ့များနဲ့ စေတနာရှင် အလှူရှင်များရဲ့ လှူဒါန်းထောက်ပံ့မှုလည်း ပါဝင်ပါတယ်။ မနှစ်က ပထမအကြိမ် သနပ်ခါးလိမ်း ပွဲတော်မှာ သနပ်ခါးလိမ်းပွဲနဲ့ စတုဒိသာ ကျွေးမွေးလှူဒါန်းပွဲသာ ပါဝင်ပေမယ့် ဒီနှစ်တော့ သနပ်ခါးလိမ်းပွဲ၊ စတုဒိသာ ကျွေးမွေးလှူဒါန်းပွဲအပြင် သနပ်ခါးလိမ်းပြိုင်ပွဲ၊  မိတ္ထီလာရှုခင်းများ ဓာတ်ပုံပြပွဲ၊ သနပ်ခါးပြပွဲ၊ ဓာတ်ပုံဝါသနာရှင်များ ဓာတ်ပုံပြိုင်ပွဲများပါ ထည့်သွင်းကျင်းပတာ ဖြစ်ပါတယ်”ဟု ကမ်းလက်များ ပရဟတိမိသားစုအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာမြတ်မင်းက  ပြောသည်။

 

အဆိုပါ သနပ်ခါးလိမ်းပွဲတော်တွင် အမှတ်တရ ဓာတ်ပုံရိုက်ကူးရန် နေရာများ ဖန်တီးပေးထားခြင်း၊ သနပ်ခါးလိမ်းပွဲတော် သနပ်ခါးလိမ်းပြိုင်ပွဲသို့ မိတ္တီလာဒေသတွင် သာမက ခရိုင်အတွင်းရှိ ပြိုင်ပွဲဝင် အမျိုးသမီးငယ်များပါ လာရောက်ပါဝင် ယှဉ်ပြိုင်ခြင်းကြောင့် ယခင်နှစ်က သနပ်ခါးလိမ်းပွဲတော်ထက် ပိုမိုစည်ကားခဲ့ကြောင်း သိရသည်။

 

ချမ်းသာ (ပြန်/ဆက်)