မင်းဘူး ၁၆ ဧပြီ

 


သင်္ကြန်ရုံးပိတ်ရက်ကာလဖြစ်၍ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် အိုင်းမကျေးရွာအနီးရှိ မန်းဆည်တော်အပန်းဖြေစခန်းတွင် ဧပြီ ၁၆ ရက်၊ သင်္ကြန်အတက်နေ့ ယနေ့ နံနက်ပိုင်းက အနယ်နယ်အရပ်ရပ်မှ လာရောက်အပန်းဖြေ ရေကစားကြသူများဖြင့် အထူးစည်ကား လျက်ရှိနေကြောင်း ပြည်တွင်းဘုရားဖူး ခရီးသွားဧည့်သည်များထံမှ သိရသည်။ 

 

d

 

မင်းဘူး(စကု)မြို့နယ် အိုင်းမကျေးရွာအနီးရှိ မန်းဆည်တော်အပန်းဖြေစခန်းသည် နှစ်စဉ် မန်းရွှေစက်တော် ဘုရားပွဲတော်ကာလ စတင်သည်နှင့် တစ်ပြိုင်နက် ပြည်တွင်းဘုရားဖူးဧည့်သည်များ စိတ်ဝင်တစ်စား လာရောက်အပန်းဖြေအနားယူသည့် နေရာတစ်ခုဖြစ်ကာ ယခုနှစ်တွင်လည်း မန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပချိန်မှစတင်ပြီး ယနေ့အထိ ပြည်တွင်းဘုရားဖူးဧည့်သည်များဖြင့် နေ့စဉ်စည်ကားလျက်ရှိနေကြောင်း အဆိုပါ မန်းဆည်တော်အနီး အိုင်းမကျေးရွာရှိ ဒေသခံပြည်သူများထံမှ သိရသည်။ 

 

dd

 

“ကျွန်တော်တို့ ကျေးရွာအနီးက မန်းဆည်တော်အပန်းဖြေစခန်းဟာ အခုဆိုရင် တစ်ဖြည်းဖြည်းနဲ့ လူသိများလာပြီး နှစ်စဉ် အနယ်နယ်အရပ်ရပ်မှ ပြည်တွင်းဘုရားဖူးဧည့်သည်တွေ အများအပြား လာရောက်အပန်းဖြေ အနားယူကြပါတယ်။ ပြည်တွင်းဘုရားဖူးဧည့်သည်တွေဟာ မန်းရွှေစက်တော်ဘုရားကြီးကို ဦးခိုက်ဖူးမြော်ပြီးရင် ကျွန်တော်တို့ ကျေးရွာအနီးက မန်းဆည်တော်အပန်းဖြေစခန်းကို လာရောက်အနားယူ ရေကစားကြပါတယ်။ မန်းချောင်းရေဟာ ကြည်လင်အေးမြပြီး ရေချိုးလို့လည်းကောင်း၊ ရေကစားလို့လည်းကောင်းတော့ ပြည်တွင်းဘုရားဖူးဧည့်သည်တွေ တော်တော်များများ လာရောက်ကြပါတယ်။ ဒါ့အပြင် မန်းဆည်တော်(မန်းချောင်း)နံဘေးမှာ နေပူဒဏ်ကိုကာကွယ်နိုင်တဲ့ ထန်းရွက်မိုး ယာယီနားနေဆောင်လေးတွေကို စီစဉ်ဆောင်ရွက်ပေးထားလို့ အပန်းဖြေအနားယူရင်း မန်းဆည်တော် အနီးက စားသောက်ဆိုင်အသီးသီးမှာ မှာယူစားသုံးရင်း အေးအေးလူလူ နားနေနိုင်ပါတယ်။ ယနေ့နံနက်ပိုင်း သင်္ကြန် အတက်နေ့မှာ အနယ်နယ်အရပ်ရပ်က ပြည်တွင်းဘုရားဖူးဧည့်သည်တွေ ကားကြီးကားငယ် အသွယ်သွယ်နဲ့ လာရောက်အပန်းဖြေ အနားယူကြသူတွေများလို့ အရမ်းကို စည်ကားနေပါတယ်။ ယခုနှစ် နွေရာသီက အရမ်းလည်းပူတော့ ပြည်တွင်းဘုရားဖူး ဧည့်သည်တွေအများစုက အေးအေးချမ်းချမ်း အနားယူအပန်းဖြေလို့ ကောင်းတဲ့နေရာတွေကို သွားရောက်လည်ပတ်ရတာကို ပိုပြီးနှစ်ခြိုက်သဘောကျပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ကျေးရွာအနီးက မန်းဆည်တော်အပန်းဖြေစခန်းမှာ ပြည်တွင်းဘုရားဖူးဧည့်သည်တွေ လာရောက်အနားယူ အပန်းဖြေကြသူတွေများနေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ကျေးရွာက စားသောက်ဆိုင်တွေလည်း ပြည်တွင်းဘုရားဖူးဧည့်သည်တွေ လာရောက်မှုများလို့ ဈေးရောင်းကောင်းပြီး မိသားစုဝင်ငွေ တွက်ချေကိုက်နေပါတယ်”ဟု မန်းဆည်တော်အပန်းဖြေစခန်းတွင် စားသောက်ဆိုင်ဖွင့်လှစ်ရောင်းချနေသည့် အိုင်းမကျေးရွာမှ ဒေသခံပြည်သူတစ်ဦးက ပြောပြ၍ သိရသည်။   

 


ရဲဝင်းနိုင် (ညောင်ဦး)