ကော့သောင်း ၁၆ ဧပြီ
မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသည့် ပြည်တွင်းခရီးသွားမိသားစုများ၊ ထိုင်းနိုင်ငံမှတစ်ဆင့် ဝင်ရောက်လည်ပတ်ကြသည့် ပြည်ပခရီးသွားဧည့်သည်များသည် ယနေ့ သင်္ကြန်အတက်နေ့တွင် ပင်လယ်ကျွန်းများသို့ အပန်းဖြေခရီးအဖြစ် လာရောက်လည်ပတ်သူ များ အထူးများပြားကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး၏ သဘာဝ ပင်လယ်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာမှုနှင့်အတူ ယခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် ကာလအတွင်း ပြည်တွင်းသာမက ကမ္ဘာ့ခရီးသွားလုပ်ငန်းကဏ္ဍတွင် နိုင်ငံတကာခရီးသွားများ အထူးနှစ်ခြိုက်ကြသည့် သာယာလှပတင့်မောဖွယ် ကမ်းခြေသဲသောင်များ၊ အပန်းဖြေရီဆော့ ဟိုတယ်များရှိရာ အက်ဒမန်ပင်လယ်အတွင်း ပင်လယ်ကျွန်းများဆီသို့ လာရောက်လည်ပတ်ကြခြင်းဖြစ်ပြီး ပင်လယ်ကျွန်းများရှိ ခရီးသွားလုပ်ငန်းကမ္ပဏီ၏ ပို့ဆောင်ပေးမည့် SPEED BOAT များ၊ ခရီးသွားဧည့်သည်များဖြင့် ကော့သောင်းမြို့မဆိပ်ခံ ဗောတံတားတွင် စည်ကားလှုပ်ရှား အသက်ဝင်လျက်ရှိသည်ကို တွေ့ရသည်။
ခရီးသွားဧည့်သည်များ လာရောက်မှုများပြားသဖြင့် မြို့ပေါ်ရှိ ဟိုတယ်များ၊ မိုတယ်နှင့် တည်းခိုခန်းများ ဧည့်သည်များဖြင့် ပြည့်ကာ တချို့တည်းခိုစရာ နေရာအခက်အခဲများရှိကြောင်းလည်း သိရသည်။
ပင်လယ်သင်္ကြန်ပွဲဆင်နွှဲမည့် ခရီးသွားများအား မြန်မာနိုင်ငံရေကြောင်းရဲတပ်ဖွဲ့မှ ပင်လယ်ပြင်လုံခြုံရေးနှင့် မမျှော်မှန်းနိုင်သည့် အရေးပေါ် အန္တရာယ်ကျရောက်ပါက ကူညီကယ်ဆယ်နိုင်ရေးလုပ်ငန်းများ ကြိုတင်ဆောင်ရွက်လျက်ရှိပြီး လာရောက်လည်ပတ်ဆင်နွှဲကြသည့် ခရီးသွားဧည့်သည်များမှာသ င်္ကြန်အတက်နေ့တစ်ရက်တည်းတွင်ပင် လူဦးရေ(၁၀ဝ၀)ကျော်ခန့်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ကျော်စိုး (ကော့သောင်း)