ရိုးရာ (မကန)
(၁)
ဂျာကြီးဟု အလုပ်သမားများ တလေး တစားခေါ်ကြသည့် နေဝန်းနီကျောက်ကုမ္ပဏီ ၏ မန်နေဂျာဖြစ်သူ ကိုသန်းထွန်း၏စကား သံမှအပ ရုံးခန်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက် နေသည်။ အများက ကိုသန်းထွန်းဟုသာ ခေါ်နေကြပေမယ့် သန်းထွန်းမှာ ကိုလှဌေး ထက်ပင် အသက် တော်တော်ငယ်သေးသည်။ ကိုသန်းထွန်း ကျေးဇူးကြောင့် ဒါမှမဟုတ် ကိုလှဌေးတို့ ကံကောင်း၍သာ ယခုလို နေဝန်းနီ ကျောက်ကုမ္ပဏီ၏ရုံးခန်းထဲသို့ ရောက်နေ ကြခြင်းဖြစ်မည်။ အထူးသဖြင့် ပြောရရင် အဆက်အသွယ်ကောင်း၍ သို့တည်းမဟုတ် ငွေကြောင့်သာ ဝင်လို့ရခြင်းလည်းဖြစ်ပေလိမ့် မည်။ ထိုင်နေကြသည့် ကိုလှဌေးတို့အဖွဲ့က စုစုပေါင်း ခြောက်ယောက်။ အဖွဲ့ထဲမှ အသက် အကြီးဆုံးဖြစ်သည့် ဦးလွန်းရွယ်ကတော့ ဗန်းမော်နယ်သား။ ဖိုးအောင်ကတော့ ဧရာ၀တီတိုင်းသား၊ ခင်မောင်နှင့် တင်မောင် က ညီအစ်ကိုများဖြစ်ကြကာ ရေနံချောင်း သားများဖြစ်ကြသည်။ လှလှတင်ကတော့ ရခိုင်မှ ရခိုင်မလေးဖြစ်သည်။
ကိုလှဌေးကတော့ ပဲခူးသား။ ကိုလှဌေး တို့ရွာက ပဲခူးမြို့နဲ့ အလှမ်းဝေးလှသည်။ မြို့ မှ ၃၅ မိုင်လောက် လမ်းလျှောက်ရသည့် ပဲခူး ရိုးမနားက ချောင်းဖျားရွာကဖြစ်သည်။ ကိုလှဌေးတို့ရွာမှာတော့ ငါးရှာ၊ ဖားရှာ၊ သစ်ခုတ်ဝါးခုတ်၊ တောင်ယာအလုပ်ကလွဲရင် မည်မည်ရရ စီးပွားဖြစ်အလုပ်ဟူ၍ မရှိပေ။ သို့သော် ရွာသူ ရွာသားများမှာ ထိုအလုပ်များ နှင့် အသက်မွေးဝမ်းကျောင်းပြုကာ ရပ်တည် နေထိုင်ကြသည်။ ကိုလှဌေးကတော့ ထိုအလုပ် တွေနှင့် မရောင့်ရဲနိုင်ပေ။ ပိုက်ဆံများများ ရှာချင်သည့်စိတ်များက ကိုလှဌေး၏ လောဘ ဆိုလည်းမမှားနိုင်ပေ။ ထို့ကြောင့် "တစ်ရွာ မပြောင်း သူကောင်းမဖြစ်"ဟု ကြွေးကြော် ကာ ရွာမှ ထွက်ခဲ့ခြင်းဖြစ်သည်။ တစ်နည်း ပြောရရင်တော့ ကိုလှဌေးတို့လို ဖားကန့် မှော်ထဲတွင် နေထိုင်ကြသည့်သူများမှာ အောက်ပြည်အောက်နယ်မှ တက်လာကြကာ ရရာအလုပ်နှင့် ပြေလည်အောင် ရှာဖွေနေကြ သူများဖြစ်သည်။ ယခု ကိုလှဌေးဘေးရှိ လူများမှာ မိတ်ဆွေများဟု ဆိုရသော်လည်း တစ်နယ်သားတည်းမဟုတ်ကြ။ ကျောက်စိမ်း မြေဟုခေါ်ကြသည့် ကချင်ပြည်နယ် ဖားကန့် မြို့သို့ရောက်မှ သိကျွမ်းကြသည့် လုပ်ဖော် ကိုင်ဖက်များသာဖြစ်ကြသည်။
"အဟမ်း …ခင်ဗျားတို့ ကျုပ်ကို အကူ အညီ တောင်းထားတဲ့အတိုင်း ကျုပ်လည်း ဘော့စ်ကို တော်တော်လေး ပြောကြည့်ပါ တယ်။ ဘော့စ်က ခင်ဗျားတို့ အကုန်လုံးကို ကုမ္ပဏီထဲ အလုပ်ရဖို့ မဖြစ်နိုင်ဘူး။ ဒီအတွက် စိတ်မကောင်းပါဘူး "
"ဒါဆို ကောင်လေးက ဦးလေးတို့အားလုံး မရနိုင်ဘူးလို့ ပြောတယ်ဆိုတော့ ဦးလေးတို့ ထဲက ဘယ်သူတွေ အလုပ်ရနိုင်မှာလဲ"
"ဟုတ်ကဲ့ … ဒီမှာထိုင်နေကြတဲ့သူတွေ ထဲမှာ ဆယ်တန်းအောင်တဲ့သူရှိသလား"ကိုသန်းထွန်း၏ အမေးစကားသံကြောင့် ရင်ခုန်လှုပ်ရှားနေကြသည့် ကိုလှဌေးတို့ အကုန်လုံး တိတ်ဆိတ်သွားကြသည်။ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ အသံထွက်လာခြင်းမရှိပေ။
"ဆယ်တန်း အောင်ထားတဲ့သူရှိရင် မတ်တတ်ရပ်ပေးပါ"
"ကောင်လေးရယ် ဦးလေးတို့တွေ ဆယ်တန်းအောင်မှတော့ ငွေကုန်ခံပြီး ဒီလို ခခယယ အလုပ်လာတောင်းပါ့မလားကွာ "တိတ်ဆိတ်ငြိမ်သက်ခြင်းကို ဦးလွန်းရွယ် အသံ က ထိုးဖောက်လိုက်သည်။ ကိုလှဌေးကတော့ ပထမဆုံးအကြိမ် မိမိကိုယ်မိမိ နောင်တရလိုက် လေသည်။ ထို့ကြောင့် ကိုလှဌေး ဆုံးဖြတ်ချက် တစ်ခုကို ပိုင်ပိုင်နိုင်နိုင် ချလိုက်လေသည်။
"ဟုတ်ကဲ့…ဒါဆို ကိုးတန်းအောင်၊ ရှစ်တန်းအောင်ထားတဲ့သူကောရှိလား " ယခု တစ်ကြိမ်သည်လည်း တိတ်ဆိတ်မြဲ တိတ်ဆိတ် သွားပြန်သည်။ ဦးလွန်းရွယ်ပင် အသံမထွက် လာတော့ပေ။
ကိုလှဌေး ခေါင်းငုံ့ထားရာက ဖြည်းဖြည်း ချင်း ခေါင်းခါလိုက်မိသည်။ ထိုစဉ်…
"ကျွန်တော် ရှစ်တန်းအောင်ပြီးသားပါ ဗျ"
"ကျွန်မလည်း ရှစ်တန်းအောင်ပါ.…ပြီးတော့ ထမင်းဟင်းလည်း ကောင်းကောင်း ချက်တတ်ပါသေးတယ်"
(၂)
ကိုလှဌေးတို့ ရေမဆေးကျောက်ရှာသည့် သူများမှာ ညနေပိုင်း ရောက်မည့်အချိန်ကို စောင့်ရင်း မနက်မှညနေထိ ကြုံရာကျပန်း အလုပ်ကို အပြေးအလွှား လုပ်ကြရသည်။ ကိုလှဌေးကတော့ မော်ဝမ်းဈေးကြီးထဲတွင် ကုန်တင်ကုန်ချ လုပ်တာများသည်။ ဈေးရှေ့သို့ ကုန်ကားများဝင်လာချိန်တွင် ကုန်တင်ကုန်ချ လုပ်ဖြစ်သည်။ ကုန်ပိုင်ရှင်များကလည်း အခ ကြေးငွေ နည်းနည်းသာပေးရသည့်သူများကို သာ ခေါ်ခိုင်းလေ့ရှိသည်မို့ ကိုလှဌေးကတော့ ပါလေရာပင်ဖြစ်သည်။
ညနေကုမ္ပဏီ အလုပ်သိမ်းချိန်ဖြစ်သည့် ညနေ ၄ ခွဲမှ ၆ နာရီအထိ ကုမ္ပဏီလုပ်ကွက် တွင် ကျောက်ဝင်ရှာခွင့်ပေးသဖြင့် ကိုလှဌေး ကျေးဇူးတင်မိသည်။ ကိုလှဌေးတို့လို ရေမဆေး သမားတွေအတွက် ကျောက်အရည်အသွေး ကောင်းတာ ရှာတွေ့ပါက သူဌေးဖြစ်ကိန်းပင် မဟုတ်ပါလား။ ထိုသို့သော ညနေမျိုးမရောက် သည့်တိုင် သူဌေးမဖြစ်ပေမယ့်လည်း ရေမဆေးကျောက်စလေးများရသည့် တစ်ည နေမှာတော့ တစ်နေ့စာ ဝင်ငွေလေးတော့ ရကြပေမည်။ ကိုလှဌေးတို့ ရေမဆေးသမား များသည် ထိုမျှော်လင့်ချက်ဖြင့်သာ အသက် ဆက်နေကြသည်ဆိုလည်း မမှားပေ။
"အခု အဖေ သားကိုပြောပြနေတဲ့ အကြောင်းတွေဟာ အဖေဖြတ်သန်းခဲ့ရတဲ့ ဘ၀ပဲသား … "
"ခုနက အဖေပြောတဲ့အထဲမှာ အဖေ ဆုံးဖြတ်ချက်တစ်ခုကို ပိုင်ပိုင်နိုင်နိုင်ချခဲ့တယ် ဆိုတာက …။
"ဟုတ်တယ်သား။ အဖေ အဲဒီအချိန်မှာ နောင်တတရားနဲ့အတူ ဆုံးဖြတ်ချက်တစ်ခု ချခဲ့တာကတော့ အဖေ့မှာ သားသမီးတွေ ရှိလာတဲ့အခါကျရင် အဖေ့လိုမျိုး အသက်ရှင် ရပ်တည်ရတဲ့ဘ၀မျိုး မဖြစ်စေရဘူးလို့ပေါ့ သားရယ်။ လူ့လောကမှာ ပညာမတတ်ရင် သူများအလုပ်လုပ်ဖို့မလွယ်ဘူး သားကို သိစေ ချင်တယ် "
"ဟုတ်ကဲ့ပါ။ ဒါဆိုအဖေ အဲ့မှော်တွေမှာ နေတဲ့အချိန်တုန်းက ကျောက်စိမ်းရှာတွေ့ခဲ့ လား။ တခြား အဖေ့မိတ်ဆွေတွေရော ကျောက်ရှာတွေ့ကြသေးလား" သား၏ စိတ်ဝင်တစား မေးသံအဆုံး ဦးလှဌေး ရေနွေး တစ်ခွက်ကိုထပ်ငှဲ့ကာ အဝေးဆီမှ မှုန်ပျပျ ပဲခူးရိုးမတောင်တန်းကြီးဆီကို လှမ်းကြည့် လိုက်သည်။
(၃)
"ဒိုင်း…" အဝေးဆီမှ သေနတ်သံ တစ်ချက်ကို ပီပီသသကြီးကြားလိုက်သည့် အတွက် ကိုလှဌေး ကြက်သွန်အိတ်ကြီးထမ်း နေရာမှခြေလှမ်းများ တန့်သွားသည်။ ဖားကန့် တစ်ကြောတွင် ဆန်ခါ၊ ဝှေခါ၊ ဂျမ်ခါ၊ ကွန်းခါ၊ ပန်ခက်မှော်များရှိကြသည်။ သေချာသည်က နေဝန်းနီကုမ္ပဏီလုပ်ကွက်ရှိသည့် ဆန်ခါ မှော်ဘက်မှဖြစ်သည်ကို ခန့်မှန်းမိသည်။
သေနတ်သံကြောင့် ဈေးတစ်ခုလုံး လှုပ်စိ လှုပ်စိဖြစ်သွားကြကာ ထင်ရာမြင်ရာများ ပြောနေကြသည်။ ခဏအကြာတွင် ကိုလှဌေး ဆီသို့ သတင်းဆိုးတစ်ခု ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါတော့သည် ။
"ကိုလှဌေး …ကိုလှဌေး။ ခင်ဗျား ဦးလွန်းရွယ် သတင်းကြားပြီးပြီလား "
"ဘာသတင်းလဲ ကိုဆွေ"
"အခုနက သေနတ်သံ ခင်ဗျားကြားတယ် မလား။ အဲဒါ ခင်ဗျားမိတ်ဆွေ ဦးလွန်းရွယ် သေနတ်မှန်သွားတာဗျာ။ ခွင့်ပြုချိန်မဟုတ်ဘဲ ရေးမဆေးရှာဖို့ လုပ်ကွက်ထဲခိုးဝင်လို့ ဟိုက ခြိမ်းခြောက်တဲ့သဘောနဲ့ ပစ်လိုက်တာတဲ့။ ကံဆိုးချင်တော့ ဦးလွန်းရွယ်ကို ထိသွား တယ်လေ"
"ဖြစ်ရလေ ဦးလွန်းရွယ်ရာ၊ သူဒီလောက် ထိ စွန့်စားမယ်လို့ ကျွန်တော် မထင်မိဘူးဗျာ" ကိုလှဌေး ပင့်သက်ရှိုက်လိုက်မိကာ ဦးလွန်းရွယ် ၏ ရင်ဖွင့်သံများကို ပြန်ကြားယောင်နေမိ သည်။
"လှဌေးရာ ငါ့သမီးအကြီးမလေး နောက် လ ဘွဲ့ယူဖို့ ပိုက်ဆံ အတော်လိုနေပြီတဲ့ကွာ။ ဟိုတစ်ခါကလည်း ငါ့သားအငယ် အစာအိမ် ဖြစ်လို့ ငါပိုက်ဆံတွေ ကုန်သွားတာ မင်းအသိ ပဲ။ အခု ငါ့မှာ ပိုက်ဆံမရှိတော့ဘူး။ ညနေ လုပ်ကွက်မှာလည်း ရေမဆေးရှာချိန်နည်းလို့ ဘာကျောက်မှမရဘူး။ မင်းလိုလည်း ငါ ကုန် မထမ်းနိုင်တော့ခက်တယ်ကွာ။ ငါ့သမီးဘွဲ့ယူဖို့ အတွက် ငါပိုက်ဆံမပေးနိုင်ရင် ငါဟာ တာဝန် မကျေတဲ့ဖခင်လို့ ငါခံစားနေမိတယ်ကွာ။ ငါ့သမီးကြီး ဘွဲ့ယူပြီးရင် ငါအိမ်ပြန်ပြီး နေတော့မယ်လို့ ဆုံးဖြတ်ပြီးပြီ။ မင်းက ငယ်သေးတော့ ကြိုးစားဦးပေါ့ကွာ။ အခုတော့ ငါပိုက်ဆံရဖို့ ကြံလိုက်ပါဦးမယ် "
သည်မြေ သည်ရေမှာတော့ လူ့အသက် တစ်ချောင်းဟာ အလွယ်တကူ ပျောက်ဆုံး လွယ်တယ်ဆိုတာ ဦးလွန်းရွယ် မသိလိုက် သည်ကိုတွေးကာ နာကျင်နေမိတော့သည်။ မတော်တဆထိလိုက်သည်ဟုသော ကုမ္ပဏီမှ အကြောင်းပြချက်ကြောင့် ဦးလွန်းရွယ် ဆန္ဒပြည့်ခဲ့သည်ဟုဆိုရမလား၊ ကုမ္ပဏီမှ အသက်နစ်နာကြေး အနည်းငယ်ကို ဦးလွန်း ရွယ် မိသားစုထံ ပို့ပေးခဲ့သဖြင့် ဦးလွန်းရွယ် သမီးကြီး ဘွဲ့ယူဖို့အတွက် လုံလောက်မှာ သေချာသည်။ ဦးလွန်းရွယ် ဖခင်ပီသခဲ့ ပေမယ့် နေရပ်တွင် ခေါင်းမချခဲ့ရသည့်အဖြစ် ကိုတော့ ကိုလှဌေး ယူကျုံးမရဖြစ်မိသည်။
(၄)
"ပြေးဟ ပြေးထား…ပြေးထား "
"အား…"
"ဝုန်း "
"သွားပြီ … သေကုန်ပါပြီ " ကိုလှဌေး ပြေးမိပြေးရာပြေးရင်းက နောက်ကို ပြန်လှည့် ကြည့်လိုက်သည်။ ယခင်က တောင်တစ်ခုနှယ် မတ်စောက်နေသည့် မြေစာပုံကြီး ယခု မိမိတို့ အနီးသို့ တအိအိ ပြိုဆင်းလာသည်ကိုကြည့် ကာ ကိုလှဌေး ကြက်သေသေသွားမိသည်။ ထိုကဲ့သို့သော မြေစာပုံကြီးများမှာ အသက် ဘယ်နှချောင်း ဝါးမျိုလိုက်ပြီလဲဆိုတာ ကိုလှဌေး မသိချင်တော့။
"နောက်ပိုင်း ဘာဆက်ဖြစ်သေးလဲ အဖေ " ကိုလှဌေးမှာ အတိတ်မှ ပြန်ရောက် လာသူတစ်ယောက်နှယ် မောပန်းလျက်ရှိ သည်။ သားဖြစ်သူ စိတ်ဝင်တစားမေးနေသည့် အမေးကို ဖြေဖို့ရန်အတွက် အေးစက်နေသည့် ရေနွေးကို အကုန်မော့ချလိုက်ကာ သား မျက်နှာကို စူးစူးစိုက်စိုက် ကြည့်လိုက်သည်။
"သား တကယ်သိချင်လို့ မေးတာလား"
"တကယ်သိချင်တယ်အဖေ၊ အဖေနဲ့ ကုမ္ပဏီအလုပ် အတူလျှောက်ခဲ့ဖူးတဲ့သူတွေ အကြောင်းပါ သားကိုပြောပြ သူတို့ကော အဆင်ပြေသွားလား"
"အဖေ အခုပြောပြတာတွေက သား ဆုံးဖြတ်ချက်အတွက်ပါ။ အဖေ သားကို တားမြစ်နေတာမဟုတ်ဘူးဆိုတာ သားသိဖို့ လိုတယ်။ ဒီလိုသားရဲ့" သားမျက်နှာကို စေ့စေ့ ကြည့်ရင်း ကိုလှဌေး၏ အတွေးများက အတိတ်ဆီ တစ်ဖန်ပြန်၍ ရောက်သွားလေ သည်။
နေဝန်းနီကုမ္ပဏီတွင် ကိုလှဌေးတို့ အတူ တကွ အလုပ်သွားလျှောက်သည့်အထဲတွင် တင်မောင်နှင့် လှလှတင်တို့ နှစ်ယောက်သာ အလုပ်ရသွားခဲ့သည်။ ကျောက်စာရင်း မှတ်သည့် အလုပ်ကိုရသွားသည့် တင်မောင် ပင်လျှင် လုပ်ကွက်တွင် မတော်တဆ ထိခိုက် ကာ အသက်ပျောက်ခဲ့ရရှာသည်။ တင်မောင် ၏ အစ်ကို ခင်မောင်မှာလည်း ဆေးစွဲကာ အလုပ်ကိုပင် မည်မည်ရရ မလုပ်တော့ချေ။ ခင်မောင့်ကို ကိုလှဌေးဆုံးမလို့ မရနိုင်တော့ သည့်အဆုံးမှာတော့ ခင်မောင်လည်း ဆေးဖိုး အတွက် သူခိုးလုံးလုံးဖြစ်သွားတော့သည်မို့ ကိုလှဌေးမှာ ဖားကန့်မြို့ကို စွန့်ခွာဖို့ ပို၍ သေချာသွားတော့သည်။
များပြားလှသော ကျောက်စိမ်းတုံးများ သည် မိမိတို့နှင့် မသက်ဆိုင်မှန်း ကိုလှဌေး သိလိုက်သည်။ ဝမ်း၀ဖို့မသေချာသော်လည်း ဘဲ သေဖို့ရာ သေချာသော ထိုနေရာ၌ အသက် ရှင်ရပ်တည်နေဖို့ရန် မလွယ်ကူကြောင်း နားလည်လိုက်သဖြင့် ရှစ်တန်းအောင် ကုမ္ပဏီ ထမင်းချက် ရာထူးရသွားသည့် လှလှတင်ကို နှုတ်ဆက်ကာ တောင်ယာလုပ်ရင်းဘ၀ကို အေးအေးဆေးဆေး ဖြတ်သန်းတော့မည်ဟု တွေးကာ နေရပ်သို့ အပြီးတိုင်ပြန်ခဲ့လေသည်။
(၅)
"သားကျောင်းထွက်ပြီး ဖားကန့်မှာ ကျောက်ရှာချင်တယ်ပြောတာကို အဖေ မတားပါဘူး။ သားမှာရှိတဲ့ အသိတရားနဲ့ သားဘာသာဆုံးဖြတ်ပါ}}
ပဲခူးတွင် ကိုးတန်းတက်နေသည့် သားငယ်က ရွာသို့ပြန်ရောက်လာကာ ကျောင်းထွက် အလုပ်လုပ်ချင်သည်ဟု ဆိုလာ သည့်အတွက် ဦးလှဌေး အတော်စိတ်မကောင်း ဖြစ်သွားရသည်။ သားသွားလုပ်မည့်နေရာက ကိုလှဌေး ကြောက်ရွံ့ခဲ့ရသည့် ဖားကန့်နယ်မြေ တွင်ဖြစ်သည်။ သားမသိသေးသည့် လူ့လောက၏ရှုပ်ထွေးပုံ၊ အခက်အခဲများကို သားနားလည်မည်ထင်သည့် စကားလုံးများ ဖြင့် သူ့၏အဖြစ်အပျက်များကို ပြောလိုက် သည်။
"သားနောင်တရပါပြီ အဖေ။ ပညာ မတတ်၊ စာမတတ်ရင် ရရာအလုပ်ကို လုပ်ရ မှာဆိုတာ သိပါပြီ။ သား ကျောင်းမထွက် တော့ပါဘူးအဖေ။ အဲဒီ ဖားကန့်ဒေသမှာ ကျောက်ရှာချင်တဲ့စိတ်ကူးကို စွန့်လွှတ်ပြီး သား ကျောင်းပြန်တက်ပါတော့မယ်"
"ပညာဆိုတာ အသက်မွေးဝမ်းကျောင်း ပညာတစ်ခုခုကို ပြောတာသား။ သားဘ၀ အတွက် ကောင်းကောင်းမွန်မွန်ရပ်တည်ဖို့ သားတစ်ခုခု တတ်မြောက်မှရမှာမို့ ဒီအကြောင်းကို အဖေပြောပြတာပါ။ သား ပညာကောင်းကောင်း သင်နိုင်ဖို့အတွက်ဆို အဖေတို့ ဘယ်လောက် ပိုက်ဆံရှာရ ရှာရ အဖေကြိုးစားမယ်သား။ သားအရွယ်က ပညာ ရှာတဲ့အရွယ်မို့ ပညာကိုပဲ ဆက်ပြီးသင်ပါ။ ပညာမတတ်ရင် ရှစ်တန်းအောင်တောင် အလုပ်ကောင်းကောင်းမရနိုင်ဘူး သား။ ဝမ်းရေးအတွက် အလွယ်တကူ အသက်ပေးရ တဲ့အလုပ်မျိုးကို သားကို မလုပ်စေချင်ဘူး"
"သားနားလည်ပါပြီ အဖေ"
"သား အဖေ့စေတနာကို နားလည်တဲ့ အတွက် အဖေ ဝမ်းသာပါတယ်။ အဖေ ငယ်ရွယ်တုန်းအချိန်မှာတောင် ကျောက်စိမ်း ပေါများတဲ့ ကျောက်စိမ်းမြေပေါ်မှာ ရပ်တည်ဖို့ မလွယ်ကူတာ အခုလို ကျောက်စိမ်းတွေ တစ်နေ့ထက်တစ်နေ့ ရှားပါးလာတဲ့ ဖားကန့် မြေပေါ်မှာ လုပ်ငန်းရှင်တွေ၊ ကုမ္ပဏီပိုင်ရှင်တွေ သာ အဆင်ပြေနိုင်မှာပါ။ အဖေတို့လို လူမျိုး တွေအတွက်တော့ ကျောက်အောင်ပြီး သူဌေး ဖြစ်ဖို့ဆိုတာ စိတ်ကူးယဉ်သက်သက်ပဲဖြစ်လိမ့် မယ်။ သားထင်သလို မလွယ်ကူဘူး ငါ့သား"
ဦးလှဌေးသည် အဝေးမှ မှုန်ပျပျမြင်နေရ သည့် ပဲခူးရိုးမတောင်ခြေရှိ စိမ်းလန်းစိုပြည် နေသည့်မိမိ၏ စိုက်ခင်းကြီးကိုကြည့်ကာ သက်ပြင်းချနိုင်တော့သည်။