ဘိုကလေး ၁၃ ဧပြီ
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့နယ်တွင် လမ်းလျှောက်သင်္ကြန်နှင့်အတူ မြန်မာရိုးရာမဟာသင်္ကြန်ပွဲတော်အား ဗဟိုရေကစားမဏ္ဍပ်တွင် ယနေ့အကြိုနေ့ညနေပိုင်းမှ စတင်ဖွင့်လှစ်ကာ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
မြန်မာရိုးရာမဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိုင်းမှ နှစ်သစ်ကူးအကြိုမင်္ဂလာစကားပြောကြားခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးမှမဟာသင်္ကြန်ပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခြင်း၊ ယိမ်းအဖွဲ့မှ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ပြီးနောက် တာဝန်ရှိသူများ၊ ဧည့်သည်တော်များမှ နံသာရည်ပက်ဖျန်းခြင်း၊ လမ်းလျှောက်သင်္ကြန်အား လှည့်လည်ကြည့်ရှုခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။
ဘိုကလေးမြို့နယ် လမ်းလျှောက်သင်္ကြန်အား ပထမအကြိမ်အဖြစ် ကျင်းပခြင်းဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ရာကျော်လမ်းဆုံရာနေရာတို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပကြောင်းနှင့် အကြိုနေ့မှစတင်ကာ အတက်နေ့အထိ ဗဟိုမဏ္ဍပ်တွင် တေးဂီတနှင့်အတူ ယိမ်းအဖွဲ့များ၏ သင်္ကြန်အကအလှများ၊ သံချပ်အစီအစဉ်များ၊ စတုဒီသာအကျွေးအမွေးများနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
မိုးစက်(ပြန်/ဆက်)


