ဆူးကြယ်စင်
"ဘာလိုလိုနဲ့ သင်္ကြန်တောင် ရောက်တော့ မယ်"
"ဟုတ်ပါ့ ဒီနှစ်လည်း ပိတောက်ပန်းတွေ က သင်္ကြန်အမီ မပွင့်ဘူးနဲ့တူတယ်၊ အခုထိ ရွက်နုတောင်မထိုးသေးဘူး" ဖလားထဲက ချိုချဉ်အထုပ်လေးတွေကို လက်နဲ့ထိုးဖွရင်း သူငယ်ချင်းတွေ ပြောသမျှ နားထောင်နေ ဖြစ်တယ်။ သူတို့ပြောမှ သင်္ကြန်ရောက်ဖို့ ဘယ်လောက်မှမလိုတော့တာ အမှတ်ရလိုက် တယ်။
ဒီနှစ်သင်္ကြန်လည်း အခါတိုင်းနှစ်တွေလိုပဲ ဘာမှထူးခြားမယ်မထင်ပါဘူး။ ခေတ်ရှေ့ပဲ ပြေးလွန်းတာလား၊ ခေတ်နောက်ကျလွန်း တာလားတော့ မပြောတတ်ဘူး။ သေချာတာ တစ်ခုကတော့ သူတို့သမီးကို တခြားလူတွေလို လွတ်လပ်စွာ နေထိုင်ခွင့်မပေးချင်ကြတာ အမှန်ပဲ။ ဘာပဲဖြစ်ဖြစ် ဒီနှစ်တော့ အခါတိုင်း နှစ်တွေလို ရေငုံနှုတ်ပိတ်ပြီး မနေနိုင်တော့ဘူး။ ဘာကြောင့် အခုလိုလုပ်ရတယ်။ ဘာအတွက် အခုလို တားမြစ်ရတယ်ဆိုတဲ့ အဖြေကို သိအောင် မေးကြည့်ရမယ်။ အဖေက ဒေါသကြီးတတ်ပေမယ့် အမေကတော့ ပြန်ဖြေလောက်မယ် ထင်ပါတယ်။
"ငုဝါ ဟဲ့ ငုဝါ "
"ဟင် ဘာ..ဘာလဲ" အတွေးနဲ့အလုပ်ရှုပ် နေပြီး သူငယ်ချင်းတွေ ခေါ်တာကို သတိ မထားမိလိုက်ဘူး။ လက်မောင်းကို လာရိုက်လို့ ထိတ်ထိတ်ပျာပျာနဲ့ထူးပြီး မော့ကြည့်လိုက်ခါ မှ သူငယ်ချင်းတွေက မေးငေါ့ပြတယ်။ အို..။ ကျွန်မ ရှေ့တည့်တည့်မှာ ရပ်နေတဲ့လူကြောင့် ရွှေရင်အစုံမှာ လှိုက်ဖိုသွားတယ်။ ကြည့်ပါဦး။ ရဲတင်းလိုက်တာ။ သူနဲ့လည်း သေချာမသိတဲ့ သူစိမ်း မိန်းမပျိုတစ်ယောက်ကို စူးစူးနစ်နစ် ကြည့်နေဝံ့လိုက်တာ။ သူ ဘယ်သူလဲ။ သူ ဘယ်လိုလူလဲ။ ဘာသဘောနဲ့ အခုလိုကြည့် နေဝံ့တာလဲ။ လဲပေါင်းများစွာနဲ့ အတွေးတွေက ရင်ထဲဗလောင်ဆူနေသလို သူငယ်ချင်းတွေ ကလည်း ပြုံးစစနဲ့ ကြည့်နေကြတယ်။
"အသည်းလေးပေးနော် "
"ဟင်"အလှူငွေလာထည့်တာကြောင့် အလှူရှင်ဖြစ်တဲ့သူ့ကို ချိုချဉ်ဖလားလေး ကမ်းပေးလိုက်တယ်။ အဲဒီမှာပဲ သူက အသည်းပုံ ချိုချဉ်အနီရောင်လေးတွေပါတဲ့ အထုပ်ကိုရွေးယူပြီး မထိခလုတ် ထိခလုတ် စကားဆိုတယ်။ သူငယ်ချင်းတွေကလည်း ကြည့်နေတုန်းပဲ။
ရှက်လိုက်တာ။ ဒီလူနဲ့ ခက်လိုက်တာ။ကိုယ်တိုင်တောင် မသိဘဲနဲ့ သူ့ကို မျက်စောင်း နုနုတစ်ချက် ထိုးလိုက်တယ်။ ဒါကိုပဲ သူက သဘောအကျကြီးကျပြီး ရယ်နေတယ်။ မကြာပါဘူး။ ခဏလောက်လည်းနေရော မနက်ဖြန်မှတွေ့မယ်ပြောပြီး ဆိုင်ကယ်ပေါ် တက်လို့ မောင်းထွက်သွားတယ်။ ဘာကြောင့် ရယ်မသိ ။ အခုမှ တွေ့ဖူးတဲ့လူဖြစ်ပေမယ့်လည်း သူထွက်သွားတာကိုကြည့်ပြီး ရင်ထဲမှာ ဟာသွားသလိုလို ခံစားလိုက်ရတယ်။ မနက်ဖြန် တွေ့မယ်တဲ့၊ ဒါဆို မနက်ဖြန်ကျရင် သူထပ် လာဦးမှာပေါ့။ အို...အတွေးနဲ့တင် ရင်တွေ ခုန်လိုက်ပါဘိ။
"ဘာ သမီး ညည်းဘာပြောလိုက်တယ်"
ကျွန်မပြောလိုက်တဲ့စကားက ခပ်တိုးတိုး လေးဆိုပေမယ့် အမေတစ်ယောက်တော့ ကောင်းစွာကြားနိုင်ပါတယ်။ ဒါပေမယ့် အမေ က ထပ်မေးလာလို့ ပင့်သက်တစ်ရှိုက်နဲ့အတူ ပြောပြီးသားစကားကို ထပ်ပြောဖြစ်တယ်။
"သမီး ဒီနှစ်သင်္ကြန် အပြင်ထွက်ချင် တယ်"
"နင့်အဖေစိတ်ကို မသိလို့ ဒီစကားပြော တာလား၊ အခုစကားကိုသာ နင့်အဖေကြား ကြည့်စမ်း ငါတို့သားအမိနှစ်ယောက်လုံး အသေပဲ၊ တော်တော့ ဒီစကားကိုဒီတင်ထား ထပ်မပြောနဲ့" အမေက တစ်ချက်လွှတ်အမိန့် ပေးပြီး ကျွန်မအနားက ထွက်သွားတယ်။ အမေတောင် အခုလို ခါးသီးနေမှတော့ အဖေ ဆိုရင်မတွေးရဲဘူး။ ဘယ်လိုလုပ်ရမလဲ။ အဖေနဲ့ တွေ့ပါ့မယ်။
သင်္ကြန်ကို သူနဲ့အတူလည်ပါ့မယ်လို့ ကတိပေးထားပြီးပြီ။ တကယ်လို့ အဲဒီကတိကို မတည်နိုင်ခဲ့ရင် ကျွန်မကို သူ အတော်လေး စိတ်ပျက်သွားမှာ။ ဟင့်အင်း အဲဒီလိုတော့ အဖြစ်မခံနိုင်ဘူး။
အဖေ့ကို ပြောကြည့်မယ်။ သားသမီးကို အသေသတ်တဲ့ မိဘဆိုတာ မရှိပါဘူး။ ရိုက်လည်း တစ်ချက်နှစ်ချက်ပေါ့။ သင်္ကြန်မှာ သူနဲ့တွေ့ခွင့်ရဖို့အတွက်ဆို အသားအနာခံရ လည်း ဖြစ်တယ်။
"မိန်းမရေ ငါပြန်လာပြီဟေ့"
ဟော။ အဖေပြန်လာပြီ။ ထိုင်နေရာကနေ အိမ်ရှေ့ကို အပြေးလေးသွားလိုက်တယ်။ ပြီးရင် အဖေ့မျက်နှာကို အရင်အကဲခတ်ရ တယ်။ အဖေ့ မျက်နှာကြည်နေတာမြင်မှ အဖေ့နားလေး အသာတိုးကပ်သွားလိုက် တယ်။
"အဖေ"
"ဟေ သမီး ဘာလဲပြောလေ"
အဖေက အကြမ်းရည်တစ်ပန်းကန်ငှဲ့ရင်း ထူးတယ်။ ဘယ်ကနေ စပြီးပြောရမလဲ။
အဖေသနားပြီး ခွင့်ပြုလာအောင် ကျွန်မ ဘယ်လိုပြောရပါ့မလဲ။ လက်တွေလည်း အေးစက်လာတယ်။ အဖေ့ကို ကြောက်တာ မဟုတ်ဘဲ အဖေပြောလာမယ့် မသွားရဘူး ဆိုတဲ့ စကားကို ကြောက်မိတယ်။ မဖြစ်သေးပါ ဘူး။ အခုပြောလို့ မဖြစ်သေးဘူး။ အဲဒီလို တွေးရင်း အဖေ့ကိုလည်း ဘာမှမဟုတ်တော့ ဘူးလို့ ပြောပြီး အိမ်ကနေ သူငယ်ချင်းတွေရှိတဲ့ အလှူခံမဏ္ဍပ်ကို ထွက်လာခဲ့လိုက်တယ်။ သင်္ကြန်နဲ့ပတ်သက်ပြီး အဖေ့ကို စကားဆိုနိုင်ဖို့ အားအရင်မွေးရမယ်လေ။
"ရှင် အဖေ တကယ်လား အဖေတကယ် ပြောနေတာလား}} ကြားလိုက်ရတဲ့စကားကို မယုံနိုင်လို့ အဖေ့ကို ထပ်ခါထပ်ခါပြန်မေး မိတယ်။ သူငယ်ချင်းအိမ်က ပြန်လာတော့ အဖေကအနားလာဦးလို့ ခေါ်တယ်။ ကျွန်မ လည်း အဖေ့ကို ပြောစရာရှိနေတာနဲ့ အတော် ပဲဆိုတော့ အသာလေးသွားထိုင်လိုက်တယ်။ အဲဒီမှာပဲ အဖေ့ဆီက ဘယ်လိုမှမမျှော်လင့်ရဲတဲ့ စကားကို ကြားရတယ်။ တကယ်ပါ။ အဖေ အခုလိုခွင့်ပြုမယ်လို့ ဘယ်လိုမှကို မထင်ထား ခဲ့မိတာ။ အခုတော့ ကြည့်ပါဦး။
အဖေက ဒီနှစ်သင်္ကြန်ကို ပျော်ခွင့်ပေး မယ်တဲ့လေ။ ကြည့်ရတာ ကျွန်မအိမ်မှာ မရှိတုန်း အဖေ့ကို အမေ နားချလိုက်ပုံရတယ်။ ပျော်လိုက်တာ။
ဘာပဲဖြစ်ဖြစ် ဒီသင်္ကြန်တော့ အိမ်ထဲ ကနေ အပြင်ကို ထွက်ခွင့်ရပြီပေါ့။
"ရမ်းပျော်မနေနဲ့ဦး"
"ဟင်"
အဖေ့စကားကြောင့် ပျော်လက်စ အပျော်လေးက မှေးမှိန်သွားတယ်။ ရင်ထဲ လည်း တထိတ်ထိတ်နဲ့ ဖြစ်လာတယ်။ အဖေ ဘာဆက်ပြောမှာပါလိမ့်။ အမေကတော့ ဘေးကနေ နားထောင်သမားသက်သက် လုပ်နေတယ်။ ဘာမှ ဝင်မပြော။
"ဒီနားက မဏ္ဍပ်မှာပဲ ရေကစားရမယ်၊ ဟိုဟိုဒီဒီမသွားရဘူး၊ တကယ်လို့ သွားခဲ့ရင် နောက်တစ်ခါ ဘယ်သင်္ကြန်မှ အပြင်မထွက် ရတဲ့အပြင် ကျောင်းလည်းဆက်မထားတော့ ဘူး။ နားလည်လား အဖေပြောတာ" ဟုတ်ကဲ့ တစ်လုံးပဲ ပြန်ဖြေလိုက်ပေမယ့် စိတ်ထဲ မကျေနပ်မိဘူး။ ဒီနားက ဘယ်မှာမဏ္ဍပ် ရှိလို့လဲ။ ကလေးတွေပက်တဲ့ အုန်းလက်မိုး မဏ္ဍပ်အသေးလေးမှာ အသက် ၂၀ ရှိနေတဲ့ ကျွန်မက ဘာလုပ်ရမှာလဲ။
ဒါပေမယ့်လည်း ဘာစကားမှ ထပ်မဆို ဖြစ်ဘူး။ အစီအစဉ်တွေကိုတော့ ခေါင်းထဲမှာ အပြည့်ပဲဆွဲထားလိုက်တယ်။
"ဟဲ့ ဖြစ်ပါ့မလား နင့်အဖေသိရင်
သတ်ခံနေရမယ်နော်" သူငယ်ချင်းတွေ က ကျွန်မကိုသူတို့နဲ့ အတူ မလိုက်ဖို့ပြောတယ်။ ဒါပေမယ့် ကျွန်မလိုက်ချင်တယ်။ နောက် တစ်ခါ ဒီလိုအခွင့်အရေးဆိုတာ ဘယ်အချိန်မှ ရမယ်မှန်း မပြောနိုင်ဘူး။ အခုရတုန်းလေး လွတ်လပ်မှုရဲ့အရသာကို အပြည့်အဝ စားသုံး လိုက်ချင်တယ်။
"ဖြစ်ပါတယ်ဟ၊ အမေက ဥပုသ်ကျောင်း မှာ။ အဖေကလည်း အလုပ်ကိစ္စနဲ့ ခရီးထွက် သွားတယ်။ ငါ့အမေ ဥပုသ်ကျောင်းက ပြန် မလာမချင်း ငါလည်လို့ရတယ်" သူငယ်ချင်း တွေကို အဲဒီလိုပြောပြီး မျက်ဝန်းအစုံက သူ့ဆီပို့လိုက်တယ်။ သူပြုံးနေတယ်။ ကျွန်မ ကတိတည်လို့ သူပျော်နေပုံပဲ။ ကျွန်မလည်း ပျော်ပါတယ်။
သူလည်း သူ့ကတိအတိုင်း ကျွန်မကို လာခေါ် တာပဲလေ။ ကျွန်မတို့စီးတဲ့ကားလေး မဏ္ဍပ်ကနေ စထွက်တယ်ဆိုရင်ပဲ ရေတွေက တစ်ကိုယ်လုံးကို ဝါးမျိုသွားတယ်။ မဏ္ဍပ် တစ်ခုရောက်လိုက် ရေစိုလိုက်။ မဏ္ဍပ်နဲ့ ဝေးလိုက် ခြောက်သွားလိုက်နဲ့။
တစ်မနက်ခင်းတောင် မကုန်သေးဘူး။ ကျွန်မ ချမ်းလာတယ်။ သူက ကျွန်မကို တဘတ်တစ်ထည်ပေးတယ်။ အစကတော့ မယူဘဲနေမလို့ပဲ။ ဒါပေမယ့် အတော်လေး ချမ်းနေတာနဲ့ ယူလိုက်တယ်။ ကျွန်မကိုယ်က နွေးသွားပေမယ့် သူကတော့ လက်ကလေး ပိုက်ပြီး ငြိမ်နေတယ်။ အဲဒီလိုကျပြန်တော့ လည်း စိတ်မကောင်းဘူး။ သူ့ကို တဘက် စလေးကမ်းပေးလိုက်တယ်။ သူ ကျွန်မကို အတန်ကြာစိုက်ကြည့်နေပြီးမှ တဘက် စလေးကို ယူတယ်။ သူနဲ့ကျွန်မ တဘက် တစ်ထည်တည်းကို အတူခြုံထားရတာပါလား ဆိုတဲ့ အသိက ရင်ကိုလှိုင်းထစေတယ်။ ပြီးတော့ ကျယ်ပြောလှတဲ့ သူ့ရင်ခွင် နွေးနွေး လေးထဲမှာ မှေးစက်ချင်လာတယ်။ ကား တစ်ချက်၊ တစ်ချက် ဆောင့်လိုက်တိုင်းမှာ ထိတွေ့လာတဲ့ သူ့အထိအတွေ့တွေကလည်း ကျွန်မ နှလုံးသားအစုံကို အရည်ပျော်စေတယ်။ ဘာကြောင့်မှန်း အသေအချာ မပြောနိုင် ပေမယ့် ကျွန်မ သူ့ကို ချစ်မိသွားပြီထင်ပါတယ်။
"ဒီလိုတွေ ဒီလိုတွေဖြစ်မှာစိုးရိမ်လို့ သင်္ကြန်ရောက်တိုင်း နင့်ကိုအိမ်ထဲမှာပဲ ထား ခဲ့တာ၊ သူများကလေးတွေ ပျော်နေကြတာ မြင်တိုင်း ငါ့သမီးလေး သနားပါတယ်ဆိုပြီး နောင်တတွေ ခဏခဏရလို့ ဒီနှစ်တော့ ပျော်ပါစေဆိုတဲ့စိတ်နဲ့ အပြင်ထွက်ခွင့်ပေး ခဲ့တာ၊ အခုတော့ကွာ တောက်" အဖေက ငိုလည်းငိုတယ်။ ပြောလည်း ပြောတယ်။ အမေလည်း ငိုနေပါတယ်။ ကျွန်မကတော့ ငိုမရဘဲ ကြောင်သလိုလို၊ အမ်းသလိုလိုဖြစ်နေ တယ်။ အဖေပြောသမျှ အကုန်သိတယ်။ အမေပြောသမျှလည်း အကုန်ကြားတယ်။ ကျွန်မတို့ ရေပက်ခံထွက်တဲ့ ဇိမ်ခံကားလေး ဒီမနက် ၇ နာရီကမှ ပြန်ရောက်တယ်တဲ့။
မနေ့ကတစ်နေ့လုံးနဲ့ ညကတစ်ညလုံး ကားပေါ်ပါသမျှလူတွေအကုန်လုံး ပျောက်နေ ခဲ့တယ်ဆိုပဲ။ ကျွန်မ မှတ်မိသလောက်ကတော့ အဖေကစားခိုင်းတဲ့ ရေကစားမဏ္ဍပ်ကနေ ထွက်လာပြီး နေ့တစ်ဝက် မကျိုးခင်အချိန်ထိပဲ မှတ်မိတယ်။ ကျန်တာ ကျွန်မ မမှတ်မိဘူး။ သူ သူရော။ သူ ဘယ်မလဲ။ ဟုတ်တယ် မနေ့က သူလည်း ကျွန်မတို့နဲ့ ကားပေါ်မှာ အတူတူ ပါတယ်လေ။ အခု သူ့ကိုမမြင်ပါလား။
"ရှာမနေနဲ့ နင့်ရည်းစားဆိုတဲ့ကောင်ကို
အချုပ်ထဲ ဖမ်းထည့်ထားပြီးပြီ" အမေက ကျွန်မ သူ့ကိုရှာနေမှန်း ရိပ်မိသွားတယ်။ အချုပ်တဲ့။ အချုပ်ဆိုပဲ။ ဘာလို့လဲ။ သူ့မှာ ဘာအပြစ်ရှိလို့ အခုလိုလုပ်ရတာလဲ။
ကျွန်မတစ်ယောက်တည်း အတွေးတွေနဲ့ ရှုပ်ထွေးနေတုန်းမှာပဲ ဆရာဝန်တစ်ယောက် အခန်းထဲဝင်လာတယ်။
"တို့ဆေးမိထားတာဆိုတော့ ဆေးမိနေ တဲ့အချိန်ကာလအပိုင်းအခြားတစ်ခုကို မမှတ် မိဘဲဖြစ်နေလိမ့်မယ်။ ပြီးတော့ ခေါင်းမူးတာ တွေ၊ ခေါင်းကိုက်တာတွေလည်း ဖြစ်နေလိမ့် မယ်။ ဘာမှမစိုးရိမ်ပါနဲ့ သက်သာသွားမှာပါ"ဟုတ်ကဲ့လို့ နှုတ်ကဖြေလိုက်ပေမယ့် စကားသံ တွေက ထွက်မလာဘူး။ တို့ဆေးတဲ့။ အဲ့ဒါက ဘာလဲ။ ဘာကိုပြောချင်တာလဲ။ ဘယ်သူက ဘယ်သူ့ကိုတို့ဆေးတို့တာလဲ။ ဘယ်သူကရော တို့ဆေးမိသွားတာလဲ။
အဖေကတော့ နာကျင်နေတဲ့ မျက်ဝန်း တွေနဲ့ ကျွန်မကို ကြည့်နေတယ်။
အမေကလည်း ဝမ်းပန်းတနည်း ငိုနေ တယ်။ ကျွန်မမိဘတွေအဖြစ်ကို ကျွန်မ မကြည့်ရက်နိုင်တော့လို့ အကြည့်တွေကို ပြတင်း၀ဘက် ပို့လိုက်တယ်။ မနေ့ကရွာတဲ့မိုးနဲ့ ပိတောက်ပင်မှာ ပိတောက်ပန်းတွေ ပွင့်နေ တယ်။ ဒီသင်္ကြန်လည်း ပိတောက်မပွင့်ဘူး ထင်နေတာ။ အခုတော့ ကြည့်ပါဦး။ ညတုန်း က တစ်ပြိုက်နှစ်ပြိုက်ရွာတဲ့ မိုးက ပိတောက် တွေကို ပွင့်စေခဲ့တာပဲ။ ဒါပေမယ့် ပိတောက် ပန်းတွေက နွမ်းဖတ်ဖတ်နဲ့ဖြစ်နေပြီး သိပ်မလန်း သလိုပဲ။ ဘာကြောင့်လဲ။ ပိတောက်တွေ ဘာလို့ နွမ်းနေတာတဲ့လဲ။ နေပူလို့လား။ မိုးထပ်မရွာလို့လား။ ဒါမှမဟုတ် ပန်းခူးသူ တွေကြောင့် လက်ဆိပ်တက်သွားလို့လား။