၁၄  ဧပြီ

 

ရေလောင်းမဏ္ဍပ်ထဲတွင် လှေထည့်ထားပြီး ရေဖြည့်ကာ အမျိုးသားနှင့် အမျိုးသမီးတို့ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ရေလောင်းကြသော ရခိုင်ရိုးရာ သင်္ကြန်ကို မြန်မာနိုင်ငံတွင် လူသိများသည်။ ရခိုင်ဒေသတွင်  သင်္ကြန်မကျမီ  သင်္ကြန်အကြိုပွဲကို တခမ်းတနားပြုလုပ်ကြသည်။  တစ်နည်းပြောရလျှင် နံ့သာသွေးပွဲနှင့် ဘုရားရေချိုး(ရေသပ္ပာယ်ပွဲ)ဖြစ်သည်။ ဘုရားရေချိုး (ရေသပ္ပာယ်ပွဲ)ကို သင်္ကြန်အကျရောက်မှ ကျင်းပလေ့ရှိသည်။ ရခိုင်တို့က ဘုရားရေသပ္ပာယ်သည်ကို ဘုရားရေချိုးသည်ဟု သုံးနှုန်းပြောဆိုကြသည်။  သင်္ကြန်အကြိုညက သွေးယူထားသော နံ့သာရည်များကို နံ့သာခွက်ကလေးများ တွင်ထည့်၍    မိန်းမငယ်များက   ကိုယ်စီကိုင်၍ စီတန်းလျှောက်ကြသည်။   မိန်းမကြီး၊  မိန်းမလတ်၊ မင်းကျွန်မ (အိမ်ထောင်ကျပြီးသူ)များက ဆွမ်းအုပ်များ  ကိုယ်စီခေါင်းပေါ်တွင်ပင့်ချီရင်း   ဘုရားရေချိုးမည့် ဘုန်းတော်ကြီး ကျောင်းသို့  လိုက်ပါစီတန်းလျှောက်ကြသည်။   မင်းကျွန်(အိမ်ထောင်ကျပြီးသူ)များက   အလှူပစ္စည်းများ၊ တံခွန်ကုက္ကားများကိုင်၍   ဘုရားရေချိုးရန်  သွားကြသည်မှာ   အလွန်ကြည်နူးဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်နေသည်။ ကာလသားလူငယ်များက မရိုးနိုင်သော ရခိုင်ရိုးရာသင်္ကြန်သီချင်းများ၊  သံချပ်များကို ဆိုတီးကခုန်လိုက်ပါ ကြသည်။ သင်္ကြန်ကာလ  အပျို၊ လူပျိုများအဖို့ သင်္ကြန်မဏ္ဍပ်၌        ရေလောင်းရင်း      ဖူးစာဖက်ဆုံတတ်ကြ၍ အတက်ကြွဆုံး၊  အမြူးကြွဆုံး၊  အပျော်ဆုံးကာလတစ်ခုဖြစ်သည်။

 

ရခိုင်ဒေသတွင် ဘုရားရေချိုး (ရေသပ္ပာယ်)ပြီးမှသာ ရေပက်ကစားကြပြီး   မေယုဒေသရှိ   မောင်တောမြို့က ရခိုင်ရိုးရာသင်္ကြန်ပွဲသည်  အထူးစည်ကားသည်။  ရခိုင်ပြည်နယ်ရှိ မောင်တောမြို့သည် မြန်မာနိုင်ငံ၏ အနောက်ဘက်အကျဆုံး နေရာတစ်ခုဖြစ်နေသောကြောင့် အနောက်တံခါးပေါက်ဟု တင်စားခေါ်ဆိုနေကြခြင်းဖြစ်သည်။  မေယုဒေသရှိ ဘူးသီးတောင်၊ မောင်တောမြို့များ၌ သင်္ကြန်ကာလ အတွင်း သင်္ကြန်ရေမကစားကြဘဲ ဥပုသ်သီလဆောက်တည်ကြသည်။ ဥပုသ်သီလ ဆောက်တည်ကြရာတွင်လည်း ယောဂီများအားလုံး အထက်အောက် စင်ကြယ်သော အဖြူရောင်  အဝတ်အထည်များကိုသာ ဝတ်ဆင်တတ်ကြသည်။ သင်္ကြန်ပွဲတော်ကို ဧပြီ ၁၇  ရက်ရောက်မှ စတင်ဆင်နွှဲကြသည်။

 

မြန်မာတစ်နိုင်ငံလုံး ဧပြီ ၁၃ ရက်မှစပြီး သင်္ကြန်ပွဲတော်ကိုစတင်ဆင်ယင်   ကျင်းပနေကြသော်လည်း မောင်တောမြို့၌ ဧပြီ ၁၇ ရက်ရောက်မှသာ  သင်္ကြန်ပွဲကို    စတင်ဆင်ယင်ကျင်းပကြသဖြင့်  မောင်တောမြို့က  သင်္ကြန်ပွဲတစ်မူထူးခြား နေသည်ဟု ဆိုရပါမည်။ မောင်တောမြို့၌  ရခိုင် ရိုးရာသင်္ကြန်ကိုနှစ်စဉ်နှစ်တိုင်း ဧပြီ ၁၇ ရက်မှ ဧပြီ ၂၀ ရက်အထိ ကျင်းပကြသည်။

 

ယခုအချိန်တွင် ရခိုင်ဒေသ၌ ကွန်ကရစ်ကားလမ်းများ ရှိလာနေပြီဖြစ်၍ ရေချမ်းပြင်-အငူမော်-မောင်တောကားလမ်း နှင့် ပုဏ္ဏားကျွန်း-ရသေ့တောင်-ဘူးသီးတောင် ကားလမ်းတို့မှတစ်ဆင့် အခြားမြို့များမှ ဘူးသီးတောင်၊ မောင်တောမြို့များသို့ကားများဖြင့် သွားလာနိုင်ပြီ ဖြစ်သည်။

 

ယနေ့အချိန်ကာလတွင် မေယုဒေသ ဘူးသီးတောင်၊ မောင်တောမြို့များသို့ ကားများဖြင့် နေ့ချင်းပြန် သွားရောက်နိုင်ပြီဖြစ်၍ မောင်တောသင်္ကြန်  စည်ကားလာခဲ့သည်။

 

နောက်တစ်ခုက ရခိုင်ပြည်နယ်ရှိ အခြားမြို့များ၌ သင်္ကြန် ပွဲတော်ပြီးဆုံးချိန် မေယုဒေသ ဘူးသီးတောင်၊ မောင်တောမြို့များ၌ ရခိုင်ရိုးရာသင်္ကြန်ပွဲအစဖြစ်နေ၍  စည်ကားခြင်းဖြစ်၏။ ကားလမ်းပေါက်နေပြီဖြစ်၍     ရခိုင်ပြည်နယ်တစ်ခုလုံးမှ မေယုဒေသရှိ ရခိုင်ရိုးရာသင်္ကြန်ကို တကူးတကလာရောက်ပြီး ဆင်နွှဲကြခြင်းဖြစ်သည်။ မေယုဒေသရှိ ရခိုင်တိုင်းရင်းသားများနှင့် ရခိုင်မျိုးနွယ်စုဝင်များသည် မိမိတို့၏ ရိုးရာဓလေ့ထုံးတမ်းများ ဖော်ထုတ်ကာ ပွဲတော်များကို စည်ကားစွာကျင်းပနေကြသည်။ မြန်မာနိုင်ငံ၏ အနောက်တံခါး မေယုဒေသသည် ရိုးရာ၊ ယဉ်ကျေးမှုကို    ထိန်းသိမ်းစောင့်ရှောက်နေသော    ဒေသတစ်ခုဖြစ်ပြီး သင်္ကြန်ပွဲတော် စည်ကားနေသော ဒေသတစ်ခုလည်းဖြစ်သဖြင့် မောင်တောမြို့သင်္ကြန်ရက်များ၌          ရခိုင်ပြည်သူများအဖို့ ပျော်ပျော်ပါးပါး ဆင်နွှဲခဲ့ကြပုံများ လွမ်းမောဖွယ် ကျန်ရစ်နေတတ်သည်။  သင်္ကြန်နီးလာချိန် သင်္ကြန်တေးသီချင်းများကို ကြားလာနေရပြီဖြစ်၍  ကျွန်တော်အနေနှင့် စစ်တွေမြို့ကနေ မောင်တောမြို့က ရခိုင်ရိုးရာသင်္ကြန်ပွဲသို့ သွားရောက်ပြီး ဆင်နွဲဖို့အားအင်သစ်တို့ နုပျိုလန်းဆန်းနေသလို ခံစားမိပါသည်။  

 

အောင်ကြည်မိုး(စစ်တွေ)

 

aa