သထုံ ၁၇ ဧပြီ
မွန်ပြည်နယ်၊ သထုံမြို့၏ စေတီပုထိုးများနှင့် သမိုင်းဝင်အထင်ကရနေရာများတွင် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် ရုံးပိတ်ရက်ရှည်ကာလအတွင်း ကုသိုလ်ပြုဘုရားဖူးရန်နှင့် အပန်းဖြေ အနားယူရန် အနယ်နယ်အရပ်ရပ်မှ ခရီးသွားများဝင်ရောက်လာမှုကြောင့် အထူးစည်ကားခဲ့ကြောင်း သိရသည်။

ခရီးသွားအများစုမှာ သထုံမြို့၏ကျက်သရေဆောင် လေးဆူဓာတ်စံ ရွှေစာရံစေတီတော်မြတ်ကြီး၊ မြသပိတ်တောင်ခြေရှိ မြန်မာနိုင်ငံတွင်အကြီးဆုံး နှီးဘုရားရုပ်ပွားတော်မြတ်ကြီးနှင့် မြသပိတ်တောင်ထိပ်ရှိ မြသပိတ် စေတီတော်မြတ်ကြီးတို့သို့ သွားရောက်ဖူးမျှော်ကာ ကုသိုလ်ယူ အပန်းဖြေကြသည်။

“သင်္ကြန်ပိတ်ရက်ရှည်လေးမှာ ရေပက်ခံထွက်ရင်း မိသားစုလိုက် ဘုရားဖူးလာတာပါ၊ အားလပ်ရက် ကုသိုလ်ဖြစ်ပြီး အပန်းလည်းပြေ ပျော်ရွှင်ရတာပေါ့။ တာဝန်တွေထမ်းဆောင်ရင်း ခုလိုအားလပ်ရက်လေး အပန်းဖြေခရီးက ရှေ့ဆက်အလုပ်လုပ်ဖို့ အားသစ်ကို ဖြစ်စေတယ်” ဟု ဘီးလင်းမြို့မှ မိသားစုအလိုက် ရေပက်ခံထွက်ရင်း ရွှေစာရံစေတီသို့ ဘုရားဖူးလာသူ တစ်ဦးက ပြောသည်။

သထုံမြို့တွင် တန်ခိုးကြီးဘုရားစေတီများအပါအဝင် ယဉ်ကျေးမှုတန်ဖိုးမြင့်မားသည့် သမိုင်းဝင် အထင်ကရများစွာရှိပြီး ပြည်တွင်း ပြည်ပသူတေသီများနှင့် ဒေသန္တရ ဗဟုသုတ ရှာမှီးလိုသူများတို့က အစုအဖွဲ့အလိုက် လာရောက်လေ့လာ လည်ပတ်ကြကြောင်း သိရသည်။
သက်ဦး(သထုံ)
