မောင်ခိုင်မာ (အထက်မင်းလှ)

 

ယနေ့ကမ္ဘာကြီးကို အပြင်းထန်ဆုံး ခြိမ်းခြောက်နေသည်မှာ စစ်ပွဲများနှင့် သဘာ၀ဘေးဒုက္ခများဖြစ်၏။ သဘာ၀ဘေး ဒုက္ခများဖြစ်ပေါ်စေသည့် အကြောင်းရင်းများထဲတွင် သစ်တောပြုန်းတီးမှုက တစ်ခုအပါအဝင်ဖြစ်လေသည်။


သစ်ပင်သစ်တော၏ အရေးပါမှု


ကျွန်ုပ်တို့ကမ္ဘာမြေပေါ်တွင် ရေ၊ မြေ၊ တောတောင်စသည့် သဘာ၀ပတ်ဝန်းကျင်နှင့် လူသားများ၊ သစ်ပင်၊ တိရစ္ဆာန်များ အတူတကွ လိုက်လျောညီထွေ အပြန်အလှန် အမှီသဟဲပြု နေထိုင်လာခဲ့ကြသည့် သက်တမ်းမှာ မနည်းတော့ပါ။ ထိုသို့ အတူတကွ နေထိုင်ရှင်သန်လာကြသည့်အထဲတွင် မိမိတို့ လူသားများဘ၀ ရှင်သန်ရပ်တည်ရေးအတွက် အဓိကအကျ ဆုံးသောအရာမှာ သစ်ပင်သစ်တောဖြစ်ပါသည်။


ကမ္ဘာ့ကုလသမဂ္ဂသစ်တောဖိုရမ်(United Nations Forum on Forest- UNFF) က သစ်ပင်သစ်တော၏ အကျိုးကျေးဇူး အဖြစ် (၁) ကမ္ဘာ့မိုးသစ်တောသည် ကမ္ဘာပေါ် ရှိ အောက်ဆီဂျင်ပမာဏ ၄၀ ရာခိုင်နှုန်းကျော်ကို ထုတ်လွှတ် ပေးခြင်း၊ (၂) ကုန်းမြေဆိုင်ရာ ဇီ၀မျိုးစုံ မျိုးကွဲ ၈၀ ရာခိုင်နှုန်း ကျော်သည် သစ်ပင်သစ်တောတွင် မှီတင်းနေထိုင်ခြင်း၊ (၃) လူသားအတွက် ဆေးဖက်ဝင်အပင်များကို ထောက်ပံ့ပေးခြင်း၊ (၄) နောက်ဆုံးပေါ် ဆေးဝါး၏ ၂၅ ရာခိုင်နှုန်းကျော်သည် အပူပိုင်းသစ်တောမှ ရရှိခြင်း၊ (၅) လူသားတို့၏ အသက်မွေး ဝမ်းကျောင်းအတွက် (စီးပွားရေးထုတ်ကုန်အမယ် ၅၀၀၀ ခန့်အတွက်) နေ့စဉ်သစ်တောများအပေါ်တွင် မှီခိုနေရခြင်း၊ (၆) အပူပိုင်းသစ်တောများသည် စိုက်ပျိုးရေးအတွက် ဝတ်မှုန် ကူးပေးခြင်း စသည်တို့ကို ဖော်ပြသည်။ 


သစ်ပင်သစ်တောများ၏ အကျိုးကျေးဇူး


ထို့အပြင် သစ်ပင်သစ်တောများ ရှိခြင်း၏ အကျိုးကျေးဇူး အဖြစ် (၁) ရာသီဥတုညီညွတ်မျှတစေခြင်း(လေထုအတွင်းရှိ ကာဗွန်ဒိုင်အောက်ဆိုက်များကို စုပ်ယူပေးခြင်းနှင့် သစ်ပင် တစ်ပင်သည် တစ်နှစ်လျှင် ကာဗွန်ဒိုင်အောက်ဆိုက်ပမာဏ ၀ ဒသမ ၆၁၁ ကီလိုဂရမ်မှ ၃၀ ဒသမ ၅၆ ကီလိုဂရမ်အထိ စုပ်ယူနိုင်ခြင်း)၊ (၂) သဘာ၀ပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကို ထိန်းညှိပေးခြင်း(လေတိုက်နှုန်းလျှော့ချခြင်း၊ မိုးရေနှင့် မြေဆီ လွှာကို ထိန်းသိမ်းပေးခြင်း)၊ (၃) အေးမြသောအရိပ်အာဝါသ နှင့် မျက်စိပသာဒဖြစ်စေခြင်း၊ (၄) လူသားတို့အတွက် အရွက်၊ အပွင့်၊ အသီး၊ ပင်စည်၊ အကိုင်း၊ အမြစ် စသည်တို့မှ ဆေးဝါး၊ စားသောက်ဖွယ်ရာ၊ လူ့အသုံးအဆောင်၊ နေအိမ်၊ အဝတ်အထည်၊ ထင်း စသည်တို့ကို ပေးစွမ်းခြင်း(အနိမ့်ဆုံးအားဖြင့် ကြွေကျသည့် သစ်ရွက်ကပင် သဘာ၀မြေဩဇာ ဖြစ်ခြင်း)၊ (၅) လေမုန်တိုင်း စသည့် သဘာ၀ဘေးဒဏ်မှ ကာကွယ်ပေးသည့် သဘာ၀အစိမ်းရောင်တံတိုင်းကြီးများ ဖြစ်ခြင်း စသည်တို့ကို ဖော်ပြကြသည်။


သစ်တောပြုန်းတီးမှု


ထိုကဲ့သို့ အရေးပါသော သစ်တောများကို ကျွန်ုပ်တို့ လူသားများက အရိပ်နေနေ အခက်ချိုးချိုး ပြုလုပ်နေကြသည်။ မိမိတို့ လတ်တလောအဆင်ပြေလိုမှုကို ရှေးရှုကာ ရည်ရွယ် ချက်အမျိုးမျိုးဖြင့် သစ်တောကို အလွန်အကျွံ ခုတ်လှဲအသုံးပြု နေကြပါသည်။ သို့အတွက် ကမ္ဘာမြေ၏ မူလအတိုင်းရှိနေသော သစ်တောများသည် ဩစတြီးယားနိုင်ငံထက် အကျယ် အဝန်းကြီးမားသော ပမာဏကို ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ် အတွင်း နှစ်စဉ်ဆုံးရှုံးသွားခဲ့ကြောင်း၊ ထိုနှုန်းသည် ယခင် ဆယ်စုနှစ်ကထက် ရာခိုင်နှုန်း ၂၀ ပို၍ မြန်သောနှုန်းဖြစ်ကြောင်း၊ လာမည့် ၁၅ နှစ်မှ နှစ် ၂၀ အတွင်း နိုင်ငံအများစုသည် သစ်တောစိမ့်မြေအားလုံးကို ဆုံးရှုံးသွားဖွယ်ရှိကြောင်း၊ လက်ရှိအတိုင်း ဆက်ဖြစ်နေပါက ၂၀၄၀ ပြည့်နှစ်မတိုင်မီတွင် မြန်မာ၊ ကမ္ဘောဒီးယား၊ အင်ဂိုလာ၊ နီကာရာဂွါနှင့် ဗဟို အာဖရိက နိုင်ငံတို့တွင် ယင်းသစ်တောများ ပျောက်ကွယ်သွားနိုင်သည်ဟု ကမ္ဘာသိပ္ပံပညာရှင်များက ပြောကြောင်း AFP သတင်းတစ်ပုဒ် အရ သိရသည်။ ကမ္ဘာတစ်ဝန်းတွင် တစ်မိနစ်လျှင် ဘောလုံးကွင်း ၃၆ ကွင်းစာမျှ သစ်တောများ ပြုန်းတီးနေသည်ဟုလည်း ဆိုပါသည်။


မြန်မာနိုင်ငံတွင် ၁၉၉၀ ပြည့်နှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း ၀ ဒသမ ၁၅ရာခိုင်နှုန်းမှ ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ၁ ဒသမ ၇၃ ရာခိုင်နှုန်းအထိ မြင့်မားလာကြောင်း၊ နှစ်စဉ် သစ်တောဧရိယာ ဟက်တာ ၅၄၆၀၀၀ (၁၃၄၈၆၂၀ ဧက) ပြုန်းတီးနေသဖြင့် ဘရာဇီးနှင့် အင်ဒိုနီးရှားပြီးလျှင် ပြုန်းတီးမှု အဆင့် ကမ္ဘာနံပါတ်(၃)အဆင့်ရှိကြောင်း သိရသည်။


ဤကဲ့သို့ သစ်တောများ ကြောက်မက်ဖွယ် ပြုန်းတီးရခြင်း အကြောင်းရင်းကို ကြည့်လျှင် (၁) လူဦးရေထူထပ်များပြား လာခြင်း၊ (၂) မြို့ပြဧရိယာတိုးချဲ့လာခြင်း၊ (၃) လယ်ယာစိုက်ပျိုး ရေးအတွက် သစ်တောမြေများကို ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ရွှေ့ပြောင်းတောင်ယာအတွက် ခုတ်ထွင်ရှင်းလင်းခြင်း၊ (၄) တောမီးလောင်ကျွမ်းခြင်း၊ (၅) သစ်နှင့်သစ်တောထွက်ပစ္စည်း များကို တိုးချဲ့သုံးစွဲမှု များပြားလာခြင်းနှင့် စီးပွားရေးအတွက် လွန်ကဲစွာ ထုတ်ယူခြင်း၊ (၆) စားကျက်မြေတိုးချဲ့ခြင်းနှင့် စနစ်မရှိသော မြေအသုံးချမှုများ- များပြားလာခြင်း၊ (၇) သတ္တု၊ ရေနံနှင့် ဓာတ်ငွေ့များ ထုတ်ယူရာတွင် စနစ်မကျသော ထုတ်လုပ် မှုများ ဆောင်ရွက်ခြင်းတို့ ဖြစ်သည်။


ထို့အတူ လောင်စာထင်း အသုံးပြုမှုလည်း ပါဝင်ပေသည်။ မြန်မာနိုင်ငံ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်သည် ကျေးလက်နေ ပြည်သူများဖြစ်ကြပြီး နေ့စဉ်ချက်ပြုတ်စားသောက်ရန်အတွက် ထင်း၊ မီးသွေးကို အဓိကလောင်စာအဖြစ် သုံးစွဲနေကြရသည်။ မြန်မာနိုင်ငံ ကျေးလက်နှင့် မြို့ပြဒေသ ပြည်သူအများစုအတွက် နှစ်စဉ်ထင်းလိုအပ်ချက် ကုဗတန် ၁၆ ဒသမ ၅၃ သန်းခန့်ရှိပြီး ထင်း၊ မီးသွေးသုံးစွဲမှုသည် စုစုပေါင်း စွမ်းအင်သုံးစွဲမှုပမာဏ၏ ၇၆ ဒသမ ၄၁ ရာခိုင်နှုန်းအထိရှိကြောင်း သိရသည်။ ဖြည့်စွက် ပြောလိုသည်မှာ မြန်မာနိုင်ငံသည် ကမ္ဘာ့ထင်း၊ လောင်စာနှင့် သစ်မီးသွေးတင်ပို့မှုတွင် နှစ်စဉ် အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၅ သန်းဖြင့် ထုတ်လုပ်မှုအများဆုံးနိုင်ငံများတွင် ပါဝင်ကြောင်း၊ တရုတ်နိုင်ငံသို့ စုစုပေါင်း မီးသွေးတန် ၃၃၀၀၀၀ တင်သွင်း ကြောင်း UN Contrade Database များအရ သိရသည်။


၂၀၁၅ ခုနှစ်တွင် လူဦးရေ ၅၃ ဒသမ ၉ သန်းမှ ၂၀၃၀ ပြည့် နှစ်တွင် လူဦးရေ ၆၀ ဒသမ ၂ သန်းအထိ တိုးပွားလာနိုင်သည်နှင့် အမျှ ထင်းလောင်စာနှင့် မီးသွေးလိုအပ်ချက် ဆက်လက်မြင့်တက် နေမည်ဖြစ်ကြောင်း၊ အများဆုံးတိုးလာမည့် ဒေသများမှာ လူဦး ရေထူထပ်သည့် ဧရာ၀တီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသ ကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည် နယ်တို့ ပါဝင်ကြောင်းREDD+၏ အစီရင်ခံစာများအရ သိရ သည်။


သစ်တောပြုန်းတီးခြင်း၏ အကျိုးဆက်


သစ်တောများ ပြုန်းတီးခြင်း၏ အကျိုးဆက်အဖြစ် အပူချိန် များ မြင့်တက်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း၊ ဇီ၀မျိုးစုံ မျိုးကွဲများ ၏ ဂေဟစနစ်ပျက်စီးခြင်း၊ ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်း၊ ရောဂါဘယများ ထူပြောလာခြင်း၊ အင်းဆက်နှင့် အခြားသော လူကို အန္တတရာယ်ဖြစ်စေသည့် အခြားပိုးမွှားများ၏ အန္တရာယ်ကို ရင်ဆိုင်လာရခြင်း စသည့်ဆိုးကျိုးများကို ကြုံတွေ့ခံစားလာရ ပါသည်။


သစ်တောပြုန်းတီးမှုကာကွယ်ရေး


ကမ္ဘာ့ကုလသမဂ္ဂက ချမှတ်ထားသော စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးပန်းတိုင် ၁၇ ရပ် အောင်မြင်စေရေးအတွက် ရည်မှန်း ချက် ၁၆၉ ရပ်ကို အချိန်ကာလသတ်မှတ်၍ ချမှတ်ထားရာ ၎င်းတို့အနက်မှ သစ်တောကဏ္ဍဆိုင်ရာ ရည်မှန်းချက်အချို့ကို ဖော်ပြရပါလျှင် (၁) ၂၀၂၀ ပြည့်နှစ်တွင် သစ်တောများ အားလုံး အတွက် စဉ်ဆက်မပြတ် သစ်တောစီမံအုပ်ချုပ်မှုလုပ်ငန်းများ တိုးတက်စေခြင်း၊ သစ်တောပြုန်းတီးမှုရပ်တန့်ခြင်း၊ တောနိမ့်၊ တောပျက်များတွင် သစ်တောပြန်လည်တည်ထောင်ခြင်း၊ ကမ္ဘာလုံးအတိုင်းအတာဖြင့် သစ်တောပြန်လည်တည်ထောင်ရေး လုပ်ငန်းများ သိသာထင်ရှားစွာ တိုးတက်စေခြင်းဟူ၍လည်း ကောင်း၊ (၂) သစ်တောများ စဉ်ဆက်မပြတ် စီမံအုပ်ချုပ်နိုင်ရန် အတွက် ရန်ပုံငွေကြေးများ၊ အရင်းအမြစ်အမျိုးမျိုး၊ အလွှာအမျိုး မျိုးမှ ရရှိနိုင်ရေး ဆောင်ရွက်ခြင်း၊ သစ်တောများ ထိန်းသိမ်း ခြင်းနှင့် သစ်တောများ ပြန်လည်တည်ထောင်ရေးလုပ်ငန်းများ အတွက် ဖွံ့ဖြိုးဆဲနိုင်ငံများအား လုံလောက်သော မက်လုံးများ ပေးခြင်းဟူ၍လည်းကောင်း ဖော်ပြပါရှိသည်။


ထို့အတူ ''သစ်တောဆိုင်ရာ နယူးယောက်ကြေညာ စာတမ်း'' (၂၃-၉-၂၀၁၄) (New York Declaration on Forests)တွင် (၁) ကမ္ဘာ့အပူချိန် ၂ ဒီဂရီစင်တီဂရိတ် လျှော့ချရန် ၂၀၂၀ တွင် သစ်တောပြုန်းတီးမှု ၅၀ ရာခိုင်နှုန်း အထိ လျှော့ချရန်၊ ၂၀၃၀ တွင် သစ်တောပြုန်းတီးမှု လုံး၀ မရှိစေရေး ရည်မှန်းဆောင်ရွက်ရန် ၊ (၂) ၂၀၁၅ အလွန် ကမ္ဘာ့ အစီအစဉ်များတွင် သစ်တောတည်ထောင်ရေးနှင့် ထိန်းသိမ်း ရေးရည်မှန်းချက်များ ထည့်သွင်းရန်၊ (၃) ဆီအုန်း၊ ပဲပိစပ်၊ စက္ကူပျော့ဖတ်၊ အသားထုတ်လုပ်ခြင်းစသည့် စိုက်ပျိုးရေးနှင့် စက်မှုသီးနှံများ စိုက်ပျိုးထုတ်လုပ်ခြင်းကြောင့် ဖြစ်ပေါ် လာသည့် သစ်တောပြုန်းတီးမှုများ လျော့နည်းပပျောက် စေရေးအတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များအား ကူညီရန်၊ (၄) ၂၀၂၀ တွင် အခြားစီးပွားရေးကဏ္ဍများကြောင့် သစ်တော ပြုန်းတီးမှုများ ဖြစ်ပေါ်နေခြင်းကို လျှော့ချရန်၊ (၅) စိုက်ပျိုးရေးနှင့် ထင်းလိုအပ်ချက် စသည့် အခြေခံလိုအပ်ချက် ကြောင့် ဖြစ်ပေါ်လာသည့် သစ်တောပြုန်းတီးမှုကို လျှော့ချ ရန်နှင့် အခြားနည်းလမ်းများဖြင့် ကူညီပံ့ပိုးရန်၊ ဆင်းရဲနွမ်းပါးမှု ပပျောက်စေရန်တို့ ပါရှိပါသည်။


မြန်မာနိုင်ငံအနေဖြင့် (၁) ၂၀၁၆ -၂၀၁၇ ခုနှစ်မှစတင်၍ ပဲခူးရိုးမတွင် သစ်ထုတ်လုပ်မှု ၁၀ နှစ် ရပ်ဆိုင်းခြင်း၊ (၂) သစ်တော ပြန်လည်ထူထောင်ရေးစီမံကိန်း (၂၀၁၇-၁၈ မှ ၂၀၂၇-၂၈) ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် အကောင်အထည်ဖော်ခြင်း၊ (၃) သစ်တောပြုန်းတီးခြင်းနှင့် သစ်တောအတန်းအစား ကျဆင်းခြင်းမှ ကာဗွန်လျှော့ချမှု လုပ်ငန်း (REDD+) နိုင်ငံတော်အဆင့် အစီအစဉ်များ အကောင်အထည်ဖော်လျက်ရှိခြင်း၊ (၄) ခေတ်နှင့်လျော်ညီ သော သစ်တောဥပဒေကို (၂၀-၉-၂၀၁၈)က ၂၀၁၈ ပြည်ထောင်စု လွှတ်တော်ဥပဒေအမှတ် ၂၉ ဖြင့် အတည်ပြုပြဋ္ဌာန်းခြင်း၊ (၅) REDD +လမ်းပြမြေပုံကို ၂၀၁၃ တွင် စတင်ရေးဆွဲပြီး ၂၀၁၅ မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိခြင်း စသည်တို့ကို လက်တွေ့ကျကျ ဆောင်ရွက်လျက်ရှိနေသည်။


ကမ္ဘာ့ကာဗွန်အရောင်းအဝယ်ဈေးကွက်


မြန်မာနိုင်ငံအနေဖြင့် သစ်တောများ ထိန်းသိမ်းခြင်းဖြင့် ကမ္ဘာ့ကာဗွန်အရောင်းအဝယ်ဈေးကွက်ဝင်နိုင်ရေး ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သိရသည်။ ကာဗွန်အရောင်း အဝယ်ဆိုသည်မှာ ''(Green Climate Fund) ရာသီဥတုပြောင်းလဲမှု လျှော့ချရေး အတွက် သစ်တောပြုန်းတီးမှုကို ကာကွယ်ရန် သစ်တောများ တစ်အုပ်တစ်မရှိသော နိုင်ငံများကို ကုလသမဂ္ဂနှင့် ကမ္ဘာ့ဘဏ်အစရှိသော အဖွဲ့အစည်းများ၏ အစီအစဉ်ဖြင့် ''ကမ္ဘာ့ အစိမ်းရောင်ရန်ပုံငွေ အဖွဲ့အစည်းများ''Green Climate Fund) ထူထောင်ပြီး ၎င်းအဖွဲ့များမှတစ်ဆင့် သစ်ပင်၊ သစ်တောထိန်းသိမ်းမည့်၊ ထိန်းသိမ်းနိုင်သည့် နိုင်ငံများအား အကျိုးအမြတ်ပေးခြင်းဖြစ်ပါသည်။ ကမ္ညာ့ကာဗွန်အရောင်း အဝယ်ဈေးကွက်တွင် ဘရာဇီးက ဦးဆောင်လုပ်ကိုင်နေပြီး မြန်မာနိုင်ငံသည် သစ်တောပြုန်းတီးမှု၊ သစ်တောများမှ ကာဗွန်စုစည်း သိုလှောင်နိုင်မှုတို့ကို တွက်ချက်ပြီးစီးသည့် အဖွဲ့ဝင် ၃၄ နိုင်ငံစာရင်းတွင် ပါဝင်နေပြီဖြစ်ကြောင်း၊ ၂၀၃၀ တွင် ကာဗွန်ကို သန်း ၉၀ အထိ သိုလှောင်ထားနိုင်ရေး (သစ် တစ်ပင် က တစ်နှစ်လျှင် ကာဗွန်ပမာဏ ပျမ်းမျှ ၁၅ ကီလိုဂရမ် မျှ စုပ်ယူထိန်းသိမ်းနိုင်ကြောင်း သိရ။) ရည်မှန်းဆောင်ရွက် လျက်ရှိပါသည်။


နိုင်ငံတော်အပါအဝင် မီဒီယာများက သစ်ပင်သစ်တော၏ အရေးပါမှု၊ တန်ဖိုးကြီးမားမှုနှင့် သစ်တောထိန်းသိမ်းရေး နည်းလမ်းများကို ဘက်ပေါင်းစုံမှ နည်းလမ်းစုံဖြင့် ပညာ ပေးရန် လိုအပ်နေပြီဖြစ်ပါသည်။ အနှစ်ချုပ်အားဖြင့် ဆိုရ ပါလျှင် တစ်စက္ကန့်လျှင် သစ်တောဟက်တာပေါင်းများစွာ ပြုန်းတီးနေသည့် ယနေ့လိုကာလဝယ် သစ်တောထိန်းသိမ်း ရေးဆိုင်ရာ အသိပညာများကို ကမ္ဘာသူကမ္ညာသား၊ နိုင်ငံသူ နိုင်ငံသားတို့၏ ရင်ထဲသို့ အလျင်အမြန်ရောက်ရှိပြီး သစ်ပင် သစ်တောကို အသက်တမျှ ချစ်ခင်မြတ်နိုး ယုယကာကွယ်ကြ စေရန်အတွက် ယခုကပင် စတင်ကြပါရန် တိုက်တွန်းလိုက်ရ ပေသည်။ ။