မိုးညှင်း ၁၄ ဧပြီ
အထက်မြန်မာပြည်၏ တန်ခိုးကြီးဘုရားများ၌ တစ်ဆူအပါအဝင်ဖြစ်သော ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ အင်းတော်ကြီးမြို့တွင် တည်ရှိသည့် အင်းတော်ကြီးရွှေမဉ္ဇူ ရေလယ်ဘုရားကြီးတွင် သင်္ကြန်အကျနေ့ ယနေ့တွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများ၊ ရုံးပိတ်ရက်အားလပ်ရက်များတွင် လာရောက်အပန်းဖြေ နားနေသူများဖြင့် စည်ကားလျက်ရှိသည်။
အင်းတော်ကြီး ရွှေမဉ္ဇူရေလယ်ဘုရားကြီးသည် မိုးညှင်းမြို့၏ အနောက်မြောက်အရပ် မိုင် ၅၀ ခန့်အကွာ အင်းတော်ကြီးမြို့၊ လွဲမွန်ကျေးရွာအုပ်စု၊ နန့်ပတဲကျေးရွာအရှေ့ဘက်ရှိ အင်းတော်ကြီးကန်အတွင်း တည်ရှိသည့် ဘုရားဖြစ်ပြီး တစ်နှစ်ပတ်လုံး ဘုရားဖူးများဖြင့် စည်ကားများပြားသော်လည်း ယခုလိုအခါကြီးရက်ကြီးများနှင့် ရုံးပိတ်ရက် အားလပ်ရက်များ၌ အထူးစည်ကားလျက်ရှိကြောင်း ရွှေမဉ္ဇူရေလယ်ဘုရားကြီး၏ အလှည့်ကြဂေါပကဥက္ကဋ္ဌ ဦးတင်အောင်က ပြေသည်။
"အခုလို ရက်ရှည်ရုံးပိတ်ရက်တွေနဲ့ သင်္ကြန်နေ့တွေဆို ဘုရားဖူးနဲ့ အပန်းဖြေလာတဲ့သူတွေ ပိုများတတ်တယ်။ ဘုရားဖူးကားတွေ ပြန်လိုက်လာလိုက်နဲ့ တစ်ရက်ကို အစီး ၂၀၊ ၃၀ လောက်လာတယ်။ တစ်စီးကို အယောက် ၄၀ လောက်ပါတယ်၊ တစ်ရက်ကို နှစ်ထောင်ကျော်လောက်လာတယ်၊ ခါတိုင်းရက်တွေက အဝေးကဘုရားဖူးတွေ လာတာများတယ်။ ဒီလိုနေ့တွေဆိုရင် အင်းပတ်လည်ကလူတွေလည်း လာတော့ ပိုများတယ်"ဟု ပြောသည်။
မိုးညှင်းတွင်းမွေးဖွားပြီး ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွာမ အစိုးရနည်းပညာ အထက်တန်းကျောင်းတွင် တာဝန်ထမ်းဆောင်နေသည့် ကျောင်းအုပ်ကြီး ဒေါက်တာဖြိုးမြင့်သူက "ရက်ရှည်ရုံးပိတ်လို့ ပြန်ဖြစ်ခဲ့တာ၊ ပြန်ဖို့က သိပ်မလွယ်ဘူးလေ။ ဒီနေ့မိသားစုနဲ့အတူ ဘုရားလာဖူးလာတာ၊ ဒီကနေ နှီးဘုရားသွားမယ်၊ မနက်ဖြန်တော့ မိုးညှင်းမှာ မိသားစုတွေနဲ့သ င်္ကြန်လည်မယ်"ဟု သူ၏အားလပ်ရက် ဇာတိပြန်လာတာနှင့် ပတ်သက်၍ ပြောသည်။
ကသာမြို့ ရပ်ကွက်(၅) အမှတ် (၁)လမ်းတွင် နေထိုင်သူ တရားလွှတ်တော်ရှေ့နေ ဦးဝင်းရွှေကလည်း မိသားစုနှင့်အတူ အပန်းဖြေလာရောက် လည်ပတ်ပုံကို "ဒီကို နှစ်တိုင်းနီးပါးရောက်ဖြစ်တယ်၊ ဒီနှစ်က ရန်ကုန်မှာနေတဲ့ အမျိုးတွေကို လိုက်ပို့ရင်းနဲ့လာတာ၊ မိသားစုလည်းပါတယ်။ ဟိုးအရင်တုန်းက လမ်းတွေသိပ်မကောင်းဘူး၊ အခုတော့ လမ်းတွေက ကတ္တရာလမ်းတွေနဲ့ဆိုတော့ အရမ်းအဆင်ပြေသွားပြီ။ နောက်နှစ်တွေလည်း လာဖြစ်မယ်ထင်တယ်"ဟု ပြောသည်။
ကျော်ကျော်ထွေး (ပြန်/ဆက်)
